ထိုင်းနိုင်ငံ၌ နိုဝင်ဘာလမှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးသူ နိုင်ငံတကာခရီးသည်များအား နိုင်ငံအတွင်း ခရီးသွားလာခွင့်ပြုမည်

ဗန်ကောက်   စက်တင်ဘာ   ၂၇


ထိုင်းနိုင်ငံ၌   နိုဝင်ဘာလမှစတင်၍   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး      နှစ်ကြိမ်ထိုးနှံပြီးစီးသူ နိုင်ငံတကာခရီးသည်များအား မြို့တော်ဗန်ကောက် အပါအဝင်နိုင်ငံတကာမှ  ခရီးသည်များလာရောက် လည်ပတ်လေ့ရှိသည့် အထင်ကရနေရာကိုးခုအား ခရီးသွားလာခွင့်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ရောဂါဆိုင်ရာစီမံခန့်ခွဲရေးစင်တာက ယနေ့ ပြောကြားသည်။ 


နိုင်ငံအတွင်းရှိ ဖူးခက်နှင့် ဆမူကျွန်းတို့အား ဇူလိုင်လအတွင်းက ခရီးသွားလာခွင့်ပြုရန် ပြန်လည် ဖွင့်လှစ်ခဲ့ပြီးနောက် ကရာဘီ၊ ဟွာဟင်း၊ ပတ္တရား နှင့်  ကော့ဖရန်  စသော   ကမ္ဘာလှည့်ခရီးသည် များ လာရောက်အပန်းဖြေရာနေရာများကိုလည်း ပြန်လည်ဖွင့်လှစ်ရန်  စီစဉ်ခဲ့ကြောင်း  ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ရောဂါဆိုင်ရာစီမံခန့်ခွဲရေးစင်တာက ပြောကြားသည်။ 


နိုင်ငံအတွင်း လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများအား အရှိန်အဟုန် မြှင့်ဆောင်ရွက်လာသဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများကို    ဖြေလျှော့ရန် ဆောင်ရွက်လာခြင်းဖြစ်သည်။ 


မြို့တော်ဗန်ကောက်အပါအဝင် နိုင်ငံအတွင်းရှိ ဒေသ ၂၉ ခု၌    အောက်တိုဘာ ၁ ရက်မှစတင်၍ ရုပ်ရှင်ရုံများ၊စာကြည့်တိုက်များနှင့် အားကစား လေ့ကျင့်ရေးခန်းမများအား     ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ        ကျန်းမာရေးစည်းမျဉ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်      ဖြစ်ကြောင်းနှင့် ညမထွက်ရအမိန့်ကိုလည်း    အချိန်လျှော့ချသွား မည်ဖြစ်ကြောင်း သိရသည်။ ထိုအစီအမံများကို အတည်ပြုဆောင်ရွက်နိုင်ရန်အတွက်      ဝန်ကြီး အဖွဲ့အစည်းအဝေးသို့ စက်တင်ဘာ ၂၈ ရက်တွင် တင်ပြသွားမည်ဖြစ်သည်။


ယခုဆောင်ရွက်မည့် အစီအမံများသည် နိုင်ငံ ၏   ခရီးသွားလုပ်ငန်းကို    ပြန်လည်မြှင့်တင်ရန်    ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံ၏ခရီးသွားလုပ်ငန်း မှာ  ကိုဗစ်-၁၉ ရောဂါကြောင့် နယ်စပ်ဒေသများ ပိတ်ထားရစဉ်   လွန်ခဲ့သော   တစ်နှစ်ခန့်ကပင်    ကျဆင်းခဲ့ရသည်။   AstraZeneca  နှင့် Pfizer     ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်မံဝယ်ယူ ရန် အစီအမံကို ယနေ့တွင် ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စီမံခန့်ခွဲရေးစင်တာက အတည်ပြု ခဲ့သည်။


နိုင်ငံအတွင်း၌ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ သန်း ၅၀ ကျော် အား လူဦးရေ၏ ၂၅ ရာခိုင်နှုန်းကို ထိုးနှံပေးခဲ့ ကြောင်း သိရသည်။  နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ ဒသမ  ၅၇ သန်းကျော်နှင့် အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၆၃၆၉ ဦးရှိကြောင်း သိရသည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