ထုတ်ပြန်ချက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် 
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer တို့၏
တွေ့ဆုံမှုအပေါ်တွင် အထူးကိုယ်စားလှယ်မှ တစ်ဖက်သတ်ထုတ်ပြန်ချက်များသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာနှင့် ပြည်သူလူထုမှ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေခဲ့ခြင်းကြောင့် တွေ့ဆုံစဉ် ဆွေးနွေးမှုများကို ပြည့်စုံစွာဖော်ပြလိုက်ရပါသည်
 

နေပြည်တော်    ဩဂုတ်    ၁၉


၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏  မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ယခုလ ၁၇ ရက်တွင် တွေ့ဆုံဆွေးနွေ ခဲ့ပြီး တွေ့ဆုံဆွေးနွေးခဲ့မှုများနှင့်  ပတ်သက်ပြီး  ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏  မြန်မာနိုင်ငံဆိုင်ရာ  အထူးကိုယ်စားလှယ်  အနေဖြင့်  မြန်မာနိုင်ငံနှင့်ပတ်သက်၍  အပြုသဘောမဆောင်သော ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။


၂။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်တို့   တွေ့ဆုံဆွေးနွေးစဉ်   မြန်မာနိုင်ငံ နှင့် ကုလသမဂ္ဂတို့အကြား ရေရှည်လက်တွဲ ဆောင်ရွက်နိုင်ရန်အတွက် သတင်းများနှင့်ပတ်သက်ပြီး    ထိန်းထိန်းသိမ်းသိမ်း    ထုတ်ပြန် ဆောင်ရွက်ရန်အတွက် သဘောတူညီခဲ့ကြသည်။ 
၃။    ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏   မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်၏ မိတ်ဆက်ပြောကြားမှု။
မြန်မာနိုင်ငံနှင့် နှစ်ပေါင်းများစွာရင်းနှီးခဲ့ဖူးသည့် မိတ်ဆွေတစ်ဦး အနေဖြင့်  လာရောက်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် မည်ကဲ့သို့သော အကြံဉာဏ်များပေးရမည်ကို   ဖော်ဆောင်၍   ဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။   မြန်မာနိုင်ငံ၏   အရေးကိစ္စသည်  ဘက်ပေါင်းစုံမှ ပါဝင်ဆောင်ရွက်ရမည့် အရေးကိစ္စဖြစ်၍ စိန်ခေါ်မှုများစွာရှိပါသည်။ အဆိုပါစိန်ခေါ်မှုများကို        ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် မိမိအနေဖြင့်   အချက်  ၄  ချက်ဖြင့်  ဆောင်ရွက်သွားမှာဖြစ်ပါသည်။ ပထမအချက်အနေဖြင့် မိမိတို့အကြား ဆက်သွယ်ဆောင်ရွက်နေမည့် တွေ့ဆုံဆွေးနွေးမှုများကို စဉ်ဆက်မပြတ်  ဆောင်ရွက်လိုပါသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဦးတည်ချက် ၉ ရပ်ချမှတ်ဆောင်ရွက်လျက် ရှိသည်ကို မိမိအနေဖြင့် သိရှိထားပါသည်။ မိမိအနေဖြင့် ဒုတိယအချက် အဖြစ် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စများကိုလည်း ဆွေးနွေးလိုပါသည်။ နိုင်ငံရေးဦးတည်ချက် ၃ ရပ်၏ နောက်ဆုံးအချက်မှာ မြန်မာနိုင်ငံအနေဖြင့် “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး “မူ”ကို လိုက်နာကျင့်သုံးရေး”ဟူ၍ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါအချက်မှာ မိမိတို့လိုလား သည့်အချက်ဖြစ်ပြီး မိမိတို့အနေဖြင့် အခြားနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဟူသောမူဝါဒကို  လက်ခံယုံကြည်ထားပါ သည်။ မိမိအနေဖြင့်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ အကောင်အထည် ဖော်ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် Mr. Antonio  Guterres  သည်  ကုလသမဂ္ဂပဋိညာဉ်  ကို  ကာကွယ်စောင့်ရှောက်နေသော   ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ ကုလသမဂ္ဂပဋိညာဉ်တွင်   နိုင်ငံအားလုံး၏  အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ တိကျစွာပြဋ္ဌာန်းထားပါသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအား အမြဲတမ်းဖော်ပြလျက်ရှိသည်ကို  မိမိအနေဖြင့် သတိပြုမိပါသည်။ ကမ္ဘာပေါ်တွင် နောက်ထပ်ဖြစ်ပေါ်လာမည့် ပဋိပက္ခဖြစ်ပွားမှုများနှင့် အကြမ်းဖက်မှုများကို တားဆီးနိုင်ရန်ရည်ရွယ်၍ ကုလသမဂ္ဂအဖွဲ့ အစည်းကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ အဓိကအရေးကြီးဆုံးအချက်မှာ ငြိမ်းချမ်းရေးနှင့်   လုံခြုံရေးပင်ဖြစ်ပါသည်။  မြန်မာနိုင်ငံဘက်က အမြဲတမ်းထုတ်ဖော်ပြောကြားလျက်ရှိသည့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုဟူသောအချက်နှင့် ပတ်သက်၍လည်း ကုလသမဂ္ဂအနေဖြင့် နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အမြဲတမ်းအသိအမှတ်ပြု လေးစားလျက်ရှိပါသည်။


အဆွေတော်အနေဖြင့်    လက်ရှိအချိန်တွင်   မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးကဏ္ဍကို   အဓိကအခြေခံလျက်   နိုင်ငံ၏စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်ကို မိမိ အနေဖြင့်  မှတ်သားမိပါသည်။  မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိသည့် စီးပွားရေးစနစ်ကို လက်ရှိအခြေအနေနှင့်အညီ ဆောင်ရွက်သွားမည် ဟူသောအချက်ကိုလည်း   မိမိအနေဖြင့်   ကြိုဆိုလက်ခံပါသည်။ မိမိအနေဖြင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးကို မြန်မာ နိုင်ငံ၏ စီးပွားရေးအခြေအနေများ  လေ့လာနိုင်ရန်  မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါကြွယ်ဝ သည့်  နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သို့ရာတွင် အဆိုပါသယံဇာတများ သည် မြေအောက်ထဲ၌သာရှိနေပြီး မြေပေါ်မှတစ်ဆင့် စီးပွားရေးအဖြစ် မည်ကဲ့သို့ အသုံးချဆောင်ရွက်နိုင်မည့်နည်းလမ်းကို မြန်မာနိုင်ငံအနေ ဖြင့် လိုအပ်နေခြင်း ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသည်   လူ့အခွင့်အရေးဆိုင်ရာ  ကြေညာချက်စာတမ်း၌ ပထမဆုံးလက်မှတ်ရေးထိုးခဲ့သည့်    နိုင်ငံတစ်နိုင်ငံ  ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ ယင်းကဲ့သို့ ကောင်းမွန်သည့် သမိုင်းကြောင်းများ ရှိခဲ့ သည့်အတွက် မိမိအနေဖြင့် ချီးကျူးဂုဏ်ပြုလိုပါသည်။ အဆွေတော် အနေဖြင့် မြန်မာနိုင်ငံ၏အနာဂတ်ကို ပုံဖော်နိုင်စွမ်းရှိသည့် အင်အားရှိ ပြီး အဆွေတော်၏ သား၊ သမီး၊ မြေး၊ မြစ်တို့၏အနာဂတ်ကို မည်ကဲ့သို့ ပုံဖော်မည်ဆိုသည့်အချက်သည်လည်း အဆွေတော်၏ လက်အတွင်း ၌သာရှိပါသည်။ မြန်မာနိုင်ငံအား မည်ကဲ့သို့ပုံဖော်၍ မည်သည့်လမ်းစဉ် များနှင့် ဆောင်ရွက်သွားမည်ဆိုသည့်အချက်ကို အဆွေတော် ချမှတ် ထားသော ဦးတည်ချက်  ၉  ရပ်တွင်  သိသာထင်ရှားစွာ   မြင်တွေ့ရ ပါသည်။
 ကိစ္စအချို့နှင့်   ပတ်သက်၍   မိမိအနေဖြင့်  အဆွေတော်အား မေတ္တာရပ်ခံ တောင်းဆိုလိုပါသည်။ ယင်းတောင်းဆိုချက်များသည် မိမိတို့ရှေ့ဆက်သွားမည့်   အနာဂတ်လမ်းကြောင်းကို  ဆက်သွယ် ဆောင်ရွက်ပေးနိုင်မည့် အခြေခံအုတ်မြစ်များပင်ဖြစ်ပါသည်။ မိမိ၏ အကြံပြုချက်များ၊ တောင်းဆိုချက်များ၊ တင်ပြချက်များသည် မြန်မာ ပြည်သူအားလုံးပါဝင်၍ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်ဝ သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် တည်ဆောက်ရာတွင် ချိတ်ဆက် ဆောင်ရွက်ပေးနိုင်မည့် အခြေခံအုတ်မြစ်များဖြစ်လိမ့်မည်ဟု မိမိအနေ ဖြင့် မျှော်လင့်မိပါသည်။


၄။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ပြန်လည်ပြောကြေားဆွေးနွေးမှု-


