သုဝဏ္ဏသာမဇာတ်တော်

မြတ်မင်းလှိုင်

 

ယမန်နေ့မှ အဆက်


ထိုအခါ ပီဠိယက္ခမင်းသည် ဘုရားလောင်းသုဝဏ္ဏသာမ မှာကြား လိုက်သည့်အတိုင်း    မိခင်ဖခင်တို့အား  ပြန်ပြောမည်ဖြစ်ကြောင်း ဝန်ခံလေလျှင်   သုဝဏ္ဏသာမသည်  အမိအဖတို့အား  ရည်မှန်းရှိခိုးကာ မိန်းမောနေလေသည်။ 


 ဤသို့သုဝဏ္ဏသာမသည်    အမိအဖတို့အား   ရှိခိုးလိုက်ကြောင်း မှာကြားပြီး   မိန်းမောသွားသည်ကို  မင်းကြီးမြင်လျှင် ထွက်သက် ဝင်သက်တို့    ချုပ်ခဲပြီဟု   မှတ်ယူလိုက်လေသည်။ မင်းကြီးသည် သုဝဏ္ဏသာမအား လွန်စွာသနားလှသည်ဖြစ်၍ လက်နှစ်ဖက်ကို မြှောက်လျက်  ထိပ်ပေါ်တင်ထားပြီးလျှင်  တောရပ်တစ်ခုလုံး ပဲ့တင် ထပ်အောင် သည်းထန်စွာငိုကြွေးလေသည်။ 


ပီဠိယက္ခမင်းသည်    မအိုမသေဟု  မှတ်ယူထားခဲ့သော်လည်း သုဝဏ္ဏသာမ၏  အဖြစ်ကိုမြင်ရသောအခါတွင်မှ သေခြင်းတရားကို သိရှိရကြောင်း၊   သုဝဏ္ဏသာမအား  အဆိပ်လူးမြားဖြင့်  ပစ်မိသဖြင့် အလွန်ကြမ်းကြုတ်သော ငရဲ၌ခံရတော့မည်ဖြစ်ကြောင်း၊ သုဝဏ္ဏသာမ အား   မြားဖြင့်ပစ်မိသော  မကောင်းမှုကြောင့် လူသူအပေါင်းတို့က ကြမ်းကြုတ်သောအမှုကို ပြုတတ်သောမင်းအဖြစ် ကဲ့ရဲ့ကြတော့မည် ဖြစ်ကြောင်း မိမိကိုယ်ကို အပြစ်တင်လျက် ငိုကြွေးမြည်တမ်းလေ၏။ 


ထိုသို့ ပီဠိယက္ခမင်းကြီးသည် အကြောင်းများစွာပြ၍ ငိုကြွေးနေ သည်ကို ဂန္ဓမာဒနတောင်၌နေသော လှပတင့်တယ်၍ စိတ်ကောင်းရှိ သော နတ်သမီးဗဟုသုန္ဒရီသည် ကြည့်ရှုဆင်ခြင်မိလေသည်။ ထိုနတ် သမီးသည် သုဝဏ္ဏသာမ၏ ခုနစ်ကြိမ်မြောက် အမိဖြစ်ခဲ့ဖူးသည်ကြောင့် သုဝဏ္ဏသာမအား အမြဲမပြတ်ကြည့်ရှုစောင်မ၏။ ထိုမြားမှန်သောနေ့၌ ဗဟုသုန္ဒရီနတ်သမီးသည်   နတ်သဘင်အစည်းအဝေးသို့  သွားနေချိန် ဖြစ်၍ သုဝဏ္ဏသာမအား  ကြည့်ရှုစောင့်ရှောက်ရန် လစ်ဟင်းခဲ့သဖြင့် ဤသို့အဖြစ်ဆိုးနှင့် ကြုံရခြင်းဖြစ်၏။ 


