ကော့သောင်း ဇူလိုင် ၁
အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ် ရေးလုပ်ငန်းစဉ်အရ မြန်မာအလုပ် သမားအမျိုးသား ၈၄ ဦးသည် ထိုင်းနိုင်ငံ၌ MoU စနစ်ဖြင့် အလုပ် လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှ ဇွန် ၂၉ ရက်က ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများအား ပြည်ပ အလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်ရ အေဂျင်စီတစ်ခုဖြစ်သည့် Loveing World Services ကုမ္ပဏီလီမိတက်က ထိုင်းနိုင်ငံရှိ Unique Engineering & Construction Public ကုမ္ပဏီလီမိတက်သို့ နှစ်နှစ်စာချုပ်ဖြင့် အလုပ် လုပ်ကိုင်နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခြင်း ဖြစ်ကာ ရန်ကုန်မြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ခေါ်ယူခဲ့ပြီး ကော့သောင်း အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်မှတစ်ဆင့် ရေလမ်း ခရီးဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။
သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ် သမားများအား ကော့သောင်းခရိုင် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းခရိုင် ရုံးနှင့် တာဝန်ရှိအဖွဲ့အစည်းများက လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ကြပြီး အလုပ်အကိုင် ကုမ္ပဏီတာဝန်ရှိသူများက ထိုင်းနိုင်ငံရှိ အလုပ် လုပ်ကိုင်မည့်ကုမ္ပဏီသို့ စနစ်တကျ ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)



