သုဝဏ္ဏသာမဇာတ်တော်

မြတ်မင်းလှိုင်

ရှေးအခါက ဗာရာဏသီပြည်နှင့် မနီးမဝေးအရပ်၌ မြစ်တစ်စင်း ရှိ၏။ ထိုမြစ်၏ကမ်းတစ်ဖက်စီ၌ တံငါရွာတစ်ရွာစီရှိသည်။ ထိုရွာ နှစ်ရွာမှ တံငါအကြီးအကဲ နှစ်ဦးတို့သည် မိမိတို့၌ သားနှင့်သမီး အသီးသီး ဖွားမြင်ပါက အချင်းချင်းထိမ်းမြားပေးရန် ကတိပြုထားကြလေသည်။ ထို့နောက် တစ်ဖက်ရွာအကြီးအကဲတံငါသည်သည် ဒုကူလအမည် ရှိသော သားတစ်ယောက်ကို ဖွားမြင်သည်။ ကျန်တံငါသည် ရွာအကြီး အကဲသည် ပါရိကအမည်ရှိသော သမီးတစ်ယောက်ကို ဖွားမြင်သည်။ 
ဒုကူလနှင့် ပါရိကတို့သည်   ဗြဟ္မာပြည်မှ   လာသူဖြစ်ကြသည့် အလျောက်တံငါမျိုးတွင် မွေးဖွားလာခဲ့သော်လည်း သူ့အသက်ကို သတ်ခြင်းစသည့် အကုသိုလ်အလုပ်များကို   ပြုလုပ်လေ့မရှိကြပေ။ ထို့အပြင် အိမ်ထောင်မှုကို စက်ဆုပ်ကြလေသည်။ သို့သော်မိဘများ ကတိပြုထားကြသည့်အတိုင်း အသီးသီးအရွယ်ရောက်လာချိန်တွင် ထိမ်းမြားလက်ထပ်ပေးလိုက်သည်။  ၎င်းတို့၏   အလိုဆန္ဒမရှိဘဲ မိဘများ၏ဆန္ဒဖြင့် ထိမ်းမြားပေးခြင်းခံရကြရပေသည်။ ဒုကူလနှင့် ပါရိကတို့သည် ကိလေသာအမှုကို မလိုလားကြသဖြင့် သန့်ရှင်းစွာပင် အတူတကွ နေထိုင်ကြပေသည်။ 
ထိုသို့ထိမ်းမြားလက်ထပ်ပြီးသော်လည်း ဒုကူလသည် အကုသိုလ် အလုပ်များဖြစ်သည့်   သားငါးသတ်ခြင်း၊   အမဲရောင်းခြင်းတို့ကို မပြုလုပ်သဖြင့် မိဘတို့က အပြစ်တင်ခြင်းကို ခံရလေသည်။ ဒုကူလ နှင့် ပါရိကတို့သည် မိမိတို့မှာ သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းအောင် ကျင့်ကြံအားထုတ်နိုင်ရေးအတွက်   ရဟန်းအဖြစ်ကိုသာ  အလိုရှိ ကြောင်း မိဘများထံ ခွင့်ပန်ကြသည်။ မိဘများကလည်း ခွင့်ပြုခဲ့ကြ ရပေသည်။ 
ဒုကူလနှင့် ပါရိကတို့သည် မိဘများ၏  ခွင့်ပြုချက်ရသည်နှင့် ဝမ်းမြောက်စွာပင် တံငါရွာမှထွက်လာကြ၏။ ဂင်္ဂါမြစ်သို့ စီးဝင်သော မိဂသမ္မတာမြစ်အနီး ဟိမဝန္တာတောသို့ ဝင်၍ မြစ်အတိုင်း ဆန်တက် သွားကြလေသည်။ 
