ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ ဖိတ်ကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ကြေညာချက်အမှတ်   ၁  / ၂၀၂၂
၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက်
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ   ၆   ရက်
ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် 
စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ ဖိတ်ကြားခြင်း 
၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  နိုင်ငံတော်တည်ငြိမ် ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော  ပါတီစုံ ဒီမိုကရေစီစနစ်ထွန်းကားရေးတို့အတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ ရှေ့လုပ်ငန်းစဉ်၏ စတုတ္ထအချက်ဖြစ်သည့်     “တစ်နိုင်ငံလုံး    ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ပါ  သဘောတူညီ ချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်”ဟု အစိုးရအနေဖြင့် မူဝါဒချထားပါသည်။ အဆိုပါလုပ်ငန်းစဉ်ကို အကောင် အထည်ဖော်နိုင်ရန်         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်  အကောင်အထည် ဖော်လျက်ရှိပြီး   ငြိမ်းချမ်းရေးနှင့်ပတ်သက်၍   NCA     အတိုင်း    အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။    တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစ၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု  ရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ်(၂၀)ပြုလုပ်ပေးခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့ပါသည်။   ၂၀၂၂  ခုနှစ်၊  ဇန်နဝါရီလ         ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အလုပ်သဘောရောက်ရှိ ခဲ့သည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ  ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုအပြီး နှစ်နိုင်ငံသဘောတူထုတ်ပြန်ချက်တွင် ယခုနှစ်ကုန်ပိုင်း  အထိ   ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို    ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
၃။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး  ချုပ်၏ ၂၀၂၂ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် “၂၀၂၂ ခုနှစ် ဟာ အရေးပါတဲ့နှစ်ပဲဖြစ်ပါတယ်။ လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဟာ  စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပြီး   ၂၀၂၃ ခုနှစ်၊   ဇန်နဝါရီလ           ၄ ရက်နေ့ဟာ  စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် နိုင်ငံတော်၏ အချုပ်အခြာအာဏာ  ပိုမိုခိုင်မာစေဖို့  တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း  အသီးအပွင့်တွေနဲ့ပြည့်စုံဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့်  ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက်  ခြေလှမ်းသစ်များစရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်    စတုတ္ထအချက်ထဲမှာလည်း   ဖော်ပြပြီးဖြစ်လို့ သက်ဆိုင်သူများ၊ အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေး နိုင်ဖို့ဖိတ်ခေါ်လိုပါတယ်” ဟု   ပြောကြားခဲ့ပြီးဖြစ်သည်။  မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာ  ၇၅ နှစ်ခန့်ရှိပြီးဖြစ်သော်လည်း ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့်  နိုင်ငံတော်၏အချုပ်အခြာအာဏာ ခိုင်မာမှုနှင့် တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်ရေးမှာ ရှိသင့်သလောက်မရှိဘဲ  ခွန်အားများ၊ စွမ်းအားများ ဆုံးရှုံးလျက်ရှိပါသည်။  ၎င်းခွန်အား၊ စွမ်းအား များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအားပြည့်အသုံးပြု နိုင်ရန်အတွက် ထာဝရငြိမ်းချမ်းရေးရရှိဖို့ လိုအပ်ပါသည်။
၄။    ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို  တည်ဆောက်ရေးအတွက် ထာဝရငြိမ်းချမ်းရေးရရှိရေးသည် လွန်စွာ  အရေးကြီးပါသည်။  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို  အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရေးနှင့်စပ်လျဉ်း၍      နိုင်ငံရေးပါတီ အများစုမှလည်း ၅ နှစ်အတွင်း ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး ဦးတည်ဆွေးနွေး  ခဲ့ကြပါသည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု  ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီ ၃ ရပ်ကို   ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။  ငြိမ်းချမ်းရေးဆိုင်ရာ  ညှိနှိုင်းရေး ကော်မတီသည် ယနေ့အထိ  NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၁၆)ကြိမ်၊ NCA လက်မှတ် ရေးထိုးထားခြင်းမပြုသေးသော    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် (၉)ကြိမ်၊ နိုင်ငံရေးပါတီများနှင့် (၇)ကြိမ်၊ ဘာသာရေး ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့်  (၂)ကြိမ်၊  စုစုပေါင်း(၃၄)ကြိမ် တွေ့ဆုံခဲ့ပါသည်။
၅။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်   ထာဝရငြိမ်းချမ်းရေး အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲ များပြုလုပ်နိုင်ရေး        ဆက်လက်စီမံဆောင်ရွက်လျက်ရှိပါသည်။  အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် အဖွဲ့အစည်းများမှအပ  NCA    လက်မှတ်ရေးထိုးထားသည့်   တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသာမက    NCA     လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား   လက်နက်ကိုင်အဖွဲ့အစည်းများကိုပါ   ထာဝရ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်ဖိတ်ခေါ်ပါသည်။ ထိုသို့ငြိမ်းချမ်း ရေးဆွေးနွေးရာတွင် ဆွေးနွေးမည့်အကြောင်းအရာများနှင့်ပတ်သက်၍ ကြိုတင်ကန့်သတ်ချက်မထားဘဲ  တတ်နိုင်သလောက် လွတ်လွတ် လပ်လပ် နှီးနှောဖလှယ်နိုင်ရန်   ရည်ရွယ်ချက်ထားရှိကြောင်းလည်း အလေးထားဖော်ပြအပ်ပါသည်။
၆။    နိုင်ငံတော်၏ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်(၃)ရပ် အနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ်   ၂ ရပ်မှာ  “တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” ဖြစ်ပြီး    နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်မှာ  “စစ်မှန်စည်းကမ်းပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့်  ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး” ဖြစ်ပါသည်။ သို့ဖြစ်၍ ငြိမ်းချမ်း  ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးလုပ်ငန်းစဉ်အဖြစ် ယခုနှစ်မှစ၍ ငြိမ်းချမ်းရေးအတွက်  ခြေလှမ်းသစ်များ  စတင်မည် ဖြစ်ပါသည်။
၇။    မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးဖြစ်သည့် သမိုင်းအစဉ်အဆက်  ဖြစ်ပေါ်တည်ရှိလာသည့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ စေ့စပ်ညှိနှိုင်း အဖြေရှာရေးနည်းလမ်းဖြင့် ထာဝရငြိမ်းချမ်းရေးကို ရှေးရှုဆွေးနွေး သွားကြမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိန်ရတုပြည်ထောင်စုနေ့နှင့် ကြုံကြိုက်သည့်အခါသမယတွင်    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးတို့သည် စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့  အချိန်မီတက်ရောက်ကြ ပါရန်နှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား  တက်ရောက်စဉ် ကာလအတွင်း  ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကိုအခြေခံသည့်       ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေးအတွက် ကျင်းပမည့် ထာဝရ ငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲသို့    တက်ရောက်ဆွေးနွေး ကြပါရန် အထူးဖိတ်ကြားအပ်ပါသည်။ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးကလည်း နိုင်ငံတော်အစိုးရ၏ ထာဝရငြိမ်းချမ်းရေးအတွက် လွတ်လပ်ပြီး    ကြိုတင်ကန့်သတ်ချက်မထားသည့်   ငြိမ်းချမ်းရေး  ဆွေးနွေးပွဲနှင့်  စိန်ရတုပြည်ထောင်စုနေ့သို့ သက်ဆိုင်သူအားလုံး တက်ရောက်နိုင်ရေး ဝိုင်းဝန်းအကျိုးဆောင်ပေးနိုင်ပါရန် တိုက်တွန်း နှိုးဆော်မေတ္တာရပ်ခံအပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