အဆွေတော်နှင့် ပထမဆုံးတွေ့ဆုံဆွေးနွေးသည့်အချိန်၌ အဆွေ တော်၏  သဘောထားကို သိရှိလိုသည့်အတွက် အဆွေတော်ကို ဦးစွာ ဆွေးနွေးပြောကြားခွင့်ပြုခြင်းဖြစ်ပါသည်။ မိမိအနေဖြင့် လက်ရှိအချိန် တွင် မြန်မာနိုင်ငံအစိုးရအဖွဲ့ကို ဦးဆောင်၍ တာဝန်ယူဆောင်ရွက် နေပါသည်။   ထို့အပြင်   မိမိအနေဖြင့်   မြန်မာနိုင်ငံအား မည်ကဲ့သို့ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မည်ဆိုသည့်စိတ်ဖြင့် ဆောင် ရွက်လျက်ရှိပါသည်။ သို့ရာတွင် မိမိအနေဖြင့် မြန်မာနိုင်ငံအစိုးရအဖွဲ့ကို ဦးဆောင်၍ တာဝန်ယူဆောင်ရွက်သည့်ကာလသည် အကန့်အသတ် ရှိပါသည်။  အထက်၌  ပြောကြားခဲ့သည့်ကိစ္စရပ်များအား လာမည့် ကာလတွင်    အထွေထွေရွေးကောက်ပွဲ   ကျင်းပပြုလုပ်၍  တာဝန် ထမ်းဆောင်မည့် အစိုးရအဖွဲ့ကသာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဥပဒေကြောင်းအရပြောကြားရမည်ဆိုလျှင် မြန်မာနိုင်ငံတော်သမ္မတ အဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်တာကာလအဖြစ် တာဝန်ယူ ဆောင် ရွက်နိုင်ပါသည်။   အဆိုပါကိစ္စများသည်  ၁၀  နှစ်တာကာလအတွင်း အထွေထွေရွေးကောက်ပွဲ၌အနိုင်ရရှိမည့်  သမ္မတကသာ  အကောင် အထည်ဖော်ဆောင်ရွက်ရမည့်   လုပ်ငန်းတာဝန်များဖြစ်ပါသည်။ လက်ရှိအခြေအနေ၌ နိုင်ငံတော်အရေးပေါ် အခြေအနေကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ   တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပါသည်။ အဓိကအားဖြင့်  အဆိုပါကိစ္စများထက်  ပိုမိုအရေးကြီးသည့်ကိစ္စမှာ အဆွေတော်နှင့် မိမိတို့အကြား မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်မည် ဆိုသည့်ကိစ္စများကိုသာ   ပထမဆုံးဖြေရှင်းဆောင်ရွက်သွားမည်ဆိုလျှင် ပိုမိုကောင်းမွန်မည်ဖြစ်ပါသည်။


မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍဆိုင်ရာကိစ္စရပ်များ၌ လိုအပ်ချက် များစွာရှိပါသည်။    ဥပမာအနေဖြင့်    မြန်မာနိုင်ငံသည်  မြေပေါ် မြေအောက်သဘာဝသယံဇာတများ ပေါကြွယ်ဝပြီး အဆိုပါသဘာဝ သယံဇာတများကို တူးဖော်အသုံးပြုရန် နည်းပညာများ လိုအပ်မှု ရှိသည်ကို    အဆွေတော်အနေဖြင့်  အထက်၌ပြောကြားခဲ့ပါသည်။ အဆိုပါ မြေပေါ်မြေအောက် သဘာဝသယံဇာတများသည် တိုင်းပြည် တစ်ခုအတွက် အရန်(Reserve)သာဖြစ်ပြီး တိုင်းပြည်အတွင်းရှိ မြေ၊ ရေနှင့်   လူသားအရင်းအမြစ်များအသုံးပြု၍  တိုင်းပြည်ကို  ဖွံ့ဖြိုး တိုးတက်စေရန် မည်ကဲ့သို့ဆောင်ရွက်သွားရမည်ကို မိမိအနေဖြင့် စဉ်းစားထားပါသည်။ မြေပေါ်မြေအောက်သဘာဝသယံဇာတများကို အသုံးပြု၍    တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်  ပြုလုပ်ခြင်းထက် လူသားအရင်းအမြစ်များအသုံးပြု၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခြင်းကို   ပိုမိုစိတ်ဝင်စားသော်လည်း ဆောင်ရွက်နိုင်မှုအားနည်း နေပါသည်။   မိမိအနေဖြင့်   ပြောကြားလိုသည်မှာ  အဆွေတော်၏ ပြောကြားချက်အား   မိမိအနေဖြင့်  လက်ခံခြင်း/ လက်မခံခြင်းကို ပြောကြားလိုခြင်းမဟုတ်ပါ။ မိမိအနေဖြင့် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ အကြားကိစ္စများအား ဆွေးနွေးပြောကြားလိုပါသည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၌ လွတ်လပ်ရေးရရှိခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပါသည်။ လက်ရှိအချိန်တွင် ၇၅ နှစ် ပြည့်မြောက်တော့မည် ဖြစ်ပါသည်။ ကုလသမဂ္ဂတည်ထောင်ခြင်းနှစ် ၅၀ ရွှေရတုအထိမ်း အမှတ် အခမ်းအနားတွင်   ယခင်  ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း)   ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်ကို လိုက်နာကျင့်သုံးလျက်ရှိပါသည်။
စစ်အေးကာလအတွင်း   အနောက်အုပ်စုနှင့်   အရှေ့အုပ်စုတို့ အနေဖြင့်   ပဋိပက္ခများဖြစ်ပွားခဲ့ပြီး  ကမ္ဘာကြီးတစ်ခုလုံးတွင်  မငြိမ် မသက်မှုများ ဖြစ်ပွားခဲ့ပါသည်။  မျက်မှောက်ကာလ၌လည်း ကမ္ဘာကြီး တစ်ခုလုံး မငြိမ်မသက်မှုများ  ဖြစ်ပွားနိုင်သည့်အခြေအနေ ရှိနေပါ သည်။ ယင်းအခြေအနေကို ရှောင်လွှဲနိုင်ရေးသည် အရေးကြီးသည်ဟု မိမိအနေဖြင့် ထင်မြင်ယူဆမိပါသည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိ အချိန်အထိ ကုလသမဂ္ဂပဋိညာဉ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းမရှိပါ။ ကုလသမဂ္ဂအနေဖြင့်    အဖွဲ့ဝင်နိုင်ငံများအပေါ်   ချမှတ်ထားသည့် ပဋိညာဉ်နှင့်အညီ   ထိတွေ့ဆက်ဆံဆောင်ရွက်သွားရန်  လိုအပ်ပါ သည်။ ယင်းကဲ့သို့ ထိတွေ့ဆက်ဆံဆောင်ရွက်မှသာ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ကုလသမဂ္ဂအပေါ် ယုံကြည်မှု ရှိလာမည်ဖြစ်ပါသည်။ မြန်မာ နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကုလသမဂ္ဂ၏ အရိပ်အာဝါသကြောင့် အေးမြသည့်အရသာကို လိုလားတောင့်တနေသည့် နိုင်ငံများဖြစ်ပါ သည်။ အဆိုပါကိစ္စသည် အရေးကြီးသည့် လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ အဓိကအားဖြင့် ကုလသမဂ္ဂသည် ဒုက္ခရောက်နေသည့်၊ အခက်အခဲ ရှိနေသည့်၊ လိုအပ်ချက်များရှိနေသည့် နယ်ပယ်များတွင် အကူအညီ ပေးအပ်ခြင်းများ ပြုလုပ်ရသည်ဟု မိမိတို့အနေဖြင့် နားလည်သဘော ပေါက်ထားပါသည်။      ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် ကုလသမဂ္ဂပဋိညာဉ်ကို   လိုက်နာစောင့်ထိန်းသူတစ်ဦး ဖြစ်သည်ဟု အဆွေတော်အနေဖြင့် အထက်၌ဆွေးနွေးပြောကြားခဲ့ပါသည်။ မြန်မာ နိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ မြန်မာ နိုင်ငံသား ဦးသန့်သည်လည်း ကုလသမဂ္ဂတွင်အတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မိမိအနေဖြင့် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်အဖြစ်    တာဝန်ထမ်းဆောင်ခဲ့သူများအနက်   Mr.  Kofi Annan နှင့်သာ သိကျွမ်းပြီး  ၎င်းနှင့်  ၃  ကြိမ် ဆွေးနွေးခဲ့ဖူးပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည်  ကမ္ဘာ့နိုင်ငံများ၏ ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပုဂ္ဂိုလ်မျိုးဖြစ်ရန် လိုအပ်ပါသည်။


မိမိအနေဖြင့် ၂၀၁၁ ခုနှစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၁ နှစ်ခန့် ကြာမြင့် ပြီဖြစ်ပါ သည်။ အဆိုပါ ကာလအတွင်း ကြုံတွေ့ခဲ့ရသည့်အတွေ့အကြုံများ၊ အရာရှိကြီးအဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်တွင်  ကြုံတွေ့ခဲ့  ရသည့်   အတွေ့အကြုံများအရ   မြန်မာနိုင်ငံအပေါ်  ကုလသမဂ္ဂ၏ ပြောကြားချက်များသည် တစ်ဖက်သတ်ပြောကြားချက်များ ဖြစ်နေ သည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအတွက် စိတ်မကောင်းဖွယ်ရာ ကိစ္စများပင်ဖြစ်ပါသည်။ အဆွေတော်အနေဖြင့် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်သည့်အချိန်တွင် အဆိုပါကိစ္စကို မည်ကဲ့သို့ကျော်လွှားမည် ဟူသည့်အချက်ကို  ဦးစွာဖြေရှင်းရန်  လိုအပ်မည်ဟု  မိမိအနေဖြင့် ထင်မြင်ယူဆမိပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်တာဝန်ပေးခြင်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ကုလသမဂ္ဂ နှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးကောင်းမွန်စေလိုသည့်အတွက် အပြုသဘောဆောင်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဆက်ဆံဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါ သည်။ မိမိအနေဖြင့် အဆွေတော်အပေါ် ပုဂ္ဂိုလ်ရေးအရ မည်သည့် ခံစားချက်မျှမရှိပါ။ မိမိအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက် လိုသည့်အတွက် ယခုကဲ့သို့ အဆွေတော်နှင့်တွေ့ဆုံရန် သဘောတူ ခဲ့ခြင်းဖြစ်ပါသည်။   အခက်အခဲများစွာရှိသော်လည်း  အဆွေတော် မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်နိုင်စေရန် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါ သည်။ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ဝင်ရောက်မစွက်ဖက် ဟု အဆွေတော်အနေဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ သည်  ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး  ၅  ရပ်နှင့်အညီ ကျင့်သုံးနေထိုင်သည့်  နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။  မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင်လည်း ယင်းကဲ့သို့ တိကျစွာ ပြဋ္ဌာန်းထားပါ သည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်အနက် နိုင်ငံ တစ်နိုင်ငံနှင့်တစ်နိုင်ငံ   ပြည်တွင်းရေးကိစ္စရပ်များတွင်  ဝင်ရောက် စွက်ဖက်ခြင်းမပြု၊   နိုင်ငံတစ်နိုင်ငံပိုင်နက်နယ်မြေ တည်တံ့ရေးနှင့် အချုပ်အခြာအာဏာကို  အခြားတစ်နိုင်ငံက  လေးစားရန် စသည့် အချက်များ ပါဝင်ပါသည်။


ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်)အရ  မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်က တာဝန် ယူခဲ့ရပါသည်။     မြန်မာနိုင်ငံကို   တရားဥပဒေလမ်းကြောင်းအပေါ် လျှောက်လှမ်းနိုင်ရေး        ပြန်လည်ဆောင်ရွက်နေသည့်အချိန်၌ ကုလသမဂ္ဂအနေဖြင့်       မိမိတို့၏     လုပ်ဆောင်ချက်များအပေါ် အသိအမှတ်မပြုသည်ကို    တွေ့ရှိရပါသည်။   ကုလသမဂ္ဂအနေဖြင့် မည်သည့်အတွက်ကြောင့်   အသိအမှတ်မပြုခြင်းနှင့်  ပတ်သက်၍ မေးခွန်းများရှိလာပါသည်။ ကုလသမဂ္ဂအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို  ဝင်ရောက်စွက်ဖက်ခြင်းမပြုဟု  ပြောကြားလျက် ရှိသော်လည်း မည်သည့်အတွက်ကြောင့် မိမိတို့၏ လုပ်ဆောင်ချက် များအပေါ် အသိအမှတ်မပြုသည့်အခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ် သည်ကို သိရှိလိုပါသည်။ အဆွေတော်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်တွင် စင်ကာပူလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ခရီးစဉ် လာရောက်ခဲ့သည်ကို တွေ့မြင်ခဲ့ရပါသည်။ မြန်မာနိုင်ငံသည် အချုပ် အခြာအာဏာပိုင်အစိုးရတစ်ရပ်ဖြင့် တည်ငြိမ်နေသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက်ကြောင့် စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်သည် မြန်မာနိုင်ငံတွင် ဆင်းသက်ခြင်းဖြစ်ပါသည်။ ယင်းကဲ့သို့ အခြေအနေ မဟုတ်ပါက စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်သည် မြန်မာနိုင်ငံ တွင်   ဆင်းသက်မည်မဟုတ်ပါ။   မြန်မာနိုင်ငံတွင်   စီးပွားရေးအရ ဆောင်ရွက်နေသည့် လေကြောင်းလိုင်း ၁၆ ခု ပြေးဆွဲလျက်ရှိပါသည်။ အဆွေတော်အနေဖြင့်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၃ နာရီ ခန့်စောင့်ဆိုင်း၍ ညနေပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လာရောက်ခဲ့ပါသည်။ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လာရောက်မည့်အချိန်ကာလတွင် အဆွေတော်အနေဖြင့် ရန်ကုန် မြို့ကို လှည့်ပတ်ကြည့်ရှု၍ ရန်ကုန်မြို့မှ နေပြည်တော်သို့ မော်တော် ယာဉ်ဖြင့် လာမည်ဆိုလျှင် မြန်မာနိုင်ငံ၏ အခြေအနေကို ပိုမိုသိရှိမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အခြေအနေကို အမှန်တကယ်သိရှိအောင် ဆောင်ရွက်ပြီးမှသာ မြန်မာနိုင်ငံနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောကြား ခြင်းသည်   ပို၍ကောင်းမွန်မည်ဟု   ယူဆပါသည်။  မြန်မာနိုင်ငံ၏ အခြေအနေတည်ငြိမ်မှုရှိနေသည်ကို    ကုလသမဂ္ဂက  မြန်မာနိုင်ငံ အရေးကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိနေသည်ဟု အမျိုးမျိုး ထုတ်ပြန်ကြေညာနေခြင်းအပေါ် မိမိတို့အနေဖြင့် နားမလည်နိုင်ပါ။ မိမိတို့အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့နှင့် ပတ်သက်၍ ဥပဒေလမ်းကြောင်းဖြင့်သာ  အမှန်တကယ်ဆောင်ရွက် ပါသည်။ မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတော်၏ လိုအပ်ချက်အရ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော်လည်း     မိမိတို့အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ ဖြစ်တည်လာသည့် အစိုးရ ဖြစ်ပါသည်။   မိမိတို့အစိုးရသည်   ဥပဒေဖြင့်  လုပ်ဆောင်ရသော အဖွဲ့အစည်းဖြစ်သည့်အတွက် ကိစ္စအားလုံးကို ဥပဒေအတိုင်းသာ ဆောင်ရွက်ပါသည်။ ယင်းအချက်နှင့်ပတ်သက်၍ ကုလသမဂ္ဂအနေဖြင့် သဘောပေါက်နားလည်စေလိုပြီး ၎င်းတို့ သိရှိထားသောအချက်များ နှင့် မြန်မာနိုင်ငံ၏ မြေပြင်အခြေအနေများသည် လွန်စွာကွာခြားမှု ရှိနေသည်ကို မိမိအနေဖြင့် အသိပေးပြောကြားလိုပါသည်။ မြန်မာ နိုင်ငံတွင် ၂၀၂၁ ခုနှစ်၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခက်အခဲ များစွာ ဖြစ်ပေါ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်း၊ တတိယလှိုင်းဖြစ်ပွားခဲ့သည့်အချိန်၌ ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခဲ့ပါသည်။ အခက်အခဲ များကို  ကျော်လွှားနိုင်ရေးအတွက်   မြန်မာနိုင်ငံအစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရသည်များရှိသကဲ့သို့   တစ်ဖက်တွင်လည်း ကုလသမဂ္ဂ  စသည့်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မျှော်လင့်ခဲ့ပါသည်။ သို့ရာတွင် မည်သည့်အကူအညီမျှ ရရှိခဲ့ ခြင်းမရှိပါ “ကျန်ရစ်သူမရှိစေရ (Leave No One Behind)” ဟူသည့် ကုလသမဂ္ဂ၏ မူဝါဒအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ပင်လျှင် မြန်မာနိုင်ငံကို မည်သည့် အကူအညီမျှပေးအပ်ခဲ့ခြင်းမရှိပါ။ ယင်းကိစ္စမှာ လွန်စွာဝမ်းနည်းဖွယ် ကောင်းပါသည်။  လူသားတစ်ဦး၏ အသက်ရှင်သန်ရေးကိစ္စပင် ဖြစ်ပါ သည်။ လူသားတစ်ဦး အန္တရာယ်ကြုံတွေ့နေရချိန်၌ စစ်မက်ဖြစ်ပွား နေသော နိုင်ငံကိုပင် အကူအညီပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ အခက်အခဲ ကြုံတွေ့နေရချိန်၌  အကူအညီမပေးအပ်နိုင်စရာ အကြောင်းမရှိဟု မိမိအနေဖြင့် ထင်မြင်ယူဆပါသည်။ ကံကောင်းစွာပင် မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံများ၊   အိမ်နီးချင်းနိုင်ငံများ  အထူးသဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံကို များစွာအကူအညီ ပေးခဲ့ပါသည်။ အဆိုပါအကူအညီများကြောင့် မြန်မာနိုင်ငံသားများ၏ အသက်များစွာကို အန္တရာယ်ကင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ အာဆီယံအဖွဲ့အနေဖြင့် အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန  (AHA Centre)မှတစ်ဆင့် အနည်းငယ်ကူညီပေးခဲ့ပါသည်။   မြန်မာနိုင်ငံအနေဖြင့်  ကိုယ်တိုင် ရုန်းကန်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါသည်။    မြန်မာနိုင်ငံ၌  အကျပ် အတည်းများစွာ ကြုံတွေ့ခဲ့ရသည့်အချိန်တွင် အဆွေတော်တို့ဘက်က နိုင်ငံရေးအရ ဖိအားများပေးခဲ့ခြင်းဖြစ်ပါသည်။ အာဆီယံအနေဖြင့် လည်းကောင်း၊ ကုလသမဂ္ဂအနေဖြင့်လည်းကောင်း ဖိအားအမျိုးမျိုး ပေးခဲ့ပါသည်။ မိမိတို့ဘက်မှ ပြန်လည်တင်ပြရန် ဆောင်ရွက်ခဲ့သော် လည်း မိမိတို့ဘက်မှ  ကိုယ်စားလှယ်ကို လက်မခံခဲ့ပါ။ ကုလသမဂ္ဂ တွင် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်ထားရှိရေးကို အဆုံးအဖြတ်ပေး သည့်   Credential   Committee  နှင့် ပတ်သက်၍ အဆွေတော်တို့ အနေဖြင့် စဉ်းစားသုံးသပ်ရန် လိုအပ်မည်ဖြစ်ပါသည်။ ကုလသမဂ္ဂ နှင့်ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွင်    ပထမဆုံးဖြေရှင်းရမည့် ကိစ္စမှာ ယင်းကိစ္စဖြစ်ပါသည်။ 


