ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသားများ မြဝတီအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဆက်လက်ဝင်ရောက်

 

မြဝတီ သြဂုတ် ၅


ထိုင်းနိုင်ငံတွင်   ရောက်ရှိနေပြီး   နေရပ်ပြန်လိုသည့်    မြန်မာနိုင်ငံသားများ အား    မြဝတီမြို့  မြန်မာ- ထိုင်း     အမှတ်(၂)  ချစ်ကြည်ရေးတံတားမှတစ်ဆင့်       ပြန်လည်ကြိုဆိုလက်ခံခြင်းကို   သြဂုတ်  ၁   ရက်နေ့မှ      စတင်ဆောင်ရွက်ပေး လျက်ရှိရာ  ယနေ့တွင် ၂၀၄ ဦး  ဆက်လက်ဝင်ရောက်ခဲ့ကြောင်း  သိရသည်။

 


အဆိုပါ ထိုင်းနိုင်ငံမှ  ပြန်လည်ဝင်ရောက်လာသည့်  မြန်မာနိုင်ငံသားများအား မြဝတီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး  ဦးအောင်ချမ်းငြိမ်းနှင့်   တာဝန်ရှိသူ များက   ကြိုဆိုအားပေးကြပြီး    သက်ဆိုင်ရာ   ဌာနဆိုင်ရာဝန်ထမ်းများနှင့်     တာဝန်ရှိသူများက   ကိုဗစ်-၁၉  ရောဂါဆိုင်ရာများအကြောင်း  အသိပညာပေးခြင်း၊    ပြန်လည်ဝင်ရောက်လာသူများ၏   အချက်အလက်များ    ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ   ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စစ်ဆေးဆောင်ရွက်ပေးခြင်းနှင့်   သက်ဆိုင်ရာ  တိုင်းဒေသကြီး၊  ပြည်နယ်များသို့  ပြန်လည်ပို့ဆောင်ပေးခြင်းများ ကို ဆောင်ရွက်ပေးသည်။

 

ထိုသို့  ထိုင်းနိုင်ငံမှ ပြန်လာသူများမှ    မြဝတီခရိုင် နှင့် ကော့ကရိတ်ခရိုင်မှ  နေရပ်ပြန်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ ချက်ချင်းစစ်ဆေးပေးမည်ဖြစ် ကာ ရောဂါပိုးရှိသူများကို  မြဝတီမြို့  မဲကနယ် ကိုဗစ်စင်တာတွင် ကုသမှုခံယူစေမည်ဖြစ်ပြီး ရောဂါ ပိုးမရှိသူများကို     ကျောက်လုံးကြီး    ကိုဗစ်-၁၉ စောင့်ကြည့်ရေးစခန်းတွင်  ၁၀ ရက်   ကန့်သတ် စောင့်ကြည့်ထားမည်ဖြစ်ကြောင်း သိရသည်။

 


အခြားသက်ဆိုင်ရာ    တိုင်းဒေသကြီး၊ပြည်နယ် များမှ  နေရပ်ပြန်များအား သီးသန့်မော်တော်ယာဉ်များ ဖြင့် သက်ဆိုင်ရာ  နေရပ်များသို့     ပို့ဆောင်ပေးမည်ဖြစ် ပြီး ရောဂါစစ်ဆေးခြင်းနှင့် ကန့်သတ်စောင့်ကြည့်ခြင်း တို့ကို     သက်ဆိုင်ရာ   တိုင်းဒေသကြီး၊   ပြည်နယ် အစီအစဉ်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။
ယနေ့ ထိုင်းနိုင်ငံမှ  ပြန်လည်ဝင်ရောက်လာသူ များအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၁၂၆ ဦး၊ အမျိုးသမီး ၇၈ ဦး စုစုပေါင်း ၂၀၄ ဦးရှိကြောင်း သိရသည်။ 


ထိန်လင်းအောင်