
ညောင်ရွှေ သြဂုတ် ၂၇
ထောပတ်သီး တင်ပို့ရောင်းချမှု
ပြည်ပဈေးကွက် ပိုမိုကောင်းမွန် တိုးတက်ရန် လိုအပ်နေကြောင်း ရှမ်းပြည်နယ် တောင်ပိုင်းရှိ ထောပတ်သီး စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရ သည်။
‘‘အရင် ၂၀၁၈/၂၀၁၉ နှစ်တွေ တုန်းကတော့ ပြည်ပတင်ပို့ ရောင်းချမှုတွေ တွင်ကျယ်ခဲ့တာ ပေါ့။ အခုနောက်ပိုင်းတော့ မြန်မာနိုင်ငံတွင်းမှာပဲ ရောင်းချ ကြတာများတယ်။ အခုနောက်ပိုင်း နှစ်နှစ် အတွင်းမှာတော့ ဘန်ကောက်ဘက်ကို တင်ပို့မှု ရှိလာတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်ကပဲ တစ်ကြိမ် တင်ပို့ ဖြစ်ပါသေးတယ်။ အခု ဈေးကွက် လေး နည်းနည်းပြန်ကောင်းလာ တဲ့ သဘောပေါ့။ ထောပတ်သီး ဈေးကွက်က ပြည်ပတင်ပို့မှု ထွက်ပေါက်ရှိမှလည်း အဆင်ပြေ မယ်။ ဈေးကွက်အခုထက် ပိုကောင်းလာဖို့ လိုအပ်နေပါ သေးတယ်’’ဟု ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာအုပ်စု နမ့်လီ သပြေကုန်းရွာမှ ဦးခွန်ဇော်ထွန်း က ပြောသည်။ အရည်အသွေးနှင့် ဝယ်လိုအားအပေါ် မူတည်ပြီး ထောပတ်သီး တစ်ကီလိုလျှင် ကျပ် ၂၅၀၀ မှ ၅၀၀၀ အတွင်း ဈေးနှုန်းရရှိနေကြောင်း သိရ သည်။
‘‘ထောပတ်ပင်တွေကို စီးပွား ဖြစ် စိုက်ပျိုးဖြစ်ခဲ့တာကတော့ ဘာပဲလုပ်လုပ် ရင်းနှီးမြှုပ်နှံတဲ့ သဘောနဲ့ လုပ်ချင်တာဆိုတော့ နှစ်ရှည်ပင်တွေစိုက်ပျိုးပြီး ရင်းနှီး မြှုပ်နှံရင် ရေရှည်အတွက် ကောင်း မယ်လို့ ယူဆလို့ပါ။ နှစ်ရှည်ပင် ဆိုတော့ နှစ်စဉ်ပုံမှန်လေး ပြုစု စောင့်ရှောက် ပေးမယ်ဆိုရင် သက်တမ်းရင့်လာလေလေ ပုံမှန် ဝင်ငွေပေးပါတယ်။ ဒေသမျိုးလည်း စိုက်ထားတယ်။ အမေရိကန် ကယ်လီဖိုးနီးယားမျိုးကို ကိုင်းဆက် စနစ်နဲ့ စိုက်ပျိုးနေတာလည်း ရှိပါတယ်။ ဈေးကွက်ပိုင်း ပိုမို တိုးတက်ဖို့အတွက်တော့ အဘက် ဘက်က ကူညီစောင့်ရှောက် ဝိုင်းဝန်းပံ့ပိုးပေးမှုတွေ လိုအပ် နေပါတယ်။ စိုက်ပျိုးရေးဆိုင်ရာ အသင်းအဖွဲ့တွေ အနေနဲ့ရော၊ နိုင်ငံတော်ဌာနဆိုင်ရာတွေ အနေ နဲ့ပါ ထောပတ်ဈေးကွက်ကို တတ်စွမ်းသလောက် ဝိုင်းဝန်း ကူညီ ပံ့ပိုးပေးမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ’’ဟု ၎င်းက ဆက်လက် ပြောသည်။
ထောပတ်ပင်ကို ကိုင်းကူး ကိုင်းဆက်စနစ်ဖြင့် စိုက်ပျိုးပါက အချိန်နှစ်နှစ်အတွင်း ပန်းပွင့်ကာ အသီးစတင်သီးနိုင်ပြီး ရိုးရိုး အစေ့ပျိုးပင်ဖြင့် စိုက်ပျိုးပါက အချိန်သုံးနှစ်အတွင်း ပန်းပွင့်ကာ အသီးစတင်နိုင်သည်။ စီးပွားဖြစ် တင်ပို့ရောင်းချမည့် အသီးအရည် အသွေးမျိုးကို ရရှိရန်မူ စစိုက်ပျိုး သည့်နှစ်မှ ငါးနှစ်နှင့်အထက် အချိန်ကာလကြာမြင့်နိုင်ကြောင်း သိရသည်။
နန်းထက်ထက်ချစ်