မြန်မာနိုင်ငံနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို ပြောကြားလိုပါသည်။ မြန်မာနိုင်ငံကို ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်၌ လျှောက်လှမ်းနိုင်ရေးအတွက် မြန်မာ့တပ်မတော်က လုပ်ဆောင် ပေးခဲ့ခြင်းဖြစ်ပါသည်။   အခြေခံဥပဒေအား   မြန်မာ့တပ်မတော်က ရေးဆွဲပေးခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံရေးလောကတွင် ထင်ပေါ်ကျော်ကြား သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တောင်သူလယ်သမားများ၊ အလုပ်သမား များ   စသည့်အလွှာပေါင်း  ၈  လွှာမှ ပုဂ္ဂိုလ်ပေါင်း ၁,၀၀၀ ကျော်က ပါဝင်ရေးဆွဲပေးခဲ့ခြင်းဖြစ်ပါသည်။ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်၌ လျှောက်လှမ်းလျက်ရှိသည့် မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့ များစွာရှိနေပါသည်။   သို့ရာတွင်   တပ်မတော်အနေဖြင့်  အဆိုပါ လက်နက်ကိုင်အဖွဲ့များနှင့် ၎င်းတို့နှင့်ပတ်သက်သည့် ပဋိပက္ခများကို ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ခေါ်ဆောင်ဖြေရှင်း ဆောင်ရွက်နေသည့် အခြေအနေကိုမူ  အချို့နိုင်ငံများက  သိရှိခြင်း မရှိကြပါ။ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းသည့်အချိန်၌ နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ပပျောက်အောင် ဆောင်ရွက် ရမည်ဟူသောအချက်ကို   တပ်မတော်အနေဖြင့်  သိရှိသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးကို     ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်သို့     လျှောက်လှမ်းလာစေရန်နှင့်   ၎င်းတို့ကို တပ်မတော်၏ အစိတ်အပိုင်းဖြစ်သော တရားဝင်လက်နက်ကိုင်အဖွဲ့ အဖြစ် ဖွဲ့စည်းပေးရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ KNU ၊ KNPP ၊ KIA   အဖွဲ့များသည်   ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့  လိုက်ပါ လျှောက်လှမ်းလာခြင်းမရှိဘဲ   လက်နက်ကိုင်လမ်းစဉ်အတိုင်းသာ ဆက်လက်လျှောက်လှမ်းခဲ့ကြပါသည်။   လက်ရှိအချိန်တွင်  မြန်မာ့ တပ်မတော်အတွင်း၌   တပ်မတော်ကဲ့သို့   အသွင်ပြောင်း၍  တာဝန် ထမ်းဆောင်သည့် ယခင် EAO အဖွဲ့များ တပ်ရင်း ၂၀ ကျော်ရှိပါသည်။ ၎င်းတို့အနေဖြင့် မြန်မာ့တပ်မတော်နှင့်အတူ လက်တွဲဆောင်ရွက်ကာ တရားဝင်လက်နက်ကိုင်အဖွဲ့များအဖြစ်     တည်ရှိနေကြပါသည်။ အဆိုပါ   အခြေအနေနှင့်ပတ်သက်၍  မည်သူကမျှပြောကြားခဲ့ခြင်း မရှိပါ။ မြန်မာနိုင်ငံ၌ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် တို့တွင်   အထွေထွေရွေးကောက်ပွဲ  ၃  ကြိမ် ကျင်းပခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ ရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၃၂၅ မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး   ၂၀၁၅  ခုနှစ်တွင်  ကျင်းပပြုလုပ်သည့်  အထွေထွေ ရွေးကောက်ပွဲ၌ ၃၂၃ မြို့နယ်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပသည့် တတိယအကြိမ်   အထွေထွေရွေးကောက်ပွဲ၌   ၃၁၅  မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါသည်။ အထွေထွေရွေးကောက် ပွဲပြုလုပ်နိုင်သည့်နယ်မြေများ တဖြည်းဖြည်း ကျဆင်းလာသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ အမှန်စင်စစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်သည့်နယ်မြေအရေအတွက် မြင့်တက်လာရမည်ဖြစ်သော် လည်း အထွေထွေရွေးကောက်ပွဲကျင်းပနိုင်သည့် နယ်မြေအရေအတွက် လျော့နည်းလာရခြင်းမှာ     တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိဘဲ လက်နက်ကိုင်ပဋိပက္ခများနှင့်  ခြိမ်းခြောက်မှုများ  ဖြစ်ပွားနေသည့် အတွက်ကြောင့်    ဖြစ်ပါသည်။   ဒီမိုကရေစီစနစ်တွင်  အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ   လွန်စွာအရေးကြီးသည့်  အချက် တစ်ချက်ဖြစ်ပါသည်။   မဲပေးခွင့်ဆုံးရှုံးမှုများ  ဖြစ်ပေါ်နေခြင်းသည် ဒီမိုကရေစီစနစ်အတွက်   ကောင်းမွန်မှုမရှိသည့်  လက္ခဏာတစ်ရပ် ဖြစ်ပါသည်။ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတစ်ဦးတစ်ယောက်မကျန်  ဆန္ဒမဲပေးနိုင်ရေးသည်  နိုင်ငံ တစ်နိုင်ငံ၏   အစိုးရ၊   သို့မဟုတ်  တိုင်းပြည်တာဝန်ယူထားသည့် အဖွဲ့အစည်းတို့၏ တာဝန်သာဖြစ်ပါသည်။ ထို့ကြောင့် တိုင်းပြည်၌ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုရှိစေရေးကို   ဦးစားပေး (၁) အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တိုင်းပြည်၌ နိုင်ငံရေးအခြေအနေတည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်သည့်အချိန်တွင် ဒီမိုကရေစီ အရ ဆောင်ရွက်ရမည့်လမ်းစဉ်များကို ဒီမိုကရေစီအရ ဆောင်ရွက်ခြင်း မရှိဘဲ အကြမ်းဖက်လမ်းစဉ်များကို ရွေးချယ်၍ လုပ်ဆောင်ခဲ့သည့် ဖြစ်စဉ်များသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ပြီးသည့်အချိန်တွင် ပေါ်ပေါက်ခဲ့ပါသည်။ အကြမ်းဖက်လုပ်ရပ် များ လုပ်ဆောင်ခဲ့သည့်အတွက် မြန်မာနိုင်ငံ၌ တည်ငြိမ်မှုမရှိသည့် အခြေအနေမျိုး ဖြစ်ပွားခဲ့ပါသည်။ ဒီမိုကရေစီလမ်းကြောင်းအတိုင်း ဥပဒေအရ ဖြေရှင်းဆောင်ရွက်မည်ဆိုလျှင် ယခုကဲ့သို့ ပြဿနာများ ဖြစ်ပေါ်လာမည်မဟုတ်ပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့်    ဖြစ်ပွားလျက်ရှိသည့်     ပြဿနာများကြောင့်လည်းကောင်း၊ အထွေထွေရွေးကောက်ပွဲကိစ္စရပ်နှင့်စပ်လျဉ်း၍  ဖြစ်ပေါ်လာသော ငြင်းဆိုမှု(Decline)ပြုလုပ်သည့် ကိစ္စရပ်များကြောင့် လည်းကောင်း သက်ရောက်မှုရှိနေခြင်းကို စဉ်းစားသုံးသပ်ရန် လိုအပ်ပါသည်။ မြန်မာ နိုင်ငံ၌ အကြမ်းဖက်လုပ်ဆောင်လျက်ရှိသည့်ကိစ္စများ ဖြစ်ပေါ်နေသည့် ကာလများနှင့်   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ  တည်ရှိသည့် ကာလများတွင်   အထွေထွေရွေးကောက်ပွဲ  ကျင်းပနိုင်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါသည်။ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့်   မြန်မာနိုင်ငံ၌  ဖြစ်ပွားလျက်ရှိသည့်  အကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် ပြောကြားခဲ့ပါသည်။ အကြမ်းဖက် မှုကိစ္စနှင့်ပတ်သက်၍ ပြောကြားရမည်ဆိုလျှင် အကြမ်းဖက်မှုများကို မိမိတို့က ဆောင်ရွက်နေခြင်းမဟုတ်ပါ။ အစိုးရနှင့် နိုင်ငံ့ဝန်ထမ်းများ ကို အကြမ်းဖက်သမားများက လာရောက်တိုက်ခိုက်၍သာ မိမိတို့အနေ ဖြင့် ပြန်လည်ခုခံရခြင်းဖြစ်ပါသည်။ အနီးဆုံးဖြစ်စဉ်အနေဖြင့် ယနေ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ၏    အနောက်ဘက်   စစ်ကိုင်းတိုင်းဒေသကြီးရှိ   တံတားပေါ်၌ ကားတစ်စီးပေါ်ရှိ    ခရီးသည်များအား  အကြမ်းဖက်သမားများက ဓားစာခံလုပ်၍ ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ ခရီးသည်များနှင့် အဆိုပါ အကြမ်းဖက်သမားများ သေဆုံးမှုဖြစ်ပွားခဲ့ပါသည်။ ပညာရေးဝန်ထမ်း များ၊ ကျန်းမာရေးဝန်ထမ်းများကို သတ်ဖြတ်ခြင်း၊ သံဃာတော်များကို သတ်ဖြတ်ခြင်း  စသည့်အကြမ်းဖက်မှုများကိုလည်း  ပြုလုပ်ခဲ့ကြပါ သည်။ အဆိုပါအကြမ်းဖက်မှုများသည်  အထွေထွေရွေးကောက်ပွဲမှ တစ်ဆင့်    ဖြစ်ပေါ်လာသည့်ကိစ္စများ   ဖြစ်ပါသည်။  သို့ရာတွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အဆိုပါ အကြမ်းဖက်မှုကိစ္စများကို ပြောကြားခြင်းမရှိဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်မှု ကို ဒီမိုကရေစီနည်းလမ်းကျစွာ ဆောင်ရွက်ခြင်းမရှိဟူ၍ ပြောကြား လျက်ရှိပါသည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက် ရှိသည့် ကိစ္စများနှင့်ပတ်သက်၍ အခြေအနေအမှန်ကို သုံးသပ်စေလို ပါသည်။ 


၅။    ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏    အမြဲမပြတ်  တွေ့ဆုံဆွေးနွေးနိုင်ရေး ကမ်းလှမ်းချက်နှင့်   အာဆီယံ   ဘုံသဘောတူညီချက်  ၅  ရပ်အပေါ် ဆွေးနွေးပြောကြားမှု-


အခြေအနေများကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ရန် နှစ်ဦးနှစ်ဖက် အပြန်အလှန်     နားလည်ယုံကြည်မှုများ   လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် မြေပြင်အခြေအနေမှန်များကို သိရှိသုံးသပ်ပြီး သတင်းပို့ တင်ပြခြင်းသည်   ကောင်းမွန်မည်ဆိုသည့်အချက်ကို  မိမိအနေဖြင့် လက်ခံပါသည်။  ပထမတင်ပြလိုသည့်အချက်မှာ    အဆွေတော်နှင့် မိမိတို့အကြား အမြဲမပြတ် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ တိုးတက် မှုများရရှိအောင် ဆောင်ရွက်သွားရန် အဆိုပြုပြောကြားလိုပါသည်။  ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံအစိုးရအဖွဲ့ကို အသိအမှတ်ပြုမှု နှင့် မြန်မာနိုင်ငံကို ကုလသမဂ္ဂတွင်  အသိအမှတ်ပြုမည့်ကိစ္စ ဖြစ်ပါ သည်။   မြန်မာနိုင်ငံကို  တရားဝင်ကိုယ်စားပြုမှုနှင့်  မြန်မာနိုင်ငံကို အသိအမှတ်ပြုမှုအခွင့်အာဏာသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ထံတွင်မရှိပါ။ မြန်မာနိုင်ငံ၏ကိုယ်စားပြုမှုကို အသိအမှတ်ပြုနိုင် သည်မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင်သာ ရှိပါသည်။ သို့ဖြစ်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာနိုင်ငံအား ကူညီနိုင် မည့်   နည်းလမ်းပေါင်းစုံကို   ရှာဖွေလျက်ရှိပါသည်။  အာဆီယံနှင့် မြန်မာနိုင်ငံအကြား   သဘောတူညီခဲ့သည့်    ဘုံသဘောတူညီချက် ၅  ရပ်တွင်ပါဝင်သည့်   အကြမ်းဖက်မှုများ  အမြန်ဆုံးချုပ်ငြိမ်းရေး ဟူသည့် အချက်တစ်ချက်ပါဝင်ပါသည်။ အဆိုပါအချက်သည် မြန်မာ နိုင်ငံနှင့်ပတ်သက်၍ အဖြေရှာမှုများပြုလုပ်ရာတွင် အရေးကြီးသည့် အချက်တစ်ချက်ဖြစ်ပါသည်။ မိမိသည် မြန်မာနိုင်ငံတွင် နှစ်ဖက်စလုံးမှ အကြမ်းဖက်မှုများ  ပြုလုပ်နေသည်ဟူသည့်အချက်ကို  ပထမဆုံး အသိအမှတ်ပြုခဲ့သူတစ်ဦး ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဆောင်ရွက် နေသည့် မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် ပြည်သူလူထု၏ ဆန္ဒများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟူသည့် အသုံးအနှုန်းကို ပထမဆုံး သုံးနှုန်းပြောဆိုခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။ မိမိအနေဖြင့် “Myanmar Led, Myanmar Way” ဟူသည့် ဆောင်ပုဒ်ကို အသိအမှတ် ပြုပါသည်။


၆။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ အပြုသဘောဆောင်သော တုံ့ပြန်ဆွေးနွေးချက်-
အဆွေတော်အနေဖြင့် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ကာ လေ့လာမှုများ ပြုလုပ်ပြီး အခြေအနေကြည့်၍ အခြားသောပုဂ္ဂိုလ်  များနှင့်    ဆွေးနွေးပြောကြားမှုများ    ပြုလုပ်သွားမည်ဟု   အထက် တွင်    ပြောကြားခဲ့ပါသည်။  အဆွေတော်အနေဖြင့်    မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာပြီးနောက် သက်ဆိုင်ရာသို့ သတင်းပို့တင်ပြရမည် ဖြစ်ပါသည်။ ထိုသို့ သတင်းပို့တင်ပြသည့်အချိန်တွင် ၎င်းတို့ဘက်က မည်ကဲ့သို့ တုံ့ပြန်ပြီး မည်သည့်မှတ်ချက်များ ပေးအပ်မည်ဟူသည့် အချက်အပေါ်တွင်  များစွာမူတည်ပါသည်။  အဆွေတော်အနေဖြင့် မည်သည့်အချက်များကိုတွေ့ရှိကာ   သက်ဆိုင်ရာသို့  မည်ကဲ့သို့ သတင်းပို့တင်ပြသွားမည်ဟူသည့်အချက်အပေါ်လည်း    မိမိတို့ အနေဖြင့် လေ့လာကြည့်ရှုရမည်ဖြစ်ပါသည်။ မိမိတို့အကြားတွင် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိရန် လိုအပ်ပါသည်။ မိမိတို့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို  တုံ့ပြန်ရာ၌  အတတ်နိုင်ဆုံး  ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ သို့ရာတွင် မိမိတို့အား တိုက်ခိုက်လာလျှင် မဖြစ်မနေပြန်လည်တိုက်ခိုက်မှု ပြုလုပ်ရမည်ဖြစ်ပါသည်။ ထို့အပြင် ပြည်သူလူထုကို ထိခိုက်အောင် ပြုလုပ်လာလျှင် ပြန်လည်တိုက်ခိုက်မှု ပြုလုပ်သွားရမည်ဖြစ်ပါသည်။ မိမိအနေဖြင့် အာဆီယံ ဘုံသဘော တူညီချက် ၅ ရပ်နှင့်ပတ်သက်၍ လက်ရှိအချိန်အထိ ပြန်လည်ရည်ညွှန်း ပြောဆိုခြင်း(Refer) မရှိသေးပါ။ မိမိတို့ ပြောကြားနေသည့်အချက် ၅ ရပ်မှာ နိုင်ငံတော်က ကျင့်သုံးနေသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ် ဖြစ်ပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေး ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ နိုင်ငံတစ်နိုင်ငံပိုင်နက် နယ်နိမိတ် တည်တံ့ရေးနှင့်  နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက လေးစားရန်၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား ကျူးကျော်တိုက်ခိုက်ခြင်းမပြုရန်တို့သာ ပါဝင်ပါသည်။  မိမိတို့အနေ ဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်လျက်ရှိပါသည်။ အဆွေတော် လာရောက်သည့် ယခုခရီးစဉ်သည် တရားဝင်ခရီးစဉ်ဖြစ်ပြီး လက်ရှိ အဆွေတော်တည်ရှိနေသည့်နေရာသည်    နိုင်ငံတော်သမ္မတ၏ ဧည့်ခန်းမဖြစ်ပါသည်။ အဆွေတော်အနေဖြင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်သည့် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပါသည်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်  မြန်မာနိုင်ငံ၏အဆိုပြုချက်ကို လက်ခံခြင်းမရှိပါက အခြားဆန့်ကျင်ဘက်အဖွဲ့အစည်းများ၏ အဆိုပြုချက်များကိုလည်း လက်ခံခြင်း မပြုစေလိုပါ။


၇။    ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏  မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် ပြောကြားချက်-


မိမိအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ ထောက်ပြ ဆွေးနွေးနိုင်သည့်    အခွင့်အာဏာသာရှိပြီး ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။  မိမိအနေဖြင့်  ယခုကဲ့သို့ လာရောက်၍  တွေ့ဆုံဆွေးနွေးခြင်းသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မှာကြားချက်များကို အဆွေတော် ထံသို့ လာရောက်၍ ရှင်းလင်းပြောကြားပေးခြင်းသာ ဖြစ်ပါသည်။ အဆွေတော်ကို ဆောင်ရွက်စေလိုသည့် အချက် ၂ ချက် ရှိပါသည်။ အဆိုပါအချက် ၂ ချက်မှာ မြန်မာနိုင်ငံ၏  နေရာဒေသအချို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း မပြုလုပ်ရန်နှင့် ပြည်သူလူထု နေထိုင်ရာ ရပ်ရွာများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း မပြုလုပ်ရန် ဖြစ်ပါသည်။


၈။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က  မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့်  အခြေအနေမှန်များကို တုံ့ပြန်ပြောကြားချက်-


အချက် ၂ ချက်နှင့်ပတ်သက်၍ ဆွေးနွေးလိုပါသည်။ မိမိတို့ကို လာရောက်တိုက်ခိုက်သည့် သောင်းကျန်းသူများတည်ရှိရာနေရာသို့ ပစ်မှတ်ထား၍  မိမိတို့ဘက်က တိုက်ခိုက်ခြင်းဖြစ်ပါသည်။ အဆိုပါ သောင်းကျန်းသူများက မိမိတို့ကို မတိုက်ခိုက်လျှင် မိမိတို့ကစတင်၍ တိုက်ခိုက်မည်မဟုတ်ပါ။ လက်နက်ကိုင်၍ ဆန့်ကျင်တိုက်ခိုက်ခြင်းကို မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရကမျှ လက်ခံမည် မဟုတ်ပါ။ ပြည်သူ လူထုနေထိုင်ရာ နေအိမ်များ၊ ရပ်ရွာများကို မီးရှို့သည့်ကိစ္စသည် လုံးဝမှားယွင်းသည်ဟု မိမိအနေဖြင့် ပြောကြားလိုပါသည်။ မြန်မာ့ တပ်မတော်အနေဖြင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်ပါသည်။  သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားသည့်အချိန်တွင်လည်း မိမိတို့အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ ပါသည်။  ဥပမာအနေဖြင့်  ပြောကြားရမည်ဆိုလျှင်   မြန်မာနိုင်ငံရှိ ဒုက္ခသည်များကို    နီပွန်ဖောင်ဒေးရှင်းက   ကူညီဆောင်ရွက် ပေးနေသည်များရှိပါသည်။ ထို့အပြင် အခြားအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးနေသည်များလည်းရှိပါသည်။ သာမန်အားဖြင့် စဉ်းစားကြည့်မည်ဆိုလျှင်ပင် မိမိတို့ တာဝန်ယူဆောင်ရွက်ပေးရမည့် ဒုက္ခသည်များကို မိမိတို့က ဒုက္ခရောက်စေရန် နေအိမ်များမီးရှို့ဖျက်ဆီး သည်ဟူသောအချက်မှာ မဖြစ်နိုင်သည်ကို သိရှိနိုင်ပါသည်။ ပြည်သူ လူထု၏နေအိမ်များအား မိမိတို့က  မီးရှို့ဖျက်ဆီးသည်  ဟူသော အချက်ကို မိမိအနေဖြင့် လုံးဝငြင်းဆိုပါသည်။