သုဝဏ္ဏသာမ မြားမှန်သော  အကြောင်းကိုမြင်လျှင် နတ်သမီးသည် မိမိမသွားဘဲနေလျှင်   သုဝဏ္ဏသာမသည်  မိဂသမ္မတာမြစ်နား၌ပင်၊ သေခြင်းသို့ရောက်တော့မည်၊ ပီဠိယက္ခမင်းသည်လည်း နောင်တရ၍ နှလုံးကွဲတော့မည်၊ သုဝဏ္ဏသာမ၏ မိဘနှစ်ပါးမှာလည်း အစာမစားရ၊ ရေမသောက်ကြရသည်ကြောင့်   သေခြင်းသို့ရောက်ကြတော့မည်၊ မိမိသွားရောက်ခဲ့လျှင်    ပီဠိယက္ခမင်းသည်  သောက်ရေအိုးကိုယူ၍ သုဝဏ္ဏသာမ၏ အမိအဖထံသို့ သွားရောက်ပေးလိမ့်မည်၊ ဒုကူလနှင့် ပါရိကတို့သည်  အကြောင်းစုံကို  သိရှိ၍လိုက်ပါလာပါက   မိမိနှင့် သစ္စာဆိုခွင့်ရမည်ဖြစ်ပြီး သုဝဏ္ဏသာမ၏  မြားဆိပ်သည် ပျောက်ကင်း လိမ့်မည်။ ထို့အပြင် ဒုကူလနှင့်  ပါရိကာလည်း မျက်စိအလင်းပြန်ရမည်၊ ပီဠိယက္ခမင်းကြီးသည်လည်း  သုဝဏ္ဏသာမ၏   တရားစကားကို နာကြား၍ ဗာရာဏသီပြည်သို့ ပြန်ပြီးကြီးစွာသော အလှူကိုပေးသဖြင့် နတ်ပြည်သို့လားရပေလိမ့်မည်      စသည်ဖြင့်    ဆင်ခြင်မိသဖြင့်   မိဂသမ္မတာမြစ်နား၌    မထင်မရှားသောကိုယ်ဖြင့်  ကောင်းကင်တွင် ရပ်၍ ပီဠိယက္ခမင်းကြီးနှင့် စကားဆိုလေသည်။ 


နတ်သမီးက “မြတ်သောမင်းကြီး မကောင်းသောအမှုကို ပြုလိုက် လေသည်၊ မြားတစ်စင်းတည်းဖြင့် အပြစ်မဲ့သောအမိ၊ အဖနှင့်သား တို့ကို  သတ်ရာရောက်နေလေပြီ၊ ထို့ကြောင့် မျက်မမြင် အမိအဖတို့ကို ဟိမဝန္တာတောကြီး၌ တရားသဖြင့် အလုပ်အကျွေးပြုချေ၊ ထိုသို့ပြု လျှင် မင်းကြီးသည်လည်း  ကောင်းရာသုဂတိသို့ လားရပေမည်”ဟု ဆိုလေသည်။ 
မင်းကြီးသည် နတ်သမီး၏ စကားကိုကြားလျှင် သုဝဏ္ဏသာမအား သေပြီအမှတ်ဖြင့်  အထူးထူးသော အဆင်းအနံ့ရှိသော ပန်းမျိုးစုံတို့ဖြင့် သုဝဏ္ဏသာမ၏  ကိုယ်ကိုပူဇော်၍ ရေသွန်းလောင်းပြီးလျှင် အရပ်လေး မျက်နှာတို့ကို လက်ယာရစ်သုံးကြိမ်လှည့်လည်လျက် ရှိခိုးပူဇော်လေ သည်။ ထို့နောက်ရေအပြည့်ရှိသော သုဝဏ္ဏသာမ၏ သောက်ရေအိုးကို ယူ၍ နှလုံးမသာမယာဖြင့် ဒုကူလနှင့် ပါရိကတို့ရှိရာ အရပ်သို့ ရှေးရှု လာခဲ့သည်။ 


ပီဠိယက္ခမင်းကြီးသည် ခွန်အားကြီးသောကြောင့် ဒုကူလနှင့် ပါရိကတို့    ကျောင်းသင်္ခမ်းသို့     ဝင်ရာတွင်    ခြေသံပြင်းလှသည်။ ထို့ကြောင့်     ဒုကူလနှင့်   ပါရိကတို့သည်   ခြေသံကိုကြားသည်နှင့် မိမိတို့၏သား သုဝဏ္ဏသာမ မဟုတ်ကြောင်းချက်ချင်းသိရှိရ၍ မည်သူ ဖြစ်နည်းဟု မေးလေသည်။ ထိုအခါ မင်းကြီးသည် မိမိသည်မည်သူ ဖြစ်ကြောင်း  ဦးစွာမပြောဘဲ သုဝဏ္ဏသာမအား မြားဖြင့်ပစ်မိသည့် အကြောင်းပြောပါက  မိဘနှစ်ပါးတို့အား များစွာအမျက်ထွက်စေ၍  ညှဉ်းပန်းရာ  ရောက်တော့မည်။ ထိုသို့ညှဉ်းဆဲမိပါက မကောင်းမှု ထပ်မံပွားတော့မည်ကို စိုးရိမ်သဖြင့် ရေအိုးကိုရေအိုးစင်၌ ချထား၏။ ထို့နောက်ကျောင်းသင်္ခမ်း တံခါး၌ရပ်လျက်  မိမိသည် လေးအတတ် ကျွမ်းကျင်ပြီး  သမင်သားကို လွန်စွာနှစ်သက်၍ အလွန်အကျွံစားသည့် ပီဠိယက္ခမင်းဖြစ်ကြောင်း ပြောပြလေသည်။ 


ထိုအခါ ဒုကူလနှင့် ပါရိကတို့သည် သစ်သီးတို့ချိုမြိန်အရသာရှိပြီး။ မိဂသမ္မတာမြစ်ရေ၏ အလွန်အေးချမ်းခြင်းတို့ကို ဖွဲ့နွဲ့ပြောဆိုကာ မင်းကြီးအား   ဧည့်ခံလေသည်။ မင်းကြီးလည်း သုဝဏ္ဏသာမအား မြားဖြင့်   ပစ်ခဲ့သည်ကို    ပြောဆိုရန်နှုတ်လေးနေသဖြင့်  သစ်သီးတို့   မည်သို့ယူခဲ့သည်ကို  မေးလေသည်။ ဒုကူလက သားသုဝဏ္ဏသာမ ဆောင်ယူပေးကြောင်း       မကြာမီပြန်လာတော့မည်ဖြစ်ကြောင်း ပြောကြားလေသည်။ ထိုစကားကို ကြားရသောအခါ မင်းကြီးလည်း မိမိသည်  သုဝဏ္ဏသာမအား အဆိပ်လူးမြားဖြင့် ပစ်ခဲ့မိ၍ သုဝဏ္ဏသာမ သည်   သွေးအလိမ်းလိမ်းဖြင့်  မိဂသမ္မတာမြစ်အနီး၌  ကျန်ရစ်ခဲ့သည်ဟု ပြောလေသည်။ ပါရိကသည် ထိုစကားကိုကြားလျှင် အမျက်ထွက်လေ သည်။   ထိုအခါ  ဒုကူလသုခမိန်က မင်းကြီးသည် သမင်၌ဖြစ်သော အမျက်ဒေါသကြောင့်  ပြစ်မိခြင်းဖြစ်၍ အမျက်မထွက်ရန်၊ အမျက် ထွက်က  မကောင်းမှုသို့ လားရာ၏ဟု ဖျောင်းဖျဆုံးမလေသည်။ 


မင်းကြီးက   မိမိသည် သုဝဏ္ဏသာမကိုယ်စား အမိအဖတို့အား အလုပ်အကျွေးပြုသွားမည်ဖြစ်ကြောင်း    နှစ်သိမ့်အားပေးစကား ပြောဆိုလေသည်။  ဒုကူလနှင့်  ပါရိကတို့က  အရှင်မင်းမြတ်သည် မိမိတို့၏ သခင်ဖြစ်သောကြောင့် မိမိတို့အား အလုပ်အကျွေးပြုရန် မသင့်ဟု    မင်းကြီး၏ဂုဏ်ကို  ချီးကျူးစကားကို  ဆိုလေပြီးလျှင် သုဝဏ္ဏသာမရှိရာ အရပ်သို့ပို့ဆောင်ပေးရန် တောင်းပန်ကြလေသည်။ မင်းကြီးက  တောကြီးသည်  ကြောက်မက်ဖွယ်ကောင်းလှသောကြောင့် ကျောင်းသင်္ခမ်း၌သာ နေရန်တောင်းပန်ပြောဆိုရာ  မရသဖြင့်ညတွင်း ချင်းပင် အမိအဖနှစ်ဦးတို့၏ လက်ကိုဆွဲ၍ ပို့ဆောင်ပေးရလေသည်။


ဒုကူလနှင့် ပါရိကတို့အား မိဂသမ္မတာမြစ်နားတွင် မိန်းမော လဲနေသည့် သုဝဏ္ဏသာမအနီးသို့ အရောက်ပို့ဆောင်ပေးလေသည်။ ထိုအခါ အဖခမည်းတော် ဒုကူလသည် ဦးကိုချီမ၍ မယ်တော် ပါရိက သည် ခြေကိုချီ၍  ပေါင်ပေါ်တင်ထားပြီးလျှင်  ပြင်းထန်စွာ ငိုကြွေးကြ လေသည်။ 
ထိုသို့   ငိုကြွေးမြည်တမ်းပြီးလျှင် သုဝဏ္ဏသာမ၏  ရင်ကိုစမ်းသပ် သည့်အခါ  သုဝဏ္ဏသာမသည် အသက်မသေသေးဘဲ မိန်းမောနေခြင်း ဖြစ်သည်ကို သိရှိလျှင် အဆိပ်ပြယ်စေရန်အတွက် သစ္စာဆိုကြလေ သည်။ ဦးစွာ အမိပါရိက-


(က) ငါ့သား   သုဝဏ္ဏသာမသည် ရှေးကဆယ်ပါးသော ကုသိုလ် ကမ္မပထတရားကို ကျင့်ခဲ့၏။ ထိုသစ္စာစကားကြောင့် မြားဆိပ်ပျောက် စေသတည်း။ 
(ခ) ငါ့သား သုဝဏ္ဏသာမသည်   ရှေးကမြတ်သော   အကျင့်ကို ကျင့်၏။ ဤမှန်သော သစ္စာစကားကြောင့် မြားဆိပ်ပျောက်စေသတည်း။ 
(ဂ) ငါ့သား  သုဝဏ္ဏသာမသည် ရှေးကဟုတ်မှန်သော သစ္စာစကား ကိုဆိုတတ်၏။ ဤမှန်သော သစ္စာစကားကြောင့် မြားဆိပ်ပျောက်စေ သတည်း။ 
(ဃ) ငါ့သား     သုဝဏ္ဏသာမသည်      မိဘတို့ကိုလုပ်ကျွေးသည်။ ဤမှန်သော  သစ္စာစကားကြောင့် မြားဆိပ်ပျောက်စေသတည်း။ 
(င) ငါ့သား သုဝဏ္ဏသာမသည်   အသက်ကြီးသူများနှင့် မိဘကို ရိုသေ၏။  ဤမှန်သော   သစ္စာစကားကြောင့်   မြားဆိပ်ပျောက်စေ သတည်း။ 
(စ) ငါ့သား သုဝဏ္ဏသာမအား  ငါ၏ အသက်ထက်ချစ်မြတ်နိုး၏။ ဤမှန်သော  သစ္စာစကားကြောင့် မြားဆိပ်ပျောက်စေသတည်း။ 
(ဆ) ငါသည်လည်းကောင်း၊ သုဝဏ္ဏသာမ အဖသည်လည်းကောင်း အမှတ်မထားဘဲ  ပြုခဲ့သောကောင်းမှုရှိ၏။ ခပ်သိမ်းသော ထိုကောင်းမှု ကြောင့် မြားဆိပ်ပျောက်စေတည်း။


