ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် အူထိုင်းမြို့နယ်ရှိ Pioneer Manufacturing (Thailand) Co., Ltd မှ အလုပ်သမားများ အလုပ်ထုတ်ခံရမှု သတင်းဖော်ပြမှုနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း သတင်းမှန်ထုတ်ပြန်ခြင်း

 

အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများ၌ ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် အူထိုင်းမြို့နယ်ရှိ Pioneer Manufacturing (Thailand) Co., Ltd မှ အလုပ်သမားများ အလုပ်ထုတ်ခံရမှု သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် မှန်ကန်မှု ရှိ/မရှိ စိစစ်၍ အလုပ်သမားများ၏ ရပိုင်ခွင့်များရရှိအောင်  ကူညီဆောင်ရွက်ပေး လျက်ရှိသည်။
၂၄-၅-၂၀၂၃ ရက်နေ့ VOA Burmese Facebook လူမှုကွန်ရက် စာမျက်နှာ၌ “ ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် အူထိုင်းမြို့နယ်တွင် မြန်မာ အလုပ်သမား ၄၁၁ ဦးကို အလုပ်ထုတ်ပယ်ကြောင်း Pioneer Manu-facturing (Thailand) Co., Ltd က  ကြေညာပြီး နစ်နာကြေးအဖြစ် စုစုပေါင်း ဘတ် ၉၇ သန်းနီးပါးပေးခဲ့ပေမယ့် ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ ဆူချတ်ချွမ်ကလင်က ဒါဟာ လုပ်ထုံးလုပ်နည်းနှင့်ညီ မညီ စစ်ဆေးရန်နှင့် အလုပ်လက်မဲ့ဖြစ်နေသူများအတွက် လူမှုဖူလုံရေး ခံစားခွင့်ရရှိရန်အတွက် နယ်မြေတာဝန်ရှိသူတွေကို ကူညီဖို့ ညွှန်ကြား ထားကြောင်း” သတင်းဖော်ပြခဲ့ပါသည်။
အဆိုပါ ဖြစ်စဉ်နှင့်စပ်လျဉ်း၍  ထိုင်းနိုင်ငံ   ဘန်ကောက်မြို့ရှိ အလုပ်သမား သံအရာရှိရုံးမှ ထိုင်းအလုပ်အကိုင်ဌာနနှင့် အယုဒ္ဓယနယ်မြေအလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးရုံးတို့ထံ ဆက်သွယ်စုံစမ်းခဲ့ရာ အောက်ပါအတိုင်းစုံစမ်းသိရှိရသည်-
(က)    Pioneer Manufacturing (Thailand) Co., Ltd သည်  ကားအတွင်းပိုင်း   အသံပိုင်းဆိုင်ရာ    လျှပ်စစ်ပစ္စည်းအပို ထုတ်လုပ်သည့်လုပ်ငန်းဖြစ်ပြီး လုပ်သားဦးရေ ၁၅၄၉ ဦး ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊
(ခ)    စက်ရုံ၌ အမှာစာကျဆင်းမှုကြောင့် အလုပ်သမား ၄၁၆ ဦး အား ၁၉-၅-၂၀၂၃ ရက်နေ့တွင် အလုပ်မှ   ရပ်စဲခဲ့ပါကြောင်း နှင့် အလုပ်မှ ရပ်စဲခံရသည့် အလုပ်သမား ၄၁၆ ဦးတွင် မြန်မာအလုပ်သမားများ  ပါဝင်ခြင်းမရှိဘဲ   ထိုင်းအလုပ် သမားများသာ ဖြစ်ပါကြောင်း၊
အထက်ပါစုံစမ်းသိရှိမှုနှင့်စပ်လျဉ်း၍ တိကျမှန်ကန်စေရေး အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလုပ် သမားသံအရာရှိရုံးမှ အလုပ်သမားသံအရာရှိသည် ၂၆-၅-၂၀၂၃ ရက်နေ့တွင် အယုဒ္ဓယ ခရိုင်၊  အလုပ်အကိုင်ဌာန၊   အလုပ်သမားအခွင့်အရေးကာကွယ် စောင့်ရှောက်ရေးဌာနတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ အဆိုပါ Pioneer Manufacturing (Thailand) Co., Ltd မှ အမှာစာ ကျဆင်းမှုကြောင့် အလုပ်ရပ်စဲခဲ့သည့် အလုပ်သမား ၄၁၆ ဦးတွင် မြန်မာအလုပ်သမားများ မပါဝင်ပါကြောင်းနှင့် စက်ရုံတွင် မြန်မာ အလုပ်သမားများ  လုပ်ကိုင်နေခြင်း   မရှိပါကြောင်း၊  ဂျပန်လူမျိုး အလုပ်သမားခေါင်းဆောင်များနှင့် ထိုင်းအလုပ်သမားများသာ စက်ရုံ ၌ လုပ်ကိုင်လျက်ရှိပါကြောင်း၊ အလုပ်ရပ်စဲသည့် ထိုင်းအလုပ်သမား များအတွက် အလုပ်သမားဥပဒေနှင့်အညီ နစ်နာကြေး၊ လျော်ကြေး များ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။
သို့ဖြစ်ပါ၍ VOA Burmese Facebook လူမှုကွန်ရက်စာမျက်နှာ၌ Pioneer Manufacturing (Thailand) Co., Ltd မှ မြန်မာအလုပ်သမား ၄၁၁ ဦးကို အလုပ်ထုတ်ပယ်ကြောင်းနှင့်ပတ်သက်သည့် သတင်း ဖော်ပြ ထားမှုသည် မှန်ကန်မှုမရှိပါကြောင်း သတင်းမှန်ထုတ်ပြန် အပ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန