ထန်းတပင်မြို့နယ်၌ လယ်ယာမြေဧက ၁၅ဝ ကို စက်မှုလယ်ယာအဖြစ် ပြောင်းလဲဆောင်ရွက်

 

ထန်းတပင်  ဇူလိုင်  ၁၀ 


ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်အတွင်း အရည်အသွေးကောင်းမွန်သော   စံပြကွက်များ ဖြစ်စေရေးအတွက်  ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖို ကျေးရွာ  ကွင်းအမှတ် (၁၇၆-ခ)ရှိ လယ်ယာမြေဧက  ၁၅ဝ ကို  စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများ အဖြစ် ၂ဝ၂၁ ခုနှစ် မေ ၁ ရက်မှစတင်၍  ပြောင်းလဲ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ယနေ့အထိ အဆိုပါကျေးရွာတွင်   စနစ်ကျ  လယ်ယာမြေ  ဖော်ထုတ်မှုအနေဖြင့်     ရှစ်ဆယ်ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း   ထန်းတပင် မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။


ထန်းတပင်မြို့နယ်အတွင်း    စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေဧက ဖော်ထုတ်ခြင်းလုပ်ငန်းကို ရေပေါ်သောင်ကျေးရွာ၌   ပထမအကြိမ်အဖြစ် ဧကပေါင်း  ၃၈၁  ဧကကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ  ယခုအခါဒုတိယမြောက် အဖြစ် လယ်ယာမြေဧက ၁၅၀ ကို စက်မှုလယ်ယာ စနစ်ကျ လယ်ယာမြေများအဖြစ် ရေဖြူကျေးရွာအုပ်စု အုတ်ဖိုကျေးရွာတွင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း  သိရသည်။ ထို့အပြင်  စနစ်ကျ လယ်ယာမြေဧကများ   ဖော်ထုတ်ခြင်းကြောင့်  ဒေသခံတောင်သူများ  လက်မှုလယ်ယာမှ  စက်မှု  လယ်ယာသို့ ကူးပြောင်းရောက်ရှိခြင်း၊ တောင်သူများ အကျိုးရှိဝင်ငွေတိုးပွားစေခြင်း၊ ရေသွင်းရေထုတ် မြောင်းများ ကောင်းမွန်စေ ခြင်း၊ လယ်ယာကုန်ထုတ် လမ်းများကြောင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန် လာခြင်း၊   သီးနှံများအထွက်တိုးပွားလာခြင်းနှင့်  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အထောက် အကူပြုသည့် အကျိုးကျေးဇူးများကိုပါ ရရှိစေမည် ဖြစ်ကြောင်း သိရသည်။


စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧကများဖော်ထုတ်ရာတွင်လည်း စက်မှုလယ်ယာဦးစီးဌာန၊ စနစ်ကျလယ်ယာမြေဖော်ထုတ်ရေးအဖွဲ့ (အောက် မြန်မာပြည်)သန်လျင်မြို့မှ  ကုန်ထုတ်လမ်း၊  ရေ မြောင်းနှင့် ဧကကွက်ဖော်မြေညှိခြင်း  စသည့်စက်မှု လယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ရေးလုပ်ငန်းစဉ်များကို တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်း များ  လျင်မြန်စွာ   ပြီးစီးစေရေးအတွက်လည်း ဝန်ထမ်းအင်အား ၂၉ ဦးတို့က  ထွန်စက်ကြီး ရှစ်စီး၊ မြေတူး စက်ကြီးရှစ်စီး၊ မြေတူးစက်သေး သုံးစီး၊ မြေထိုး စက်ကြီးတစ်စီး၊ မြေသယ်ယာဉ် သုံးစီးတို့ဖြင့် စုဖွဲ့ဆောင်ရွက်လျက်ရှိသလို လိုအပ်သည့် စက်ကိရိ ယာများကိုလည်း  ပြင်ပမှ  ငှားရမ်းကာ  ဆောင်ရွက် လျက်ရှိကြောင်း  သိရသည်။


ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် စနစ် ကျလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းကို ၂ဝ၂ဝ-၂ဝ၂၁ခု  ဘဏ္ဍာနှစ်   စက်မှုလယ်ယာဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် လယ်ယာမြေ ဧက ပေါင်း ၁၅ဝ ကို  တစ်ဧကလျှင်  ငွေကျပ် ၁ ဒသမ ၂၁၅ သန်းဖြင့်   အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပြီး   စနစ်ကျလယ်ယာမြေဖော်ထုတ်မှုများကို လည်း  ဇူလိုင်လစတုတ္ထပတ်အတွင်း ပြီးစီးအောင်  အကောင်ထည်ဖော်   ဆောင်ရွက်မည်ဖြစ်ကြောင်း လည်း ထန်းတပင်မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ထံမှ သိရသည်။


ဇင်မင်းထိုက်(ထန်းတပင်)