ထိုင်းအလုပ်ရှင်များက MoU အလုပ်သမားမဟုတ်သည့် အခြားအလုပ်သမားများ ခေါ်ယူခန့်အပ်သည့်ဖြစ်စဉ်များ တားဆီးနိုင်ရေးဆွေးနွေး

 

နေပြည်တော်   အောက်တိုဘာ   ၆


အလုပ်သမားဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သည့်  မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်  ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ထိုင်းအလုပ်သမားဝန်ကြီးဌာန  ဝန်ကြီး Mr. Suchart Chomklin နှင့် တာဝန်ရှိသူများကို သွားရောက်တွေ့ဆုံသည်။

 


ထိုသို့ တွေ့ဆုံစဉ်  ဒုတိယဝန်ကြီး ဦးဝင်းရှိန် က ထိုင်းနိုင်ငံရှိ  အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို    မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI- Certificate of Identity) ထုတ်ပေးရန်        ထိုင်းအလုပ်သမားဝန်ကြီး၏ တောင်းဆိုမှုအပေါ်မူတည်၍ ထိုင်းနိုင်ငံရှိ CI သက်တမ်း တိုးစခန်းများ ဖွင့်လှစ်ဆောင်ရွက်မှုများကို လာရောက် ကြည့်ရှုစစ်ဆေးနိုင်ရေး    ထိုင်းအလုပ်အကိုင်ဌာနမှ ဖိတ်ကြားခြင်းကို ကျေးဇူးတင်ရှိပါကြောင်း။ 

 


ထိုင်းနိုင်ငံ ခရီးစဉ်တွင် CI  သက်တမ်းတိုးစခန်း များ၏     လုပ်ငန်းဆောင်ရွက်မှုများကို    ကြည့်ရှု စစ်ဆေးပြီး     ထိုင်းနိုင်ငံ   အလုပ်သမားဝန်ကြီး တောင်းဆိုထားသည့်      မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်   CI   အသစ်ထုတ်ပေးနိုင်ရေး လုပ်ငန်းစဉ်အသေးစိတ်ကို  နှစ်နိုင်ငံ  အစည်းအဝေး တွင် ညွှန်ကြားရေးမှူးချုပ်က   ဆွေးနွေးသွားမည်ဖြစ် ကြောင်း၊ ယခုခရီးစဉ်တွင် နှစ်နိုင်ငံ အလုပ်သမား ရေးရာပူးပေါင်းဆောင်ရွက်မှုများသည် အပြုသဘော ဆောင်သည့် ရလဒ်ကောင်းများ ရရှိမည်ဟု ယုံကြည် ပါကြောင်း။

 


ကိုဗစ်-၁၉ ကာလအတွင်း  ထိုင်းနိုင်ငံလုပ်ငန်းရှင် များ၏ လုပ်သားလိုအပ်ချက် မြင့်မားခဲ့မှုကို ဖြည့်တင်း ရန်နှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ  အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရန် ကပ်ရောဂါကာလအလွန် MoU  လုပ်ငန်းစဉ်များ    ပြန်လည်စတင်ခဲ့ပြီး   မေ ၁၀  ရက်မှ  စက်တင်ဘာ ၂၉ ရက်အထိ  MoU အလုပ် သမား စုစုပေါင်း   ၅၆၂၃၇  ဦး   စေလွှတ်ခဲ့ပြီးဖြစ် ကြောင်း ပြောကြားသည်။

 


အဆိုပါဆွေးနွေးပွဲတွင်      အလုပ်ခေါ်စာများ ပယ်ဖျက်ခြင်း၊   အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုပြီးနောက်  စာချုပ်ပယ်ဖျက်ခြင်းကိစ္စ များ   မဖြစ်စေရေး၊   ထိုင်းအလုပ်ရှင်များက   MoU အလုပ်သမားမဟုတ်သည့်   အခြားအလုပ်သမားများ    ခေါ်ယူခန့်အပ်သည့်    ဖြစ်စဉ်များရှိသဖြင့်  အလားတူ ဖြစ်ရပ်များကို   တားဆီးနိုင်ရေး၊    MoU စနစ်ကို ထိခိုက်မှုမရှိစေရေး၊  MoU စနစ်ဖြင့်   စေလွှတ်သည့် အလုပ်သမားများအတွက်  ဗီဇာကြေး ဘတ် ၅၀၀ သို့ လျှော့ချသည့်  အမိန့်စာ အမြန်ဆုံးထုတ်ပြန်နိုင်ရေး၊ CI သက်တမ်းတိုးလုပ်ငန်းစဉ်   ဆောင်ရွက်မှုသည် သတ်မှတ်ကာလအတွင်း   ပြီးစီးအောင် ဆောင်ရွက် နိုင်ရေးကိစ္စများ၊   ပထမအကြိမ်ကဲ့သို့   လုပ်ငန်းစဉ် ရပ်ဆိုင်းမှုမရှိစေရေးအတွက် သက်တမ်းတိုး ဖွင့်လှစ် ခွင့်ရရေးကိစ္စရပ်များကို      တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။                  

 သတင်းစဉ်