
နေပြည်တော် ဒီဇင်ဘာ ၄
ထားဝယ်လူမျိုးစုကော်မတီမှ ဦးဆောင်၍ ထားဝယ် လူမျိုးများစုစည်းပြီး ထားဝယ်အမျိုးသားညီလာခံကို အောင်မြင်စွာကျင်းပနိုင်ခဲ့သော နတ်တော်လဆန်း ၁ ရက်ကို ထားဝယ်အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး ကျင်းပလာခဲ့သည်မှာ ယနေ့တွင် (၄)နှစ်ပြည့်မြောက် ခဲ့သည်။
စတုတ္ထအကြိမ် ထားဝယ်အမျိုးသားနေ့ကို ယနေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ ဇေယျဝတီကျောင်းတိုက် ၌ပြုလုပ်ရာ အဆိုပါ ကျောင်းတိုက်ဆရာတော်၊ ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)၊ နိုင်ငံတော် ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သူရိယ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူ ကြပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ဇေယျဝတီကျောင်းတိုက် ဆရာတော်နှင့် မေဃဝတီကျောင်းတိုက်ဆရာတော် နိုင်ငံတော် ဩဝါဒါစရိယ ဘဒ္ဒန္တ ဣန္ဓောဘာသ တို့က ဩဝါဒ ကထာ မြွက်ကြားတော်မူကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့သည့် သဝဏ်လွှာကို ဦးစီးနာယက၊ ဂုဏ်ထူး ဆောင် ဥက္ကဋ္ဌ ဦးတင်မြက ဖတ်ကြားသည်။
ယင်းနောက် ထားဝယ်လူမျိုးများပေါ်ပေါက်လာပုံ သမိုင်းကြောင်းနှင့် ဩဝါဒစကားများကို တိုင်းဒေသ ကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပေးပို့သော သဝဏ်လွှာကို တိုင်းဒေသကြီး တိုင်းရင်း သားရေးရာဝန်ကြီးက လည်းကောင်း ဖတ်ကြား ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ် ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်