
နေပြည်တော် ဒီဇင်ဘာ ၇
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက လရောင်တော စီမံကိန်း အဆောက်အဦများနှင့် ဆက်စပ် အဆောက်အဦများ ဆောက်လုပ် ရာ၌ အသုံးပြုရန်အတွက် မြန်မာ့သစ်လုပ်ငန်းမှ ကျွန်းသစ် လုံး၊ ကျွန်း၊ ပျဉ်းကတိုး နှင့် ပိတောက်ခွဲသားများအား လျှောက်ထားဝယ်ယူခဲ့သည့် ကိစ္စ တွင် နိုင်ငံတော်၏ နစ်နာဆုံးရှုံးမှု များအတွက် တာဝန်ရှိသူများ အပေါ် အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ သည်။
စုံစမ်းစစ်ဆေးရေး အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးအုန်းဝင်းသည် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက လရောင်တော စီမံကိန်းတွင် အသုံးပြုရန်အတွက် ကျွန်းသစ်လုံး၊ ကျွန်းခွဲသား၊ ပျဉ်းကတိုး၊ ပိတောက်သစ် စုစုပေါင်း ၁၇၂ ဒသမ ၀၇၆၄ တန် ကို ရောင်းချပေးရန် နှစ်ကြိမ် လျှောက်ထားမှုအပေါ် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါစနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ၎င်း၏ ဆုံးဖြတ်ချက်ဖြင့်သာ ရောင်းချ ပေးရန် မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ထံ ညွှန်ကြားခဲ့ခြင်း၊ စာရင်းစစ်ချုပ် ရုံး၏ စာရင်းစစ်ဆေးတွေ့ရှိချက် အရ မြန်မာ့သစ်လုပ်ငန်းက ရောင်းချထားသည့် ဈေးနှုန်းနှင့် တင်ဒါအောင် ဈေးနှုန်း၊ သက်ဆိုင် ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းဦးစီးဌာနတို့၏ ဒေသပေါက် ဈေးနှင့် နှိုင်းယှဉ်တွက်ချက်မှုများ အရ နိုင်ငံတော်အနေဖြင့် စုစုပေါင်း ငွေကျပ်သန်း ၁၀၀ ကျော်ခန့် နစ်နာမှုရှိခဲ့ခြင်းကြောင့် ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးအုန်းဝင်းသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က အဂတိ လိုက်စားမှု ကျူးလွန်ခြင်းဖြစ် ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။
သတင်းစဉ်