သုဝဏ္ဏသာမ၏   အမိသည်  ဤသို့သစ္စာ  ပြုလိုက်သည့်အခါ သုဝဏ္ဏသာမသည်   တစ်ဖက်သို့စောင်း၍  ပြန်အိပ်၏။ ထိုအခါ ဖခင်ဒုကူလသည်  ငါ့သားအသက်ရှိသေး၏။  ငါသည်လည်း သစ္စာပြု အံ့ဟု ပါရိကသစ္စာပြုခဲ့သည့် (၇) ချက်ကို ထပ်မံသစ္စာပြုလေသည်။ ထိုအခါ သုဝဏ္ဏသာမသည် အခြားတစ်ဖက်သို့ လှည့်ပြောင်း၍ အိပ်ပြန် ၏။ ထိုသို့အိပ်သောအခါ မိခင်ဟောင်းဖြစ်သော ဗဟုသုန္ဒရီနတ်သမီး သည်  သစ္စာပြုလေသည်။ ထိုဗဟုသုန္ဒရီနတ်သမီးပြုသော   သစ္စာ သုံးချက်မှာ-


(က) ငါသည်   ဂန္ဓမာဒနအမည်ရှိသော   တောင်၌ အမြဲနေပြီး သုဝဏ္ဏသာမ မှတစ်ပါးချစ်မြတ်နိုးသူ ဟူ၍မရှိ။ ဤမှန်သောသစ္စာစကား ကြောင့် မြားအဆိပ်ပျောက်စေတည်း။ 
(ခ-ဂ) ဂန္ဓမာဒနအမည်ရှိသော  တောင်၌တောတို့သည် နံ့သာ အတိရှိကြ၏။   နံ့သာမဟုတ်သော  သစ်ပင်ဟူ၍မရှိ၊ ဤမှန်သော သစ္စာစကားကြောင့် မြားအဆိပ်ပျောက်စေတည်း။ 
ဟူ၍ဖြစ်လေသည်။ 


ထိုသို့ ဗဟုသုန္ဒရီနတ်သမီးက သစ္စာပြုပြီးသည်နှင့် ဘုရားလောင်း သုဝဏ္ဏသာမသည်လျင်စွာထ၍  ပဒုမ္မာကြာဖက်မှ ရေလျှောသကဲ့သို့ မြားအဆိပ်သည် ပြယ်လေ၏။ မြားမှန်သောအနာသည်လည်း အရာ မထင်တော့ပေ။ မယ်တော် ခမည်းတော်တို့သည်လည်း မျက်စိအလင်း ပြန်ရကြပြီး     နတ်တို့၏   တန်ခိုးဖြင့်  နေအရုဏ်တက်ချိန်တွင် သုဝဏ္ဏသာမ၊ ဒုကူလ၊ ပါရိကနှင့် မင်းကြီးပီဠိယက္ခတို့သည် ကျောင်း သင်္ခမ်းသို့ အလိုလိုပြန်ရောက်နေကြလေသည်။ 


သုဝဏ္ဏသာမသည် မင်းကြီးပီဠိယက္ခအား ငါးပါးသီလပေးကာမင်း ကျင့်တရားဆယ်ပါးနှင့်အညီ   ကျင့်ကြံရန်  တရားဟောကြားသည်။ အသက်ဆုံးသည့်အခါ  ဗြဟ္မပြည်သို့  လားကြရသည်။