
နေပြည်တော် အောက်တိုဘာ ၂၄
မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၃-၂၀၂၄) ကြိမ် မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှု ဖြင့် အတိုးနှုန်းသက်သာမှုရှိသော ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်ချေးပေးလျက် ရှိရာ ၂၀၂၃ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသ ကြီး/ပြည်နယ် (၇)ခုမှ လုပ်ငန်းရှင် ၂၁ ဦးသို့ ချေးငွေ ကျပ် ၁၇၇၃ သန်း ထုတ်ချေးပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ဒုတိယအကြိမ် အဆိုပြုလွှာများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ၂၄ ရက်တွင် နိုင်ငံပိုင်သတင်းစာများမှ ထပ်မံခေါ်ယူထားပါကြောင်း၊ ချေးငွေစံသတ်မှတ်ချက် များနှင့်ကိုက်ညီသော လုပ်ငန်းရှင်များသို့ ဆီစက် လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို ဆက်လက်ထုတ်ချေး သွားမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
ဝိုင်းဝန်းအကြံပြုဆွေးနွေး
ဆက်လက်၍ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေး မှူး ဦးမင်းသူက ချေးငွေထုတ်ချေးပြီး အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စများကို လည်းကောင်း၊ အထောက်အကူပြုအဖွဲ့ ခေါင်းဆောင်များက သက်ဆိုင်ရာအဖွဲ့အလိုက် ဆောင်ရွက်နေမှုကိုလည်း ကောင်း၊ Project Management Unit ၏ စီမံကိန်း ဒါရိုက်တာက ချေးငွေအမှုတွဲများ စိစစ်ပြီးစီးမှုအခြေ အနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြကြပြီး ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI)၊ မြန်မာ နိုင်ငံဘဏ်များအသင်းတို့မှ တာဝန်ရှိသူများ တက် ရောက်ကြသည်။
ချေးငွေလျှောက်ထားနိုင်
နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးမူဝါဒ များနှင့်အညီ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှစားသုံးဆီဝယ်ယူတင်သွင်းရမှုကို လျှော့ချနိုင် ရေးတို့အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး လျက်ရှိသည့်နည်းတူ ပြည်တွင်းဆီစက်ကြီးငယ်များ ကိုလည်း လုပ်ငန်းလည်ပတ်ရန်နှင့် လုပ်ငန်းတိုးချဲ့ ရန်အတွက် နိုင်ငံတော်က မတည်ပေးသည့် ရန်ပုံငွေ ဖြင့် တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းအထိသာ ရယူသော ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေများကို စည်းမျဉ်းစည်းကမ်းများချမှတ်၍ ထုတ်ချေးပေး လျက်ရှိရာ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် အဆိုပါ လုပ်ငန်းအဖွဲ့သို့ ဆက်သွယ်၍ ချေးငွေလျှောက်ထား နိုင်ကြောင်း သိရသည်။
သတင်းစဉ်