ထိုအချိန်တွင် တာဝတိံသာနတ်ပြည်ရှိ သိကြားမင်း၏ ပဏ္ဍု ကမ္ဗလာမြကျောက်ဖျာသည် ပူပြင်းမာကျောလာသည်။ သိကြားမင်း သည် အကြောင်းစုံကို ဆင်ခြင်ကြည့်လေလျှင် ဒုကူလနှင့် ပါရိကတို့ သည် တောထွက်လာသည်ကို သိမြင်ရလေသည်။ ထိုအခါ ဝိသကြုံ နတ်သားအားစေလွှတ်၍ ရဟန်းနှစ်ပါးအတွက် ကျောင်းသင်္ခမ်းနှင့် ရဟန်းပရိက္ခရာတို့ကို ဖန်ဆင်းစေသည်။  ဝိသကြုံနတ်သားသည် အဆောင်ဆောင်သော ကျောင်းသင်္ခမ်းနှင့်အတူ ကြာမျိုးငါးပါးနှင့် ပြည့်စုံသော ရေကန်၊ သစ်သီးသစ်ပင်များ ရဟန်းပရိက္ခရာနှင့် အိုးခွက် စသည်တို့ပါမကျန်  ဖန်ဆင်းပေး၍ ရဟန်းပြုလိုသူတို့အလိုရှိသမျှ သုံးဆောင်နိုင်ကြောင်း ကမ္ပည်းထိုးခဲ့လေသည်။ 
ဒုကူလနှင့် ပါရိကတို့သည် ကျောင်းသင်္ခမ်းနှင့် ရဟန်းပရိက္ခရာ တို့ကို တွေ့လျှင်ဒုကူလသည် ခါးဝတ်ပုဆိုးကိုစွန့်ပစ်ပြီး လျှော်တေ သင်္ကန်းကိုဝတ်ရုံကာ ဆံကျစ်ကိုထုံးလျက် ရသေ့အဖြစ်ခံယူလေသည်။ ပါရိကအားလည်း အလားတူ ရသေ့အဖြစ်ခံယူစေသည်။ ရသေ့နှစ်ပါး တို့သည် ဗြဟ္မစိုရ်ကမ္မဋ္ဌာန်းကို ပွားများကြလေသည်။ တံမြက်လှည်း ခြင်း၊ သောက်ရေ သုံးရေသယ်ဆောင်ခြင်း၊ သစ်သီးသစ်မြစ် ရှာဖွေ ခြင်းတို့ဖြင့် ပါရမီဖြည့် ဆောင်ရွက်လေသည်။ 
ဒုကူလနှင့် ပါရိကတို့ သီတင်းသုံးရာ  ကျောင်းသင်္ခမ်းသို့ သိကြားမင်း သည် လာရောက်ခစားရင်း ရသေ့နှစ်ပါး၏ အနာဂတ်ကို ကြည့်လိုက်ရာ ရသေ့နှစ်ပါးတို့သည် နောင်အခါမျက်စိအလင်းကွယ်မည်ဖြစ်ကြောင်း ကြိုတင်သိမြင်မိလေသည်။ ထိုအခါ ရသေ့နှစ်ပါးအတွက် အလုပ်အကျွေး ပြုမည့် သားသမီးလိုအပ်နေသည်ကို ဆင်ခြင် မိလေသည်။ သိကြားမင်း က ဒုကူလအား ပါရိက၏ ချက်ကိုလက်ဖြင့် သုံးသပ်ပါရန် တောင်းပန် သဖြင့်  ဒုကူလလည်း  လိုက်နာဆောင်ရွက်ခဲ့သည်။  ထိုအခါ ရသေ့မ ပါရိကသည် သန္ဓေရှိပြီး သုဝဏ္ဏသာမအား ဖွားမြင်လေသည်။ 
