တစ်ပတ်အတွင်း အခြေခံစားကုန်ဈေးကွက်

 

ရန်ကုန်   ဩဂုတ်   ၁၈


ယခုသီတင်းပတ်တွင်  ဘုရင့်နောင်ကုန်စည်ဈေးကွက်အတွင်း ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ၊ အာလူးတို့ ဈေးနှုန်းအနည်းငယ် မြင့်တက် လာခဲ့ပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ငရုတ်၊ သကြားတို့ ဈေးနှုန်းကျဆင်းလာသည်။ သကြားတစ်ပိဿာ ကျပ်၂၂၄၀ မှ ကျပ် ၂၂၀၀ သို့ ဈေးကျလာသည်။

 

ဆန်


ဆန်ဈေးကွက်အတွင်း အချောဈေးများတန့်နေပြီး ဆန်ကြမ်းဈေး အနည်းငယ်မြင့်တက်လာသည်။ ဩဂုတ် ၁၇ ရက် ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် လက်ကားဈေး ကျပ် ၉၀၀၀၀၊ ပုသိမ်/မြောင်းမြပေါ်ဆန်း တစ်အိတ် ကျပ် ၆၅၀၀၀၊ ဖျာပုံပေါ်ဆန်း တစ်အိတ်  ကျပ်၆၀၀၀၀၊ ပေါ်ကျွဲ တစ်အိတ် ကျပ် ၅၀၀၀၀၊   ရက်  ၉၀  ဆန်  ကျပ် ၄၀၀၀၀၊ သီးထပ် တစ်အိတ် ကျပ် ၃၉၀၀၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ပြုလုပ်သည်ကို မြင်တွေ့ရသည်။

 


ကုလားပဲ၊ မတ်ပဲနှင့် ပဲစင်းငုံနီ


ကုလားပဲခြမ်း လက်ကားတစ်ပိဿာ ကျပ် ၃၅၀၀-၃၆၀၀ နှုန်းမှ ဩဂုတ် ၁၇ ရက်တွင် ကျပ် ၄၀၀၀-၄၂၀၀ နှုန်းသို့    ဈေးမြင့်တက် လာသည်။ ဩဂုတ် ၁၇ ရက်တွင် မတ်ပဲ FAQ/RC    တစ်တန် ကျပ် ၁၇၈၆၀၀၀၊ SQ/RC တစ်တန် ကျပ် ၂၀၈၆၀၀၀၊ ပဲစင်းငုံနီ Red/RC တစ်တန် ကျပ် ၁၉၄၀၀၀၀ ဖြစ်လာသည့်အတွက်    မတ်ပဲနှင့်   ပဲစင်းငုံ လည်း ဈေးနှုန်းကျဆင်းလာသည်။
စားဖိုဆောင်သီးနှံ


ယခုအပတ်  ဩဂုတ် ၁၆၊ ၁၇ ရက်တွင် ဆိပ်ဖြူကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၁၉၀၀-၂၅၀၀၊ မုံရွာ ကျပ်၂၁၀၀-၂၆၅၀ ဈေးရှိသည်။ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၂၂၀၀-၃၇၀၀ ရှိပြီး ကြူကုတ် ကြက်သွန်ဖြူမှာ မူလက တစ်ပိဿာ ကျပ် ၃၄၀၀ မှ ယခုအခါ ကျပ် ၄၁၀၀ သို့ မြင့်တက်လာခဲ့သည်။ အာလူးဈေးနှုန်းများလည်း မြင့်တက် နေဆဲရှိရာ ဩဂုတ် ၁၇ ရက်တွင် ရှမ်းအောင်ပန်းအာလူး တစ်ပိဿာ ကျပ် ၁၂၀၀-၂၁၅၀  နှုန်း၊ တရုတ်အာလူး တစ်ပိဿာ  ကျပ် ၂၄၀၀ နှုန်း ရှိသည်။

 


ပြီးခဲ့သည့်အပတ်က တစ်ပိဿာ ကျပ် ၁၉၀၀၀ အထိ မြင့်တက် ခဲ့သည့် ငရုတ်မှာ ယခုအပတ်တွင်မူ ဈေးပြန်ကျလာခဲ့ပြီး  မိုးထောင် ငရုတ် (အအေးခန်းထုတ်) တစ်ပိဿာ ကျပ် ၁၇၀၀၀၊  ပန်းရဲငရုတ် (အအေးခန်းထုတ်) တစ်ပိဿာ ကျပ် ၁၆၀၀၀၊    စိမ်းစားငရုတ်ပွ တစ်ပိဿာ ကျပ် ၁၅၅၀၀ သို့ ဈေးကျဆင်းလာခဲ့သည်။

 


စားအုန်းဆီ


ဩဂုတ် ၁၅ ရက်မှ ၂၁ ရက်အထိ ရန်ကုန်အထိုင် လက်ကားအခြေခံ ရည်ညွှန်းဈေးအရ စားအုန်းဆီတစ်ပိဿာ ကျပ် ၄၁၄၀ နှုန်းရှိလာရာ လဆန်းနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ် ၆၀၀ ကျော်မြင့်တက် လာခဲ့ခြင်းဖြစ်သည်။ ပြင်ပဈေးကွက်၌ အလှယ်လက်ငင်း လက်ကား ဈေးမှာ တစ်ပိဿာ ကျပ်တစ်သောင်းဈေးသို့ မြင့်တက်လာခဲ့သည်။ 


အောင်ခင်နိုင်