ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉၀ ကျော်  ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့်  ပြန်လည်ဝင်ရောက်  


 

ကော့သောင်း  အောက်တိုဘာ   ၁၁


နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး   ပြန်လည် လွတ်မြောက်လာသည့်   မြန်မာနိုင်ငံသား  ကလေးငယ်  ၁၁ ဦး အပါအဝင်  အမျိုးသား  ၁၅၄ ဦး ၊  အမျိုးသမီး ၃၇ ဦး စုစုပေါင်း အလုပ်သမား ၁၉၁ ဦး   အောက်တိုဘာ ၁၁ ရက်  မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ  ကော့သောင်းမြို့ တာဝန်ရှိ အဖွဲ့အစည်းများထံသို့   စက်လှေ  ၁၂   စင်း ဖြင့် လာရောက် လွှဲပြောင်းအပ်နှံကြောင်း   သိရ သည်။
အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း  အကြောင်း အမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ပြန်လည်ဝင်ရောက် လာသည့် အလုပ်သမားများကို ကော့သောင်းခရိုင် နှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက စစ်ဆေး လက်ခံခဲ့ပြီး   လိုအပ်သည့်   ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
ပြန်လည်ဝင်ရောက်လာသူများမှ ထားဝယ်ခရိုင် နှင့် မြိတ်ခရိုင်များတွင်နေထိုင်သူများကို မော်တော် ယာဉ်များဖြင့် နေရပ်သို့ ချက်ချင်း ပို့ဆောင်ပေးကာ မိမိတို့၏နေရပ်များတွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး အသွားအလာကန့်သတ်စောင့်ကြည့် မှုခံယူကြရမည်ဖြစ်သည်။      ကော့သောင်းခရိုင် အတွင်း   နေထိုင်သူများကိုမူ ကော့သောင်းမြို့ရှိ ကန့်သတ်စောင့်ကြည့်ရေးစင်တာသုံးခုတွင် ၁၄ ရက် အသွားအလာ    ကန့်သတ်ထားရှိ  စောင့်ကြည့်ပြီး ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေး   တွေ့ရှိခြင်းမရှိမှသာ  ၎င်းတို့နေအိမ်သို့   ပြန်လည်ပို့ဆောင်ပေးမည်ဖြစ် ကြောင်း  သိရသည်။         
ကျော်စိုး(ကော့သောင်း)