တစ်နေ့သောအခါ မိခင်နှင့် ဖခင်တို့ သစ်သီးရှာဖွေသွားစဉ် မိုးကြီး ရွာသွန်းလေသည်။ ဒုကူလနှင့်  ပါရိကတို့သည်  လမ်းခရီးရှိသစ်ပင်တစ်ပင်ရင်းအောက် တောင်ပို့ပေါ်တွင် မိုးခိုကြလေသည်။ ရသေ့နှစ်ပါး တို့၏ ကိုယ်မှချွေးများနှင့် မိုးရေစက်တို့သည် တောင်ပို့ခေါင်းတွင်းသို့ စီးဝင်လေသည်။ တောင်ပို့ခေါင်းတွင်းရှိ မြွေဟောက်သည် ဒေါသမာန် ထွက်သောကြောင့် မှုတ်ထုတ်လိုက်ရာ ရသေ့နှစ်ပါးတို့သည် အငွေ့သင့် ၍ မျက်စိအလင်းကွယ်ကြရရှာသည်။ 
သုဝဏ္ဏသာမလည်း မိခင်နှင့် ဖခင်တို့အချိန်တန်လျက် ပြန်မရောက် သဖြင့် မိမိသတိပြုမှတ်သားထားသည့် ခရီးအတိုင်းလိုက်လာခဲ့သည်။ တောင်ပို့သို့ရောက်ရှိသည့်အခါ မိဘနှစ်ပါးမျက်စိကွယ်လျက် တွေ့ရှိရ လေလျှင် စိုးရိမ်စိတ်ဖြင့် အပြေးသွားလေသည်။ ရသေ့နှစ်ပါးသည် သား၏အသံကိုကြားလျှင် အနီးသို့မလာရန် မိဘနှစ်ဦး၏ စကားအတိုင်း နွယ်ကြိုးကိုသာပေးစေသည်။ ထို့ကြောင့် သုဝဏ္ဏသာမသည် မိဘနှစ်ဦး ၏ စကားအတိုင်း နွယ်ကြိုးကို   ကမ်းပေးလေရာ   မိဘနှစ်ပါးသည် နွယ်ကြိုးကိုကိုင်၍ သားထံချဉ်းကပ်လာကြသည်။ မိဘနှစ်ပါးတို့ မျက်စိ ကွယ်ရသည့်အကြောင်းရင်းကို သိရှိရလျှင် သုဝဏ္ဏသာမသည် ငိုလည်း ငိုသည်၊ ရယ်လည်း ရယ်မောလေသည်။ သုဝဏ္ဏသာမ ငိုခြင်း သည် မိဘနှစ်ပါးတို့ မျက်စိကွယ်ရခြင်းကို ဝမ်းနည်းငိုကြွေးခြင်းဖြစ်ပြီး ရယ်မောခြင်းမှာ မိဘနှစ်ပါးတို့အား မိမိကတစ်လှည့်ပြုစုလုပ်ကျွေး ခွင့်ရရှိတော့ မည်ကို ဝမ်းမြောက်ကြည်နူးစိတ်ဖြစ်ပေါ်လာ၍  ရယ်မော ခြင်း ဖြစ်ပေသည်။ 
သုဝဏ္ဏသာမသည် မိခင်နှင့်ဖခင်တို့အား တောင်ပို့မှ ကျောင်း သင်္ခမ်းသို့ ပြန်လည်ပင့်ဆောင်လာခဲ့သည်။ ထိုနေ့မှစပြီး ရသေ့နှစ်ပါး၏ ဝတ်ကြီး ဝတ်ငယ်မှန်သမျှတို့ကို မညည်းမညူလုပ်ကိုင်ပြုစုလေသည်။ စားသောက်ရန် သစ်သီးများကို နေ့စဉ်ရှာဖွေသည်။ ထိုသို့သစ်သီးကို ရှာဖွေသွားသည့် အခါတွင်  သမင်များခြံရံလျက်   မိဂသမ္မတာမြစ် သို့သွားကာ သောက်ရေ ကိုလည်းခပ်လေ့ရှိပေသည်။ ကိန္ဒရာ ကိန္ဒရီတို့ သည် ဘုရားလောင်းသုဝဏ္ဏသာမကို ခြံရံလျက် သစ်သီးကြီးငယ်တို့ကို ခူးယူကာ ဘုရားလောင်းအား ပေးလေ့ရှိသည်။ ဘုရားလောင်းသည် ရရှိလာသော သစ်သီးကြီးငယ်တို့ကို အမိအဖတို့အား ကျွေးမွေးသည်။ မိဘနှစ်ပါး စားသောက်ပြီးသောအခါ၌သာ ကျန်ရှိသော သစ်သီးတို့ကို စားသောက်လေ့ရှိပေသည်။ 