၉။    ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏  မြန်မာနိုင်ငံနှင့်   ကုလသမဂ္ဂတို့အကြား ဆက်လက်လက်တွဲဆောင်ရွက်နိုင်ရေးကမ်းလှမ်းပြောကြားမှု-


မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကောင်းမွန်သော သမိုင်းကြောင်းရှိခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်သော ကြောင့် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ပြန်လည်ပါဝင်နိုင်စေရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres ကလည်း ဆန္ဒရှိ ပါသည်။ မိမိအနေဖြင့် မြန်မာနိုင်ငံကို တန်ဖိုးထားလေးစားပါ သည်။ ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံတွင် အကျဉ်းသားများကို သေဒဏ်ပေးအပ်သည့်ကိစ္စနှင့်ပတ်သက်၍  ဆွေးနွေးပြောကြား လိုပါသည်။ ဖြစ်ပြီးသားကိစ္စများမှာ  ဖြစ်ပျက်ခဲ့ပြီးသောကြောင့် နောက်ထပ်သေဒဏ် ချမှတ်စီရင်သည့်ကိစ္စများကို သနားညှာတာမှု၊ လူသားချင်း စာနာထောက်ထားမှုတို့ဖြင့်ထောက်ရှု၍ ဖြေလျှော့မှုများ ကို   လုပ်ဆောင်နိုင်လိမ့်မည်ဟု  မိမိအနေဖြင့်    ယုံကြည်ပါသည်။ အဆွေတော်ကိုယ်တိုင်သည်လည်း သနားညှာတာမှုရှိသည့် ပုဂ္ဂိုလ် တစ်ဦးဖြစ်သည့်အတွက် နောက်နောင်တွင် သေဒဏ်ချမှတ်စီရင်မည့် ကိစ္စများကို   သနားညှာတာမှုရှိစွာ  ဆုံးဖြတ်ဆောင်ရွက်ပေးနိုင်လိမ့် မည်ဟု  မိမိအနေဖြင့်  မျှော်လင့်ပါသည်။  တတိယအချက်အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ    အကူအညီပေးအပ်ရေး ကိစ္စများကို မည်ကဲ့သို့ဆောင်ရွက်သွားမည်နှင့်ပတ်သက်၍ ဆွေးနွေး လိုပါသည်။  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ   အကူအညီ ပေးအပ်ရေးကိစ္စများကို Channel တစ်ခုထဲမှမဟုတ်ဘဲ  အခြား ဆက်သွယ်ဆောင်ရွက်နိုင်မည့်      လမ်းကြောင်းများစွာမှတစ်ဆင့် ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုပါသည်။ မြန်မာနိုင်ငံသို့ မလာရောက်မီ    အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏   မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Prak Sokhonn နှင့်လည်း တွေ့ဆုံခဲ့ပါသည်။ Mr.  Prak  Sokhonn  သည်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး  ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တွေ့ဆုံကာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ ပါဝင်နိုင်မည့်နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ သည်ဟု သိရှိရပါသည်။  မိမိအနေဖြင့်  မြန်မာနိုင်ငံမှ ပြန်လည် မထွက်ခွာမီ အချိန်ရရှိမည်ဆိုပါက ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်လိုပါသည်။  တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi မြန်မာနိုင်ငံသို့ လာရောက်ခဲ့ချိန်တွင်  အဆွေတော် အနေဖြင့် အားလုံးပါဝင်သော ဆွေးနွေးပွဲများနှင့်  အပြုသဘော ဆောင်သော ဆွေးနွေးပွဲများ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည် ကို မိမိအနေဖြင့် သိရှိထားပါသည်။


၁၀။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပြောကြားချက်-


အားလုံးပါဝင်နိုင်သော      တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ လုပ်ဆောင်လျက်ရှိပါသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံသကဲ့သို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  (UEC)အနေဖြင့်လည်း သက်ဆိုင်ရာနိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့ပါသည်။ ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်အနေဖြင့်လည်း  နိုင်ငံရေးပါတီများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တွေ့ဆုံဆွေးနွေးလိုပါက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်တွင်  တွေ့ဆုံနိုင်ရန်  စီစဉ်ပေးမည်ဖြစ်ပါသည်။ မိမိတို့အနေဖြင့်    အဖွဲ့အစည်းအားလုံးနှင့်    တွေ့ဆုံလိုသော်လည်း  နိုင်ငံတော်ကို    ဆန့်ကျင်လျက်ရှိသည့်အဖွဲ့များနှင့်   တွေ့ဆုံရေးနှင့်   ပတ်သက်၍ ပြောကြားရမည်ဆိုပါက ၎င်းတို့အနေဖြင့် လုပ်ဆောင် ချက်အားလုံးကို ဦးစွာရပ်ဆိုင်း၍ တရားဝင်တွေ့ဆုံမှုပြုလုပ်ရန် လိုအပ်ပါသည်။ ယင်းကဲ့သို့မဟုတ်ဘဲ လမ်းဘေးတွင် စကားပြောသည့် ပုံစံမျိုးဖြင့် ပြောဆို၍မရပါ။ Gentlemen’s Agreement ကိုလည်း ပြုလုပ်ရန် လိုအပ်ပါသည်။ မိမိအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် ဖိတ်ခေါ်ခဲ့ပါသည်။ လက်ရှိအချိန်၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ လာမည့် ရက်သတ္တပတ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်  ဒုတိယအကြိမ် ပြန်လည်တွေ့ဆုံဆွေးနွေးမည်ဖြစ်ပါသည်။ ထို့အပြင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် တတိယအကြိမ်  ပြန်လည်တွေ့ဆုံဆွေးနွေးမည် ဖြစ်ပါသည်။ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပါသည်။ တရားဝင်ဖြစ်သည့်နိုင်ငံရေးပါတီများနှင့် အချိန်မရွေး တွေ့ဆုံနိုင်သော် လည်း နိုင်ငံတော်ကိုဆန့်ကျင်၍ အကြမ်းဖက်တိုက်ခိုက်နေသူများနှင့် ဆွေးနွေးသွားမည်ဆိုသည့်အချက်မှာ လုံးဝမဖြစ်နိုင်ပါ၊ အကြမ်းဖက် တိုက်ခိုက်မှုများ လုံးဝမဖြစ်စေရန် ၎င်းတို့ဘက်က ပထမဆုံးတာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။  ၎င်းတို့အနေဖြင့်  ယင်းကဲ့သို့ တာဝန်ယူဆောင်ရွက်ပေးလျှင် မိမိတို့ဘက်က တွေ့ဆုံဆွေးနွေးနိုင်မည့်လမ်းစကို ရှာဖွေပေးသွားမည်ဖြစ်ပါသည်။ သေဒဏ်ချမှတ် သည့်ကိစ္စနှင့်ပတ်သက်၍   ပြောကြားရမည်ဆိုလျှင်   မိမိတို့တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့အတွက် အာဏာရှိ သော်လည်း ဥပဒေ၏ ပြင်ပမှနေ၍ မည်သည့်ကိစ္စကိုမျှ ဆောင်ရွက်ခဲ့ ခြင်းမရှိပါ။ ၎င်းတို့အနေဖြင့် လွန်စွာဆိုးရွားသည့် ပြစ်မှုများကို ကျုးလွန်ခဲ့သောကြောင့် ယင်းကဲ့သို့ အပြစ်ပေးအရေးယူခံရခြင်းဖြစ် ပါသည်။ ၎င်းတို့အနက် အချို့မှာ လူ ၄ ၊ ၅ ၊ ၆ ဦးကို သတ်ဖြတ်ခဲ့သူများ ဖြစ်ပါသည်။   အဆွေတော်အနေဖြင့်  အဆွေတော်၏   မိတ်ဆွေ သားချင်းများ အသတ်ခံရလျှင် မည်ကဲ့သို့ ခံစားရမည်ကို မေးမြန်းလိုပါ သည်။ ထိုက်သင့်သောအရေးယူမှုများကို ပြုလုပ်ရမည်ဖြစ်ပြီး၊  နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးအရ  ယင်းကဲ့သို့  အပြစ်ပေး  ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ 


၁၁။    ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ကလေးသူငယ်များ အရေးယူဆောင်ရွက်မှုနှင့် ပတ်သက်၍ ပြောကြားချက်-


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres အနေဖြင့် မြန်မာနိုင်ငံကို ကူညီ‌ပေးနိုင်မည့်နည်းလမ်းအားရှာဖွေ၍ မြန်မာနိုင်ငံ ကို နိုင်ငံတကာအသိုက်အဝန်းသို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်ရန် စိတ်အားထက်သန်လျက်ရှိပါသည်။  မြန်မာနိုင်ငံအနေဖြင့်  ဖမ်းဆီး ထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေး မည်ဆိုလျှင် နိုင်ငံတကာ၏ မြန်မာနိုင်ငံအပေါ် ယုံကြည်မှုများ ပိုမို မြင့်တက်လာမည်ဖြစ်ပါသည်။ ယင်းကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးရန်မှာ ခက်ခဲသည့်ကိစ္စတစ်ခုဖြစ်သည်ကိုလည်း မိမိအနေဖြင့် သိရှိထားပါသည်။ ထို့အပြင် မြန်မာနိုင်ငံက ဖမ်းဆီး ထိန်းသိမ်းထားသည့် ဩစတြေးလျ စီးပွားရေးပညာရှင် Mr. Sean Turnell ကို ပြန်လွှတ်ပေးမည်ဆိုလျှင် မြန်မာနိုင်ငံနှင့် ဩစတြေးလျ နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုကို ဖော်ညွှန်းပြသနိုင် သည့် အခြေအနေတစ်ခုဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ အဆွေတော် အနေဖြင့် ကလေးငယ်များ၏ ပညာရေးနှင့်ပတ်သက်၍ ဦးစားပေး ဆောင်ရွက်သည်ကိုလည်း မိမိအနေဖြင့်သိရှိထားပါသည်။ သို့ဖြစ်၍ အကျဉ်းထောင်အတွင်း၌ ဖမ်းဆီးထိန်းသိမ်းထားသည့် ကလေးငယ် များရှိပါက ပြန်လည်လွှတ်ပေးရန် မိမိအနေဖြင့် မေတ္တာရပ်ခံ လိုပါ သည်။


