
တစ်နေ့တခြား ကူးစက်ဖြစ်ပွားမှု များပြားလာသည့် ကိုဗစ်-၁၉ ကို
ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
===========================================================
နေပြည်တော် စက်တင်ဘာ ၉
တစ်နေ့တခြား ကူးစက်ဖြစ်ပွားမှုများပြားလာသည့် ကိုဗစ်-၁၉ ကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံ များမှ ဆေးပညာအထူးကုဆရာဝန်ကြီးများ၊ ရခိုင်ပြည်နယ် သို့ ရောက်ရှိနေသော ဗဟိုကွင်းဆင်းအဖွဲ့များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
အထူးကြပ်မတ်ဆောင်ရွက်
အစည်းအဝေးတွင် လက်ရှိ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွား မှု များပြားနေသော ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များ၏ အခြေအနေ များအား ခြုံငုံဆန်းစစ်သုံးသပ်မှုများနှင့် လက်ရှိ ဆေးရုံ အသီးသီးတွင် ကုသမှုခံယူနေသော ကိုဗစ်-၁၉ လူနာများ၏ အခြေအနေများအား တင်ပြခြင်း၊ ရန်ကုန်တိုင်းဒေသကြီး တွင် တွေ့ရှိရသော လူနာသစ်များနှင့် ထိတွေ့ခဲ့သူများအား အသွားအလာ ကန့်သတ်ထားရှိရန်နေရာများ လိုအပ်နေမှု ကို တင်ပြခြင်း၊ COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် လူနာဆောင်များ ထပ်မံတိုးချဲ့နေမှုနှင့် ဆရာဝန်၊ သူနာပြု၊ အထောက်အကူပြုပညာရှင်များနှင့် ပံ့ပိုးကူညီဆောင်ရွက် သူများထပ်မံလိုအပ်မှုကို တင်ပြခြင်း၊ COVID-19 ကုသရေး ဌာန (ဖောင်ကြီး) တွင် လိုအပ်ပါက ယာယီဆေးရုံ (hospital tent) များ တပ်ဆင်အသုံးပြုနိုင်ရေး အဆိုပြုတင်ပြခြင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဆရာဝန် များ ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများတွင် အားဖြည့်ပါဝင် ဆောင်ရွက်နိုင်ရေးကိစ္စကို အဆိုပြုတင်ပြခြင်း၊ ရန်ကုန် တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှု ပိုမို လုပ်ဆောင်နိုင်ရေးကိစ္စရပ်များတင်ပြခြင်း၊ စက်ရုံ၊ အလုပ်ရုံ များတွင် ရောဂါကူးစက်ပြန့်ပွားနိုင်ခြေများရှိနေသည့် အတွက် ကြိုတင်ကာကွယ်ရေးနှင့် လမ်းညွှန်ချက်များ တိကျစွာလိုက်နာရန် အထူးကြပ်မတ်ဆောင်ရွက်ရန် တင်ပြ ခြင်း။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများတွင် သာမန်ရောဂါ လက္ခဏာရှိသူများ၊ ရောဂါအခံရှိသူများ၊ ရောဂါပြင်းထန် သူများ၊ ရောဂါလက္ခဏာလည်းမရှိ ရောဂါပြင်းထန်နိုင်ခြေ လည်း နည်းပါးသူများကို အုပ်စုအမျိုးအစားများခွဲခြား၍ သီးခြားထားရှိကုသရေး အဆိုပြုတင်ပြခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် အဖျားရောဂါကု ဌာနများတွင် မိမိဆန္ဒအလျောက်ပါဝင်လိုသူ ပုဂ္ဂလိက ဆရာဝန်များ၏ အင်အားကို အသုံးချနိုင်ရေးတင်ပြခြင်း၊ ရေရှည်ကာလအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်၊ ဆေးရုံနေရာအဆောက်အအုံ၊ အသွားအလာ ကန့်သတ်ရန် အဆောက်အအုံ၊ ဘဏ္ဍာငွေနှင့် အရင်းအမြစ် များ ပိုမိုလိုအပ်လာမည့် ကိစ္စရပ်များ၊ ရောဂါကူးစက် ဖြစ်ပွားမှု များပြားနေပြီး မိမိနေအိမ်တွင်သာနေထိုင်ရေး (stay at home) တိုးချဲ့ ကြေညာသင့်သည့်မြို့နယ်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထောက်အကူပြု ပညာရှင်များ၊ စေတနာ့ဝန်ထမ်းများသည် ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ ခဲ့သူများအား ထောက်လှမ်းရှာဖွေခြင်း၊ အသွားအလာ ကန့်သတ်ခြင်း၊ လူနာများအား ကုသခြင်းနှင့် ရောဂါကာကွယ် ထိန်းချုပ်ခြင်းစသည့်လုပ်ငန်းများကို လုပ်ဆောင်မှု ကာလ ကြာမြင့်လာသည်နှင့်အမျှ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ် နေမှုများ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ကြိုတင်ဝယ်ယူဖြည့်တင်း
