
နေပြည်တော် အောက်တိုဘာ ၁၀
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (၂) တွင် နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။
ထိုအခမ်းအနား၌ ပြည်နယ် (၇) ခုမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများက တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာအကအလှများ ဖြင့် ကပြဖျော်ဖြေကြမည်ဖြစ်ရာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသား ယဉ်ကျေးမှု အကအဖွဲ့များသည် အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက် တို့တွင် နေပြည်တော်သို့ ရောက်ရှိ ကြရာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက တိုင်းရင်း သား ယဉ်ကျေးမှုအကအဖွဲ့များ အား တွေ့ဆုံနှုတ်ဆက်ပြီး စာပေ နှင့် ယဉ်ကျေးမှုမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တစ်ဖွဲ့လျှင် ငွေကျပ် ၁၀ သိန်းစီ ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တိုင်းရင်းသား ယဉ်ကျေးမှု အကအဖွဲ့များ၏ ကျန်းမာရေး ကိစ္စရပ်များအတွက် ဆေးပေးခန်း၊ လိုအပ်သည့် ဆေးဝါးများ ထားရှိမှုအခြေအနေ များနှင့် ဧည့်ခံကျွေးမွေးမည့် စားရိပ်သာအတွင်း အစား အသောက်များ သန့်ရှင်းသပ်ရပ် စွာ ပြင်ဆင်ထားရှိမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်