ထိန်းသိမ်းရှာဖွေအနုပညာအမွေ သုတေသနစာတမ်းဖတ်ပွဲကျင်းပ

တက္ကသိုလ်များ သုတေသနအားကောင်းမှသာ ပညာရပ်နယ်ပယ်များ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပြီး သင်ကြားရေးအတွက် များစွာအထောက်အကူပြုနိုင်မည်

 

နေပြည်တော်   နိုဝင်ဘာ   ၂၉
သာသနာရေးနှင့်      ယဉ်ကျေးမှုဝန်ကြီးဌာန 
ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည်     ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး  ပုသိမ်ကြီးမြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)တွင်   ကျင်းပသည့်  “ထိန်းသိမ်းရှာဖွေ အနုပညာအမွေ”   သုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်သည်။ 


စဉ်ဆက်မပြတ်သုတေသနပြုနေရန်လိုအပ်


အခမ်းအနားတွင်    ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၏အသက်သည်   သုတေသနလုပ်ငန်း ဖြစ်ကြောင်း၊ တက္ကသိုလ်များ သုတေသနအားကောင်း မှသာ ပညာရပ်နယ်ပယ်များ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပြီး သင်ကြားရေးအတွက်    များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့ တတ်မြောက်ကျွမ်းကျင်ရာ  နယ်ပယ်များ တွင်  ပိုမိုထိရောက်သော  သင်ကြားမှုများ ပြုလုပ် နိုင်စေရန်၊ ခေတ်နှင့်အညီ သင်ရိုးညွှန်းတမ်းများကို မြှင့်တင်နိုင်စေရန်၊   နိုင်ငံတကာတက္ကသိုလ်များနှင့် ရင်ပေါင်တန်း၍    ပေါင်းစပ်ဆောင်ရွက်နိုင်စေရန် အတွက်  အရည်အသွေးပြည့်ဝသည့်  သုတေသန ရလဒ်ကောင်းများ   ရရှိနိုင်စေရန်  စဉ်ဆက်မပြတ် သုတေသနပြုနေရန်လိုအပ်ကြောင်း၊    သုတေသန ဖွံ့ဖြိုးတိုးတက်ရေး   (Research Development)အတွက်   ရှာဖွေတွေ့ရှိပြီးဖြစ်သော  သုတေသန လုပ်ငန်းများကို   ထပ်မံလေ့လာသုတေသနပြုခြင်း၊ အသစ်အသစ်သောလုပ်ငန်းများကို    စနစ်တကျ သုတေသနပြုခြင်းတို့ဖြင့်    သုတေသနဆောင်ရွက်မှု လုပ်ငန်းများ       ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊   Basic Research နှင့် Applied Research ဟူ၍ နှစ်မျိုးရှိရာတွင် Basic Research သည် Theoretical Research ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့်  အနုပညာဆိုင်ရာ  ပညာရပ်များကို သုတေသနပြုသည့်အခါတွင်    Basic နှင့် Applied ပေါင်းစပ်ပြီး   လက်တွေ့အသုံးချ  ဆောင်ရွက်သွား နိုင်ရန်   များစွာလိုအပ်ကြောင်း၊ ယနေ့ စာတမ်းရှင်များ ဖတ်ကြားမည့်    သုတေသနစာတမ်းများသည် နိုင်ငံတော်အတွက်၊  ဝန်ကြီးဌာနအတွက် အထောက် အကူဖြစ်စေမည့်  တန်ဖိုးရှိသော အနုပညာရပ်ဆိုင်ရာ စာတမ်းများဖြစ်မည်ဟု       ယုံကြည်ကြောင်း၊ 
မြန်မာ့ရိုးရာယဉ်ကျေးမှုများထဲက       တိမ်မြုပ် ပျောက်ကွယ်လုနီးပါး  ဖြစ်နေသော          ရိုးရာသုခုမ အနုပညာရပ်များကို     ရှာဖွေဖော်ထုတ်ပြီး  ထာဝရ တည်တံ့စေရေး      ဆောင်ရွက်နိုင်ရန်အတွက် ဘာသာရပ်ဆိုင်ရာ    သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်၍  အနာဂတ်မျိုးဆက်သစ် လူငယ်များကို   လက်ဆင့်ကမ်းအမွေပေးနိုင်ပါစေ ကြောင်း ပြောကြားသည်။


ဆက်လက်ပြီး    အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်  (မန္တလေး)    ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက စာတမ်းဖတ်ပွဲကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ကုန်းဘောင်ခေတ် မြန်မာ့ရုပ်သေး သဘင်၏  နိုင်ငံရေး၊  စီးပွားရေး၊  လူမှုရေးအပေါ် ဩဇာလွှမ်းမိုးမှုကို မြန်မာ့ဇာတ်သဘင် စာပေများမှ တစ်ဆင့်လေ့လာခြင်း စာတမ်းကို ဒေါ်ချောကလျာအေး (သဘင်ပညာဌာန)ကလည်းကောင်း၊  မြို့မငြိမ်းနှင့် မဟာဂီတစာတမ်းကို ဒေါ်ခင်ဆွေမြညွန့် (ဂီတပညာ ဌာန)ကလည်းကောင်း၊ ရှမ်းလူမျိုး(ဓနု၊တောင်ရိုး) တိုင်းရင်းသားများ၏   ရိုးရာအက၊  တေးဂီတနှင့် တူရိယာများ စာတမ်းကို ဦးမင်းကျော်ဝေ (သင်တန်း ရေးရာဌာန) ကလည်းကောင်း၊ မြန်မာ့ကျောက်ခေတ် ပန်းချီလက်ရာ    ပြဒါးလင်းဂူ  နံရံပန်းချီများအား ချဉ်းကပ်လေ့လာခြင်းစာတမ်းကို ဒေါ်အေးမြတ်စိုး (ပန်းချီပညာဌာန)ကလည်းကောင်း၊   ပေါင်းစပ် ဖန်တီးခြင်း ပန်းပုအနုပညာ စာတမ်းကို ဒေါ်မြင့်မြင့်သိန်း (ပန်းပုပညာဌာန)က  လည်းကောင်း၊  Montage သဘောတရားများ စာတမ်းကို ဒေါ်ကလျာအောင် (ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန)က   လည်းကောင်း ဖတ်ကြားကြရာ  ပညာရှင်ကြီးများနှင့်  တက်ရောက် လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။                

    သတင်းစဉ်