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေသော ကိုဗစ်-၁၉ ကပ်ရောဂါကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ဆေးနှင့် ဆေးပစ္စည်း များ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေခြင်းသည် အလွန်အရေး ကြီးသည့် အချက်ဖြစ်ပါကြောင်း၊ ထိုသို့ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေနိုင်ခြင်းမရှိပါက လုပ်ငန်းများ နှောင့်နှေးသွားမည် ဖြစ်ပါကြောင်း၊ ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲအနေဖြင့် တစ်ကိုယ်ရေရောဂါကာကွယ်ရေး အသုံးအဆောင်များအပါ အဝင် ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး အတွက် ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ လက်ကျန်စာရင်းများကို နေ့စဉ်သုံးသပ်ကာ လိုအပ်သည် များ ကြိုတင်တွက်ချက် ဝယ်ယူဖြည့်တင်းထားရန် ညွှန်ကြား ထားပြီးဖြစ်ပါကြောင်း။
ထိုသို့ တွက်ချက်မှာကြားရာ၌ ပစ္စည်းများမှာယူသည့် အချိန်နှင့် ဆေးသိုလှောင်ရေးဌာနများသို့ ရောက်ရှိမည့် အချိန်တို့အကြား ကြာမြင့်ချိန်ကိုပါ မှန်းဆတွက်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် အကြောင်းအမျိုး မျိုးကြောင့် မထင်မှတ်ဘဲ ကြာမြင့်နိုင်သည့်အချိန်များကို လည်း ကြိုတင်မှန်းဆ စဉ်းစားထားရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ပစ္စည်းများအား လိုအပ်သည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ ပို့ဆောင်ခြင်းဖြင့် မပြီးသေးဘဲ အချိန်မီရောက်ရှိခြင်း ရှိ၊ မရှိကိုလည်း စောင့်ကြပ်ကြည့်ရှုရ မည်ဖြစ်ကြောင်း၊ ကုသရေးပညာရှင်များအကြား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆွေးနွေးတိုင်ပင်မှုများအား အရှိန် အဟုန်မပြတ် ဆက်လက်ဆောင်ရွက်စေလိုပြီး ကုသရေး ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များအား ချက်ချင်းဆောင်ရွက် ကြစေလိုကြောင်း၊ အခြားလိုအပ်သည့် ကိစ္စရပ်များအား ဗဟိုမှ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ မူဝါဒရေးရာနှင့် ပတ်သက် သည့် ကိစ္စရပ်များကိုသာ မိမိတို့ဗဟိုသို့ တင်ပြရန်လိုအပ် ကြောင်း။
လိုက်နာကျင့်သုံး
ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနရှိ တက္ကသိုလ်များမှ ဆရာ ဆရာမများအနေဖြင့် တက္ကသိုလ် များ ပိတ်ထားသည်ဖြစ်၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီးတို့သို့ တာဝန်ချထားကာ ပံ့ပိုး စေလိုပါကြောင်း၊ ကိုဗစ်-၁၉ လူနာများအား စေတနာ ပြည့်ဝစွာဖြင့် ကုသမှုပေးနေသော ကျန်းမာရေးဝန်ထမ်း များထံ ရောဂါကူးစက်မှုမရှိစေရေးသည် မိမိတို့အတွက် အထူးအရေးကြီးသည့် အချက်တစ်ခုဖြစ်ပါကြောင်း၊ ဆေးရုံ များ၌ ရောဂါကူးစက်မှုကာကွယ်ရေးလုပ်ငန်း လမ်းညွှန်များ ကို အလေးထား လိုက်နာကျင့်သုံးမှုရှိစေရေးအတွက် အမြဲတမ်းဆောင်ရွက်စေလိုပါကြောင်း၊ သက်ဆိုင်ရာဆေးရုံ အုပ်ကြီးများမှ လိုအပ်သည်များကို ချက်ချင်းပံ့ပိုးပေးရမည် ဖြစ်ပါကြောင်း၊ ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ခြင်း လမ်းညွှန်များကို အသွားအလာကန့်သတ်ထားရှိရာနေရာ များနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင်လည်း စနစ်တကျ မဖြစ်မနေ လိုက်နာကျင့်သုံးရမည်ဖြစ်ပါ ကြောင်း၊ ရောဂါကူးစက်ဖြစ်ပွားမှုများပြားသည့် ရခိုင် ပြည်နယ်မှ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ရောက်ရှိ နေသူများ၏ ၇၀ ရာခိုင်နှုန်းကျော်ခန့်တွင် ရောဂါလက္ခဏာ မရှိဘဲ ရောဂါပိုးရှိနေသူများ ပါဝင်နိုင်ခြေရှိနေသဖြင့် ၎င်းတို့ မှတစ်ဆင့် ထပ်ဆင့်ရောဂါကူးစက်မှု ဖြစ်ပွားခြင်းများရှိနေ နိုင်သည်ကို အထူးသတိပြုကြစေလိုပါကြောင်း။
ယခုအချိန်တွင် ကပ်ရောဂါကို ထိန်းချုပ်ရန် ဆောင်ရွက် ရာ၌ ကျန်းမာရေးရှုထောင့်မှသာမက လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး၊ ဝန်ကြီးဌာနအချင်းချင်း စုပေါင်း ဆောင်ရွက်ရေးရှုထောင့်များကပါ ချိန်ထိုးစဉ်းစားဆောင် ရွက်ကြရသည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၊ နှီးနွှယ် ဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှု အားကောင်းစွာဖြင့် လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရှိနေရခြင်းသည် ကောင်းသော လက္ခဏာတစ်ခုဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပုံမှန်ဆွေးနွေးညှိနှိုင်းခြင်း၊ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန် CDC နှင့် နောက်ဆုံးပေါ် သုတေသနတွေ့ရှိ ချက်များအပေါ်အခြေခံကာ အသွားအလာကန့်သတ်သည့် ကာလအား ၂၁ ရက်မှ ၁၄ ရက်သို့ လျှော့ချရန် ဆောင်ရွက် နေပါကြောင်း၊ ထို့ပြင် အခြားသတ်မှတ်ချက်များအားလည်း နိုင်ငံတကာတွေ့ရှိချက်များနှင့်အညီ လျှော့ချသွားမည်ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ဤကပ်ရောဂါကို အမြန်ဆုံး ထိန်းချုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြား သည်။
ထပ်မံအားဖြည့်
ယနေ့ အစည်းအဝေးတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဆရာဝန်များ ကိုဗစ်-၁၉ ကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စအား ကုသရေးဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနတို့ ချက်ချင်းညှိနှိုင်းဆောင်ရွက်ရန်၊ ဆေး၊ ဆေးပစ္စည်း၊ ကိရိယာလိုအပ်ချက်များအား ကြိုတင်တွက်ဆ ကာ ဗဟိုဝယ်ယူဖြန့်ဖြူးရေးဌာနခွဲထံ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်တောင်းယူရန်နှင့် ဆေးရုံအလိုက် ဆောင်ရွက် နိုင်သည့် အခြားလိုအပ်သည်များအား ချက်ချင်း ထပ်မံ အားဖြည့်ဆောင်ရွက်ရန်၊ စက်ရုံ၊ အလုပ်ရုံများတွင် ရောဂါ ကူးစက်ပြန့်ပွားနိုင်ခြေများရှိသဖြင့် ရောဂါကာကွယ်ရေး သတ်မှတ်ချက်များ ပြည့်မီခြင်းမရှိသည့် စက်ရုံ၊ အလုပ်ရုံ များအား ပိတ်သိမ်းခြင်းနှင့် သတ်မှတ်ချက်ပြည့်မီသော စက်ရုံ၊ အလုပ်ရုံများအားလည်း ရှောင်တခင် ကွင်းဆင်း စစ်ဆေးခြင်းများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အားဖြည့်ပူးပေါင်း ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) တွင် လိုအပ်ပါက ယာယီဆေးရုံများ တိုးချဲ့ထားရှိနိုင်ရန်အတွက် အစီအစဉ်ပြုစုကာ အမြန်ဆုံးတင်ပြရန်၊ ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများတွင် ကိုဗစ်-၁၉ လူနာနှင့် အနီးကပ် ထိတွေ့မှုအား ဆုံးဖြတ်ရာ၌ "ကိုဗစ်-၁၉ လူနာနှင့် အနီးကပ် ထိတွေ့မှု (close contact) အဓိပ္ပာယ်သတ်မှတ်ချက်"နှင့် အညီဆောင်ရွက်ရန်၊ ရန်ကုန်တိုင်းဒေသကြီးတွင် အသွား အလာ ကန့်သတ်ရန်အတွက် အားကစားနှင့်ကာယပညာ ဦးစီးဌာန သိပ္ပံကျောင်းမှ အဆောင်များ၊ အားကစားရုံများ အား အသုံးပြုနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရန်တို့ကို ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်