
နေပြည်တော် ဒီဇင်ဘာ ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ကလေးပြုစုရေးဌာန၌ ကလေးငယ်စုစုပေါင်း ၃၃ ဦးအား စောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးကာ ကလေးငယ်များအတွက် မုန့်များပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည် အိမ်တွင်းမှုသက်မွေးအတတ်ပညာ သင်ကျောင်းသို့ရောက်ရှိပြီး သင်တန်းကျောင်းများ တွင် ပို့ချလျက်ရှိသည့် သက်မွေးပညာရပ်များနှင့် လက်တွေ့နယ်ပယ်တွင် ယခုထက် ပိုမိုထိရောက် အကျိုးရှိသည့် ပညာရပ်များကို ကျွမ်းကျင်သူများ၏ အကူအညီရယူ၍ နည်းစနစ်တကျ တစ်ဆင့်ချင်း ပြောင်းလဲတိုးချဲ့ဖွင့်လှစ်သွားနိုင်ရေး ဆောင်ရွက် သွားရန် မှာကြားသည်။
ယင်းနောက် ပြည်နယ်လူမှုဝန်ထမ်းရုံး၌ စစ်တွေ မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ကြီး ဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန ၏မူဝါဒများဖြစ်သော ထိရောက်သော လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် ခြင်းဖြင့် ပြည်သူလူထု၏ဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းတစ်ရပ် ဖြစ်လာစေရေး စသည့် လုပ်ငန်းစဉ်များ ပေါက်မြောက်အောင်မြင်နိုင်ရေး အတွက် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့်အစီ အမံများ၊ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ထိခိုက်လွယ်အုပ်စုဝင်များအား ပံ့ပိုးကူညီဆောင်ရွက် သွားမည့်အခြေအနေ၊ ဝန်ကြီးဌာန၏ ပင်မလုပ်ငန်း တာဝန်ဖြစ်သော ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်များအတွက် ကာကွယ်စောင့်ရှောက်ပေးနေမှု၊ ပံ့ပိုးကူညီပေးနေမှု ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြ သည့် ဝန်ထမ်းများက တင်ပြလိုသည့်အချက်များ ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းတွင် စစ်တွေမြို့ စက်ရုံစုရပ်ကွက် ရှိ ပြည်နယ်ဘိုးဘွားရိပ်သာသို့ သွားရောက်ကာ ရိပ်သာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အဘိုးအဘွားများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ၂၀၂၁-၂၀၂၂ (၆လ ဘတ်ဂျက်) အတွက် ထောက်ပံ့ငွေကျပ် ၃၄၁၄၀၀၀ ကို ဂေဟာမှူးထံသို့ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတွင် စစ်တွေမြို့ရှိ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီး မှူးရုံး၊ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ ရောက်ရှိ ပြီး သိုလှောင်ရုံထိန်းသိမ်းရေး လက်စွဲအတိုင်း ကယ်ဆယ်ရေးပစ္စည်း၂၂ မျိုးနှင့် ဒေသဖွံ့ဖြိုးရေးသုံး ပစ္စည်းများ သိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေး ကာ ဆောင်ရွက်ရမည့်အချက်များကို ဖြည့်စွက် မှာကြားခဲ့သည်။
သတင်းစဉ်