
သီပေါ ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ရှေးဟောင်းသမိုင်းဝင် ပေါ်ကြို ဘုရားကြီး ပရိဝုဏ်အတွင်း၌ မဟာသာသနာ့ဗိမာန်တော်ဓမ္မာရုံတွင် ကိုးကွယ်ပူဇော်ထားရှိမည့် ထိုင်းနိုင်ငံအလှူရှင်မိသားစုက ဓမ္မဒါနအဖြစ် လှူဒါန်းသော ဉာဏ်တော်အမြင့် ကိုးပေရှိ ဗုဒ္ဓဂယာမြတ်ဘုရားပုံတော် ကြေးဆင်းတုတော်မြတ်ကြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှ တာချီလိတ်ပရဟိတအသင်း၏ ချိတ်ဆက်မှုဖြင့် တာချီလိတ်၊ ကျိုင်းတုံ၊ နမ့်လန်လမ်းကြောင်းအတိုင်း ပင့်ဆောင်ခဲ့သည်။
အဆိုပါ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို ပေါ်ကြိုဘုရားကြီး ဂေါပက ဥက္ကဋ္ဌ ဦးဆန်စိုင်းသာညွန့်နှင့် ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓနွယ်ဝင်သဒ္ဓါ ကြည်လင်ပါရမီရှင်များ မြို့မိ၊ မြို့ဖများက မော်တော်ယာဉ်ငါးစီးဖြင့် ပင့်ဆောင်လာရာ ယမန်နေ့ညနေပိုင်းက ပေါ်ကြိုဘုရားကြီးဓမ္မာရုံသို့ ရောက်ရှိကိန်းဝပ်စံပယ်တော်မူပြီး ယနေ့နံနက် အရုဏ်တက်ချိန်တွင် ပေါ်ကြိုဘုရားကြီးကျောင်းတိုက်ပဓာနနာယက ဆရာတော် ဗဟုဇန ဟိတဓရ မဟာဓမ္မကထိက ဘဒ္ဒန္တဒေဝိန္ဒအရှင်သူမြတ်ထံမှ အနုမောဒနာ တရားတော်နှင့် ကိုးပါးသီလခံယူဆောက်တည်ကြပြီး အနေကဇာတင် မင်္ဂလာအခမ်းအနားကျင်းပကြောင်း သိရသည်။
စိုင်း(သီပေါ)