
ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်ရှိ ပညာရေးဆိုင်ရာအဆောက်အဦများအား KNPP အဖွဲ့နှင့်
PDF အမည်ခံအကြမ်းဖက်အဖွဲ့များက တိုက်ခိုက်ဖျက်ဆီးခဲ့မှုနှင့် ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့်
ကျောင်းသား၊ ကျောင်းသူများအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့မှုအပေါ် ထုတ်ပြန်ကြေညာချက်
နေပြည်တော် နိုဝင်ဘာ ၁၇
၁။ KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင် နေသည့် လုံခြုံရေးအဖွဲ့များကိုလည်း သာလွန်အင်အားများဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက် စီးနင်းခဲ့သည်။
၂။ အကြမ်းဖက်အဖွဲ့များအနေဖြင့် တက္ကသိုလ်အတွင်းသို့ ရောက်ရှိ စီးနင်းပြီးနောက် ပညာရေးဆိုင်ရာအဆောက်အဦများအား ဖျက်ဆီး ခြင်းများပြုလုပ်ကာ တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာ ဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ များအား အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ထားရှိကြောင်း သိရှိရသဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိစေရေး၊ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အချိန်မီကယ်ထုတ်နိုင်ရေး လိုအပ်သည် များ ဆောင်ရွက်ခဲ့ရသည်။
၃။ ထိုသို့ ဆောင်ရွက်ခဲ့သော်လည်း KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို လူသားတံတိုင်းအနေဖြင့် အကာအကွယ်ပြု တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေ ဖြင့် ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ များ မလိုလားအပ်ဘဲ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေး ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ခဲ့ရသောကြောင့် အချို့ကိုသာ ပြန်လည် ကယ်ထုတ်နိုင်ခဲ့ပြီး ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ အချို့ တို့သည် KNPP အဖွဲ့ နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ ထို့ပြင် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ဆရာ၊ ဆရာမအချို့ကိုလည်း ရက်စက်စွာ သတ်ဖြတ်ထားရှိခဲ့ ကြောင်း သိရှိရသည်။
၄။ KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ ယခု လုပ်ရပ်သည် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်မဟုတ်ဘဲ နိုင်ငံ အတွက် အရေးကြီးသည့် ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို အသက်အန္တရာယ်ဇုန်မှ ကင်းလွတ်အောင် ထွက်ခွာခွင့်ပြုရမည့်အစား အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်၍ လူသားတံတိုင်းအဖြစ် အသုံးချ ခဲ့ခြင်း၊ ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ အင်အား ရာဂဏန်းမျှရှိသည့် တက္ကသိုလ်ကို ရည်ရွယ်ချက်ရှိစွာဖြင့် ဦးတည် တိုက်ခိုက်ခဲ့ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အဦများကို ဖျက်ဆီးခြင်း၊ အကာအကွယ်ရယူ တိုက်ခိုက်ခြင်းဖြစ်၍ ဂျီနီဗာ ကွန်ဗန်းရှင်း (၄) ရပ်၏ ဘုံအာတီကယ် (၃) နှင့် နောက်ဆက်တွဲ စာချုပ် (၁) ၏ အာတီကယ်(၅၂) တို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး ၎င်းအခြေခံသဘောတရားများသည် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေသဘောလည်း သက်ဝင် လျက်ရှိပါသည်။ ထို့အပြင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက် တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံတို့သည် စာသင်ကျောင်းများ၊ ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမများ အပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းအား ရှုတ်ချပြီး ပဋိပက္ခတွင် ပါဝင်သူများအနေဖြင့် ပညာသင်ကြားခွင့် အခွင့်အရေးကို အကာ အကွယ်ပေးရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက်အမှတ် ၂၆၀၁ (၂၀၂၁) အား တညီတညွတ်တည်း ချမှတ်ခဲ့ကြပြီးဖြစ်၍ KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ယခုလုပ်ရပ်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၀၁ (၂၀၂၁) UN Security Council Resolution 2601(2021) – the protection of Education in armed conflict ကိုလည်း ချိုးဖောက်ရာ ရောက်ပါသည်။
၅။ ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ပုံဖော်ရာတွင် မရှိမဖြစ် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနေသည့် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာ ဝန်ထမ်း များနှင့် နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်ကြမည့် ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် နိုင်ငံတော်၏ အနာဂတ်ကို နှောင့်ယှက်ဖျက်ဆီးတိုက်ခိုက်ခြင်းပင်ဖြစ်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အကျိုးမရှိစေဘဲ တိုင်းပြည်၏ အနာဂတ်ကို ပျက်စီးစေလိုသည့်၊ အသိဉာဏ် ကင်းမဲ့သည့် လူမဆန်သော လုပ်ရပ် ပင်ဖြစ်ပါသည်။ အလားတူ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်ကြောင့် နိုဝင်ဘာ ၁၃ ရက်တွင် အဆိုပါတက္ကသိုလ်၌ စတင်ဖြေဆိုမည့် အဝေးသင်တက္ကသိုလ် တတိယအသုတ်စာမေးပွဲများကို အကန့် အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရသဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် ထိခိုက်နစ်နာမှုများစွာကို ဖြစ်ပေါ်စေခဲ့ပါသည်။
၆။ သို့ဖြစ်ပါ၍ KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ များအနေဖြင့် စစ်ရေးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသည့် တက္ကသိုလ် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ထားခြင်းမှ ထိခိုက်မှု မရှိစေဘဲ အမြန်ဆုံးပြန်လွှတ် ပေးသွားရန်လိုကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့