ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးအချို့ ကျောင်းအပ်နှံရန် ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်

 

ကော့သောင်း ဇွန် ၁၀


မြန်မာ-ထိုင်း  နှစ်နိုင်ငံနယ်စပ်ဂိတ်များပြန်လည်  ဖွင့်လှစ်အပြီးတွင်    မြန်မာနိုင်ငံ     ကော့သောင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံ ပညာ သင်ကြားနိုင်ရန်အတွက်   ထိုင်းနိုင်ငံရောက်  မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ သား/သမီး ကျောင်း နေအရွယ်   ကလေးငယ်တချို့      ယခု ရက်ပိုင်းတွင်     ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့်  ပြန်လည်ဝင်ရောက်မှုများရှိကြောင်း သိရသည်။

 


မြန်မာ-ထိုင်းနယ်စပ်   ထိုင်းနိုင်ငံ   ရနောင်း ဒေသတစ်ဝိုက် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မိဘများနှင့်အတူ    လိုက်ပါနေထိုင်လျက်ရှိသည့် ကျောင်းနေအရွယ်      မြန်မာကလေးငယ်များမှာ ကျောင်းများပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည့် မြန်မာ နိုင်ငံ၏ အခြေခံပညာကျောင်းများတွင် ကျောင်းဖွင့် ရာသီအမီ ကျောင်းအပ်နှံတက်ရောက်ရန်အတွက် ပြန်လာနေခြင်းဖြစ်ပြီး  အလားတူ ကျောင်းအပ်နှံ လိုသည့်  မြန်မာအလုပ်သမားမိသားစုများလည်း ရနောင်းမြို့တွင်   အမြောက်အမြားရှိနေကြောင်း ဒေသသတင်းများအရ သိရသည်။

 


ထိုင်းနိုင်ငံ   ရနောင်းဒေသမှ  တာဝန်ရှိသူများ အနေဖြင့်လည်း ၎င်းတို့၏ နိုင်ငံအတွင်း ရောက်ရှိ နေသည့်   မြန်မာအလုပ်သမားများ၏   ရင်သွေး ကျောင်းနေအရွယ်ကလေးငယ်များ မြန်မာနိုင်ငံတွင် ကျောင်းတက်ရောက်ရန်  ပြန်လည်ထွက်ခွာမည် ဆိုပါက နယ်စပ်စစ်ဆေးရေးဂိတ်များတွင် တားမြစ် စစ်ဆေးမှုများမပြုဘဲ  ခွင့်ပြုပေးသွားမည်  ဖြစ် ကြောင်း၊  နယ်စပ်ဖြတ်ကျော် ခရီးသည်ပို့ဆောင် ပေးလျက်ရှိသည့်  ကူးတို့ပဲ့ချိတ်စက်လှေ လုပ်သား များအနေဖြင့်လည်း   အခမဲ့ကူညီပို့ဆောင်ပေးရန် အဆင်သင့်ရှိကြောင်း  သိရသည်။


ကျော်စိုး(ကော့သောင်း)