ထိုအချိန်ခါ၌ ပီဠိယက္ခမင်းသည် ဗာရာဏသီပြည်၌ မင်းပြုနေချိန် ဖြစ်ပေသည်။ ထိုပီဠိယက္ခမင်းသည် သမင်သားကို လွန်စွာတပ်မက် သည့် မင်းဖြစ်သည်။ ထို့ကြောင့် ပီဠိယက္ခမင်းသည် မယ်တော်အား တိုင်းပြည် ကို အပ်နှင်းခဲ့ပြီး လက်နက်ငါးပါးကိုစွဲကိုင်လျက် ဟိမဝန္တာ တောသို့ ဝင်ရောက်ကာ   သမင်များကို   ပစ်ခတ်စားသောက်နေလေသည်။ စားသောက်ပြီးတိုင်းလည်း မိဂသမ္မတာမြစ်သို့ ဆင်း၍ရေသောက်လေ့ ရှိသည်။ ထိုနေ့တွင် မင်းကြီးသည် သမင်ခြေရာနောက်ကို လိုက်ရင်း သုဝဏ္ဏသာမ  ရေခပ်ဆင်းရာ မိဂသမ္မတာမြစ်သို့ ရောက်ရှိလာလေ သည်။ ပီဠိယက္ခမင်းသည် လေးတင်လျက် အဆိပ်လူးသော မြားကို ကိုင်၍ သစ်ခက်အုံမှ ချောင်းမြောင်းစောင့်ဆိုင်းနေလေသည်။ 
ဘုရားလောင်းသုဝဏ္ဏသာမသည် မိခင်ဖခင်တို့အတွက် သစ်သီး များကို ကျောင်းသင်္ခမ်း၌ထားခဲ့ပြီး မိခင်ဖခင်တို့ ရေချိုးနိုင်ရန်အတွက် သောက်ရေအိုးကိုယူ၍ သမင်အပေါင်းခြံရံလျက် သမင်နှစ်စီးတို့၏ ကျောကုန်းပေါ်၌ သောက်ရေအိုးတင်၍ မြစ်ဆိပ်သို့ဆင်းလေသည်။ 
ထိုသို့  ဘုရားလောင်းသုဝဏ္ဏသာမသည်  သမင်များ  ခြံရံလျက် ရေခပ်ဆင်းလာသည်ကို ပီဠိယက္ခမင်းမြင်လျှင် လွန်စွာအံ့ဩနေသည်။ လူလော၊ နတ်လော၊ နဂါးလော ဟူ၍ ဝေခွဲမရ သိရှိလိုစိတ် ပြင်းပြလျက် ရှိပေသည်။ ထို့ကြောင့် ဘုရားလောင်းအား မြားဖြင့်ပစ်၍အားနည်းအောင်ပြုလုပ်ပြီး  မေးရန်ကြံစည်လေသည်။   ဘုရားလောင်းသည် ရေချိုးပြီး၍  လျှော်တေသင်္ကန်း တစ်ထည်ကိုဝတ်ပြီး၊ တစ်ထည်ကို လက်ကတော့  စံပယ်တင်ဝတ်ရုံ၍ သောက်ရေအိုးကို လက်ဝဲပခုံးထက်၌ တင်ကာ ရေဆိပ်မှတက်လာသည်။ ပီဠိယက္ခမင်းသည် အဆိပ်လူးသော မြားဖြင့် ဘုရားလောင်း သုဝဏ္ဏသာမ၏ လက်ယာနံပါးကို ပစ်လေ၏။ မြားသည် လက်ယာနံပါးမှ ဝင်ပြီးလျှင် လက်ဝဲနံပါးမှ ထွက်သွားလေ သည်။ သမင်အပေါင်းတို့သည် ကြောက်လန့်၍ ထွက်ပြေးကြလေသည်။ 