၁၂။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အရေးယူ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဥပဒေများနှင့်အညီ ဆောင်ရွက်နေမှုအား တုံ့ပြန်ပြောကြားမှု-


ကလေးငယ်များနှင့်ပတ်သက်၍ ဆွေးနွေးရမည်ဆိုလျှင် မိမိတို့ အရေးယူဖမ်းဆီးထိန်းသိမ်းထားသည့် ကလေးငယ်များ၌ အသက် ၁၆ နှစ်၊ ၁၇ နှစ် အရွယ် လူငယ်အနည်းစုပါဝင်ပါသည်။ ၎င်းတို့နှင့် ပတ်သက်၍လည်း မိမိတို့အနေဖြင့် အသက်ညှာဆုံး  အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။ Mr. Sean Turnell ကိစ္စတွင်လည်း ဩစတြေးလျနိုင်ငံအစိုးရအနေဖြင့်      အပြုသဘောဆောင်သည့်  လုပ်ဆောင်ချက်များဆောင်ရွက်မည်ဆိုလျှင် မိမိတို့အနေဖြင့် အဆိုပါကိစ္စ နှင့် ပတ်သက်၍ တင်းမာစွာဆောင်ရွက်ရမည့်အခြေအနေမျိုးမရှိပါ။  Mr. Sean Turnell ကိစ္စနှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိရသည့် အချက်အလက်များမှာ ၎င်းအား ကြီးလေးသောပြစ်ဒဏ်ချမှတ်နိုင်သည့် သက်သေအထောက်အထားများဖြစ်ပါသည်။  မြန်မာနိုင်ငံ၌ အကြမ်းဖက်သမားများ၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့ပြည်သူ ၃,၅၀၀ ဦးခန့် သေဆုံးခဲ့ရပါသည်။ အဆိုပါသေဆုံး သူများမှာ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ခြင်းမရှိဘဲ သတ်ဖြတ်ခံခဲ့ရသူများဖြစ်ပါသည်။အပြစ်မဲ့ပြည်သူများသေဆုံးမှုတွင် ကျောင်းဆရာ၊ ဆရာမ ၄၈ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၂ ဦး၊ သံဃာတော် ၅၃ ပါး၊ သီလရှင် ၁ ပါးနှင့် ကလေးသူငယ် ၈၂ ဦးပါဝင်ပါသည်။ အဆိုပါသေဆုံး သူများ၏ မိဘများ၊ ဆွေမျိုးသားချင်းများကို မိမိတို့အနေဖြင့် မည်ကဲ့သို့ နှစ်သိမ့်ပေးရမည်ကို သိရှိလိုပါသည်။  
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်  Mr.  Antonio  Guterres  သည် ကမ္ဘာတစ်ဝန်းလုံးကို ကိုယ်စားပြုသူတစ်ဦးဖြစ်သကဲ့သို့ မိမိသည် လည်း မြန်မာနိုင်ငံကို ကိုယ်စားပြုသူတစ်ဦးဖြစ်ပါသည်။ သို့ဖြစ်၍ မိမိအနေဖြင့် မြန်မာနိုင်ငံ၌ တည်ငြိမ်အေးချမ်းမှုရရှိရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးတို့နှင့် ပတ်သက်၍ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


၁၃။    ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏   မြန်မာနိုင်ငံ ဆိုင်ရာ     အထူးကိုယ်စားလှယ်၏     ဘင်္ဂါလီကိစ္စနှင့်ပတ်သက်၍  ဆွေးနွေးချက်


ပဉ္စမမြောက်အချက်အဖြစ် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အကြား ဖြစ်ပွားလျက်ရှိသည့်ကိစ္စရပ်ကို ဆွေးနွေးလိုပါသည်။ မိမိ အနေဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဆက်လက်သွားရောက်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ ဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးလိုပါသည်။   လက်ရှိ အချိန်တွင် မြန်မာနိုင်ငံအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့အကြား သဘောတူညီမှုများပြုလုပ်၍ ဒုက္ခသည်များ နေရပ်ပြန်လာနိုင်ရေး အတွက် ဆောင်ရွက်နေသည့် ကိစ္စများရှိသည်ဟု သိရှိထားပြီး Pilot Project  အနေဖြင့်   ဒုက္ခသည်ဦးရေ  ၁,၀၀၀   ကျော်ကိုနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်ဟု သိရှိထားပါသည်။   ရခိုင် ပြည်နယ်သို့ ဒုက္ခသည်များ လုံခြုံဘေးကင်းစွာ ပြန်လာနိုင်ရေးနှင့် ၎င်းတို့၏  ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  မည်ကဲ့သို့   စီစဉ် ဆောင်ရွက်သွားနိုင်မည်ဟူသည့်   ကိစ္စနှင့်ပတ်သက်၍  ဆွေးနွေး ပြောကြားလိုပါသည်။ (မှတ်ချက် - ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏  မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အနေဖြင့် ၎င်းကိစ္စအား ဆွေးနွေးရာတွင် ရိုဟင်ဂျာဟူ၍ ပြောဆိုသုံးနှုန်းခဲ့ခြင်း မရှိကြောင်း တွေ့ရှိရသည်။) 


၁၄။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဘင်္ဂါလီကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံ  သဘောတူညီချက်များ၊ ဥပဒေများနှင့်အညီ ဆောင်ရွက်နေမှုကိုရှင်းလင်းမှု-


ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဘင်္ဂါလီများကို ပြန်လည်လက်ခံ ရေးနှင့်ပတ်သက်၍ သဘောတူညီမှုရှိခဲ့ပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အဆိုပါကိစ္စနှင့် ပတ်သက်၍ ၁၉၉၂ ခုနှစ်၌ သဘော တူညီခဲ့သည့်အချက် ၄ ချက်ရှိပါသည်။ ပထမအချက်မှာ မိမိသဘော ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူများဖြစ်ရန်နှင့်  အခြား အချက်များအနေဖြင့် မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူများ၊  မြန်မာနိုင်ငံ တွင်နေထိုင်သည့်   သက်သေအထာက်အထားပြနိုင်သူများဖြစ်ရန်ဟူ၍ ဖြစ်ပါသည်။ ထို့အပြင် မိမိတို့အကြား အဆိုပါသဘောတူညီချက် ၄ ချက်အား ၂၀၁၇ ခုနှစ်တွင် အချက် ၁ ချက် ထပ်မံတိုး၍ သဘော တူညီမှုကို  ပြုလုပ်ခဲ့ပါသည်။  ယင်းထပ်တိုးအချက်မှာ  မွေးဖွားခဲ့ သူများအနေဖြင့်  တရားရုံးမှ  ထောက်ခံချက်များ   ပါရှိရန်ဟူ၍ ဖြစ်ပါသည်။ မိမိတို့အနေဖြင့်        ၎င်းတို့ကို       ပြန်လည်လက်ခံပေးမည်ဟု ပြောကြားခဲ့ပါသည်။ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခဲ့ခြင်းမရှိပါ။ ဒုက္ခသည်များစာရင်းနှင့်   ပတ်သက်၍  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့     တောင်းခံခဲ့ရာတွင်     နှစ်နိုင်ငံအကြား သဘောတူညီထားသည့်ပုံစံအတိုင်း    ပေးအပ်ခြင်းမရှိဘဲ   ၎င်းတို့ ပေးအပ်လိုသည့်ပုံစံဖြင့်သာ       စာရင်းများပေးအပ်လာသည့်အတွက် မိမိတို့အနေဖြင့်   ဆက်လက်စစ်ဆေးဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။  မြန်မာနိုင်ငံ၌ လူဦးရေ ၅၅ သန်းခန့်ရှိပြီး ၅ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာဝင်များဖြစ်ကြပါသည်။   မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာ နှင့်ပတ်သက်၍ မည်သည့် ပြဿနာတစ်စုံတစ်ရာမျှ ဖြစ်ပွားခဲ့ခြင်း မရှိပါ။ ယင်းကိစ္စနှင့်ပတ်သက်၍ အဆွေတော်အနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့   သွားရောက်၍   ဆွေးနွေးမှုများပြုလုပ်နိုင်သည့်အပြင် မိမိတို့အနေဖြင့်လည်း   ယင်းကိစ္စရပ်အားအချိန်မရွေး   ပြန်လည် ဆွေးနွေးပေးရန် အသင့်ရှိပါသည်။ မိမိတို့ဘက်က အကြိမ်ကြိမ်ဖိတ်ခေါ် ခဲ့သော်လည်း ၎င်းတို့အနေဖြင့် အကြောင်းအမျိုးမျိုးပြ၍ ဆက်လက် ဆောင်ရွက်ခြင်းမရှိခဲ့ခြင်းဖြစ်ပြီး အဓိကပြဿနာရပ်မှာ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားမဟုတ်သော ဘင်္ဂါလီလူမျိုးများသာဖြစ်သော် လည်း ၎င်းတို့ဘက်က ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာဟူ၍ အမည်တပ် ကာ ဆောင်ရွက်နေခြင်းကို မိမိတို့အနေဖြင့် လုံးဝလက်ခံနိုင်မှုမရှိခြင်း ပင် ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော ဒုက္ခသည် များကို မြန်မာနိုင်ငံ၏ဥပဒေအရ ပြန်လည်စိစစ်လက်ခံပေးသွားမည် ဖြစ်ပြီး   ဥပဒေအရဆောင်ရွက်ခြင်းမရှိဘဲ  နိုင်ငံတကာမှတစ်ဆင့် တောင်းဆို၍ လုပ်ဆောင်ခြင်းကို  လက်ခံနိုင်ခြင်း  မရှိပါ။  မိမိတို့ အနေဖြင့် ဘင်္ဂါလီများကို လုံးဝလက်ခံနိုင်ခြင်းမရှိဟု ပြောကြားနေခြင်း မဟုတ်ဘဲ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် တရားဝင် နေထိုင်ခဲ့သည့် အထောက်အထားပြသနိုင်မည်ဆိုလျှင် လက်ခံပေးသွားမည်ဖြစ်ပါ သည်။  အဆိုပါကိစ္စနှင့်ပတ်သက်၍  အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့လည်း ကူညီပေးနိုင်ရေး မေတ္တာ ရပ်ခံထားပါသည်။ မြန်မာနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှအပ အခြား ၄ နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ပါ သည်။   ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်  မြန်မာနိုင်ငံ၏   အိမ်နီးချင်းနိုင်ငံ ဖြစ်ပြီး နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော  နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မိမိတို့အနေဖြင့် အိမ်နီးချင်းနိုင်ငံနှင့်ပတ်သက်၍ ရွေးချယ်ပိုင်ခွင့်မရှိပါ။ မည်သို့ပင်ဆိုစေကာမူ အပြုသဘောဆောင်သည့် ဆက်ဆံရေးဖြင့် ဆက်ဆံဆောင်ရွက်သွားရမည်ဖြစ်ပါသည်။


