လမ်းပေါ်မတော်တဆမှုများ ကျဆင်းရေး ယာဉ်/လမ်းစည်းကမ်းများ အလေးထားလိုက်နာ
အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (NRSC) က လစဉ်ပြုစုထုတ်ပြန်သည့် ယာဉ်တိုက်ခိုက်မှု ကိန်းဂဏန်းအချက်အလက်များ၊ နှစ်ချုပ်အစီရင်ခံစာများအရ ၂၀၁၈ ခုနှစ်ကစပြီး ယာဉ်တိုက်မှု၊ ဒဏ်ရာရ၊ သေဆုံးမှုစာရင်း များ တောက်လျှောက်လျော့နည်းကျဆင်းလာခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် လတစ်လချင်းအလိုက် အနည်းငယ် ပြန်လည်မြင့်တက်လာခဲ့သည်။ ၂၀၂၀၊ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ် တို့တွင် ကိုဗစ် - ၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ရေး အတွက် အသွားအလာများ ကန့်သတ်ခဲ့ခြင်းက လမ်းပေါ် မတော်တဆဖြစ်မှုများအပေါ်တွင်ပါ သက်ရောက်ခဲ့ခြင်းဖြစ်သည်။