ဘုရားလောင်းသုဝဏ္ဏသာမသည် မြားထိမှန်သော်လည်း ရေအိုးကို လွှတ်မချဘဲ သဲများကို အသာအယာယက်၍ ရေအိုးကိုထားလေသည်။  ထိုသို့ရေအိုးကို ချထားပြီးသောအခါ အရပ်မျက်နှာကိုမှတ်ပြီး မယ်တော် ခမည်းတော်တို့ရှိရာအရပ်ကို   ဦးခေါင်းပြုလျက်  လှဲချလိုက်ပြီး မြား ဒဏ်ရာကို ပြင်းထန်စွာခံစားရလေသည်။ 
ဘုရားလောင်းသုဝဏ္ဏသာမသည်    ခံတွင်းမှ    သွေးများကို ထွေးထုတ်ပြီးလျှင်  “ဤဟိမဝန္တာအရပ်၌  ငါ၏ရန်သူလည်း   မရှိ၊ မိခင်ဖခင်တို့၏ ရန်သူလည်းမရှိ၊ ငါ၏အသားသည် စားကောင်းခြင်းမရှိ၊ အရေတို့သည်လည်း အကျိုးမရှိပါဘဲလျက် အဘယ်ကြောင့်   မြားဖြင့်   ပစ်ခတ်သည်”ဟု မြည်တမ်းလေသည်။ 
ပီဠိယက္ခမင်းကြီးသည် သုဝဏ္ဏသာမ၏ မြည်တမ်းသံကိုကြားလျှင် “ဤယောက်ျားသည်ကား အဆိပ်လူးမြားဖြင့် ပစ်သော်လည်း ငါ့ကို ဆဲရေးတိုင်းထွာခြင်းမပြု၊ ငါ၏နှလုံးကိုဆုပ်နယ်ဘိသကဲ့သို့ ချစ်ဖွယ် သောစကားကိုသာဆို၏။  ထိုယောက်ျားထံသွားအံ့”ဟု  ကြံလျက် ဘုရားလောင်းအနီးသို့ ချဉ်းကပ်၍ စကားဆိုလေသည်။ 
မိမိသည် ကာသိရာဇ်ပြည်သူတို့၏ နှလုံးပွားစေတတ်သော ပီဠိယက္ခမင်းဖြစ်ကြောင်း၊ သမင်သားကို စားလိုစိတ်ပြင်း၍ တိုင်းပြည် ကိုစွန့်ကာ   သမင်ရှာထွက်လာခြင်းဖြစ်ကြောင်း၊  လေးအတတ်တွင် ကျွမ်းကျင်သောမင်းအဖြစ်လည်း ကျော်စောထင်ရှားလျက်ရှိကြောင်း၊ မိမိ၏မြားကျရာအရပ်သို့ လာသည့်ဆင်ပြောင်သည်ပင် မလွတ်နိုင် ကြောင်းစသည်ဖြင့် မိမိ၏အစွမ်းကို ပြောပြပြီးနောက် သုဝဏ္ဏသာမ အား မည်သူမည်ဝါဖြစ်သည်ကို မေးမြန်းလေသည်။ 