၁၅။    ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းနှင့် ပတ်သက်၍ဆွေးနွေးချက် -


နောက်ဆုံးအချက်အနေဖြင့်     ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်ပြစ်ဒဏ်များ   ချမှတ်ခြင်းမပြုလုပ်မီ    ၎င်း၏    နေအိမ် သို့    ပြန်လည်ပို့ဆောင်နိုင်ရေး  ကိစ္စဖြစ်ပါသည်။    မိမိအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ပြုရန် တောင်းဆိုလို ပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့်ပတ်သက်၍ သဘောထား ကွဲလွဲနေသူများအကြား ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှုမြင်ထားပါသည်။


၁၆။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နေမှုများအပေါ် ရှင်းလင်းဆွေးနွေးမှု -


ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏မိခင်နှင့်အတူ ၁၉၆၀ ပြည့်နှစ်တွင် နိုင်ငံခြားသို့ ထွက်ခွာသွားပြီး မြန်မာနိုင်ငံသို့ ပြန်လည်နေ ထိုင်ခြင်းမရှိဘဲ မိခင်ဖြစ်သူ၏ ကျန်းမာရေးအခြေအနေကြောင့်သာ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး မြန်မာနိုင်ငံ ၏  နိုင်ငံရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ မိမိ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့ဖူးပါ သည်။  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် နောက်ဆုံးအကြိမ်တွေ့ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေကြောင်းအရ မဲစာရင်းမှားယွင်းမှုများ ကို ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါသည်။ မိမိတို့ဘက်က ယင်းကဲ့သို့  တောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း  ဥပ‌ဒေကြောင်း အရ   ဖြေရှင်းဆောင်ရွက်ခြင်းမရှိသည့်အပြင် ဥပဒေနှင့်မလျော်ညီ သည့်           လုပ်ဆောင်ချက်များ         ဆောင်ရွက်ခဲ့သည့်အတွက်‌  ဒေါ်အောင်ဆန်းစုကြည်အပေါ်                    အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယင်းကိစ္စရပ်အား ဥပဒေကြောင်းအရ ဖြေရှင်းဆောင်ရွက်ခဲ့မည်ဆိုလျှင် လက်ရှိဖြစ်ပေါ်နေသည့်ကိစ္စများ   လုံးဝဖြစ်လာမည်   မဟုတ်ပါ။ ၎င်းတို့အနေဖြင့် ယင်းကိစ္စရပ်အား   ဥပဒေကြောင်းအရ  ဖြေရှင်း ဆောင်ရွက်မှု   မပြုနိုင်သည့်   အကြောင်းရင်းများစွာ   ရှိပါသည်။ ယင်းကိစ္စရပ်အား မိမိတို့အနေဖြင့် ၎င်းအား ဥပဒေနှင့် အညီသာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းအပေါ်ဥပဒေအရ တရား စီရင်မှုကိစ္စများ ပြီးဆုံးပြီးနောက်  မိမိတို့၏လုပ်ဆောင်ချက်အပေါ် တုံ့ပြန်လာမှုများကိုမူတည်၍ ၎င်းအပေါ် စဉ်းစားဆောင်ရွက်သွားမည် ဖြစ်ပါသည်။     မိမိအနေဖြင့်    ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုထက် ပိုမို        အရေးယူဆောင်ရွက်မှုများ      ပြုလုပ်နိုင်သော်လည်း သက်ညှာသောအားဖြင့်  မပြုလုပ်ခဲ့ခြင်း  ဖြစ်ပါသည်။ သို့ရာတွင် ဒီမိုကရေစီနှင့် ဒီမိုကရေစီကိုဆန့်ကျင်သည့်အရာကို ဦးစားပေးနှိုင်း ယှဉ်လာလျှင် မိမိအနေဖြင့် ဒီမိုကရေစီကိုဦးစားပေး၍ ဆောင်ရွက် မည်ဖြစ်သောကြောင့်  လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များ လုပ်ဆောင်ပြီးလျှင် မိမိအနေဖြင့် ၎င်းအပေါ် စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ပါသည်။   တရားစွဲဆိုခြင်း  ကိစ္စရပ်အား   ဥပမာအနေဖြင့် ပြောကြားရမည်ဆိုလျှင် မလေးရှားနိုင်ငံ  ဝန်ကြီးချုပ်ဟောင်း Mr. Najib Razak ကို   တရားရုံးမှ ဆုံးဖြတ်ချက်  ချမှတ်ခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း Ms. Park Geun-hye ကိုလည်း ဥပဒေအရလုပ်ဆောင်ခဲ့ပါသည်။ ၎င်းတို့သည် နိုင်ငံရေးသမားများ ဖြစ်သည့်အပြင် ဥပဒေကိုနားလည်သဘောပေါက်၍ လိုက်နာရသည့် သူများဖြစ်သောကြောင့် ဥပဒေအရ ရင်ဆိုင်၍ ပြန်လည်ဖြေရှင်းရန် တာဝန်ရှိပါသည်။  အလားတူ  မိမိတို့အနေဖြင့်လည်း   ဥပဒေအရ လုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်ပါသည်။    သို့ဖြစ်၍      မိမိတို့အနေဖြင့် အဆိုပါကိစ္စများကို ဥပဒေအရ စဉ်းစားဆောင်ရွက်၍ လုပ်ဆောင်သွား မည်ဖြစ်ပါသည်။ ယခုအချိန်တွင် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင် သွားမည်ကိုပြောရန် အချိန်စောလွန်းသေးပါသည်။ မိမိတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အထူးအခွင့်အရေးပေး၍ နေအိမ်ကဲ့သို့ ထားရှိကာ ဆောင်ရွက်ပေးထားပါသည်။  အဆွေတော်ပြသသည့် The Charter Of The United Nations စာအုပ်သည် မိမိထံတွင် လည်းရှိပြီး စိတ်ဝင်စားမှုရှိပါသည်။ သို့ရာတွင် UN Charter ဆိုသည်မှာ စာရွက်ပေါ်တွင်သာ   ရှိရမည်မဟုတ်ဘဲ  အမှန်တကယ် လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါသည်။ 


၁၇။    သီးခြားဖော်ပြချက်


ကုလသမဂ္ဂတာဝန်ရှိသူများအနေဖြင့် ၎င်းတို့မှ အများပြည်သူသို့ ထုတ်ပြန်ချက်များတွင်   အစိုးရ၏   တုံ့ပြန်ပြောကြားချက်များကို မျှတစွာထည့်သွင်းဖော်ပြရန် ကျင့်ဝတ်အရလိုအပ်သော်လည်း အထူး ကိုယ်စားလှယ်၏ (၁၇-၈-၂၀၂၂) ရက် ထုတ်ပြန်ချက်သည် ယင်းကို လိုက်နာခြင်းမရှိကြောင်း တွေ့ရှိရသည်။ ယင်းထုတ်ပြန်ချက်ကြောင့် နိုင်ငံတကာအသိုက်အဝန်းက အထင်အမြင်လွဲမှားစေနိုင်ပြီး အများ ပြည်သူက နားလည်မှုလွဲမှားစေနိုင်သည်။


အထူးကိုယ်စားလှယ်၏ သတင်းထုတ်ပြန်ချက်သည် ပြည်ပနှင့် ပြည်တွင်းရှိ    တရားမဝင်နှင့်   အကြမ်းဖက်အဖွဲ့များမှပေးပို့သော သတင်းမှားများအပေါ် အခြေခံ၍ ဆွေးနွေးတောင်းဆိုမှုများ ဖြစ်သဖြင့် မြန်မာနိုင်ငံဘက်မှ ပကတိဖြစ်ရပ်မှန်များ၊ သတင်းအချက်အလက် အထောက်အထားများ ပြည့်စုံစွာဖြင့် ပြန်လည်ရှင်းပြခဲ့ခြင်းများကို ထင်ဟပ်ဖော်ပြခြင်းမပြုဘဲ ယင်းတို့၏ တစ်ဖက်သတ် ပြောကြားမှုများ သာဖြစ်ပြီး နှစ်ဦးနှစ်ဖက်  အပြုသဘော  ပူးပေါင်းဆွေးနွေးမှုများ အပေါ် အနှောင့်အယှက်အဟန့်အတားဖြစ်စေနိုင်သဖြင့် ဆွေးနွေးချက် များကို ပြည့်စုံစွာ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။


သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