သုဝဏ္ဏသာမလည်း မိမိသည်တံငါသည်သားဖြစ်ပြီး သုဝဏ္ဏသာမ ဟု အမိအဖတို့က ခေါ်ကြကြောင်း၊ မိမိ၏အသားအရေတို့မှာ အသုံး မဝင်ဘဲလျက်  ဝေဒနာကြီးစွာရရှိအောင်   အဘယ်ကြောင့်မြားဖြင့် ပစ်သနည်းဟုမေးလေသည်။ ပီဠိယက္ခမင်းကြီးသည် ဟုတ်တိုင်းမှန်ရာ ကို ပြောကြားခြင်းမရှိဘဲ၊ မိမိပစ်ရန်ကြံရွယ်သည့် သမင်သည် သုဝဏ္ဏ သာမအား  မြင်၍ထွက်ပြေးသည်ကို  တွေ့ရ၍  အမျက်ထွက်ကာ ပစ်လိုက်ခြင်းဖြစ်ကြောင်း  လိမ်လည်ပြောကြားလေသည်။   သုဝဏ္ဏ သာမကမူ ဤဟိမဝန္တာတောအရပ်၌  မိမိကိုမြင်၍ထွက်ပြေးသော သားသမင်ဟူ၍မရှိ၊ အလွန်ကြောက်တတ်သော ကိန္ဒရာတို့သည်ပင် ဝမ်းမြောက်စွာအတူတကွ လိုက်ပါသွားလာနေသည်ဖြစ်၍ သမင်တို့ သည်  ကြောက်လန့်ရန်  မရှိကြောင်း   ပြန်ကြားပြောဆိုလေသည်။ မင်းကြီးလည်းလိမ်၍ ပြောရန်မသင့်တော့သည်ကိုတွေးမိ၍  အမျက် ဒေါသထွက်၍ ပစ်မိကြောင်း၊ သုဝဏ္ဏသာမသည် မည်သည့်အရပ်၌ နေပြီး မည်သူကစေခိုင်း၍ ရေခပ်ရသည်ကို မေးမြန်းလေသည်။ 
သုဝဏ္ဏသာမသည် ပြင်းစွာသောဝေဒနာခံစားရင်း ကျယ်ဝန်းလှ သော ဟိမဝန္တာတော၌ မွေးကျွေးခဲ့သော မျက်မမြင်မိဘနှစ်ပါးနှင့် အတူနေပြီး မိဘနှစ်ပါးအတွက် ရေလာခပ်ခြင်း ဖြစ်ကြောင်း၊ မိမိမရှိ တော့လျှင် မျက်မမြင်မိဘနှစ်ပါးတို့သည် ဆင်းရဲဒုက္ခကြီးစွာ တွေ့ကြုံ ရတော့မည်ဖြစ်ကြောင်း၊ မိမိသည်မိဘနှစ်ပါးတို့အား မမြင်ရတော့မည့် ဆင်းရဲဒုက္ခသည် မြားမှန်သည့်ဆင်းရဲခြင်းထက် ပို၍ခံစားနေရကြောင်း၊ မိဘနှစ်ပါးမှာ အားကိုးရာမဲ့ပြီး တောထဲ၌လှည့်လည်၍ သွားလာနေကြ ရတော့မည်ဖြစ်ကြောင်း ငိုကြွေးမြည်တမ်းရှာလေသည်။ 
ပီဠိယက္ခမင်းကြီးသည် သုဝဏ္ဏသာမ၏ သူတော်ကောင်းစိတ်ထား မြင့်မြတ်သည်ကို သိရှိရလျှင် ကြီးစွာနောင်တရ၍ သုဝဏ္ဏသာမ၏ မိဘနှစ်ပါးအား သုဝဏ္ဏသာမ၏ ကိုယ်စားလုပ်ကျွေးလျှင် မိမိအပြစ် လွတ်တော့ပေမည်။ သုဝဏ္ဏသာမ သေသော်လည်း မသေသကဲ့သို့ ရှိတော့မည်ဟု   ကြံ၍    သုဝဏ္ဏသာမ၏    မိဘနှစ်ပါးရှိရာအရပ်ကို မေးမြန်းလေသည်။  သုဝဏ္ဏသာမလည်း  မင်းကြီး၏   စိတ်ထားကို အသိအမှတ်ပြုသာဓုခေါ်ကာ မိဘနှစ်ပါးရှိရာအရပ်ကို ညွှန်ပြပြောဆို ပြီး မိမိလက်အုပ်ချီမိုး ရှိခိုးလိုက်ကြောင်းကိုလည်း ပြောကြားပေးပါဟု မင်းကြီးအား မှာကြားလိုက်လေသည်။ 
(ဆက်လက်ဖော်ပြပါမည်)