သတင်းထုတ်ပြန်ချက်

 

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ 
စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်းခြင်းနှင့် မူပိုင်ခွင့်တရားရုံးက ချမှတ်သည့် 
စီရင်ချက်၊ အမိန့်၊ ဆုံးဖြတ်ချက်များအပေါ် အယူခံ၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်းခြင်းတို့နှင့်စပ်လျဉ်း၍
ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၀-၃-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၂/၂၀၂၃ အရ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ စတင်အာဏာတည်သည့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှစ၍ ကျင့်သုံးရမည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စစ်ဆေးစီရင်ရန် မူပိုင်ခွင့် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများနှင့် မူပိုင်ခွင့်တရားရုံးက ချမှတ်သည့် စီရင်ချက်၊ အမိန့်နှင့် ဆုံးဖြတ်ချက်များအပေါ် အယူခံ၊ ပြင်ဆင်မှုများ ကို  စစ်ဆေးစီရင်ရန်  စီရင်ပိုင်ခွင့်အာဏာများ  အပ်နှင်းသည့်  ၂၀၂၃ ခုနှစ်၊  မတ်လ ၂၄ ရက်စွဲပါ  အမိန့်ကြော်ငြာစာအမှတ် (၂၃၅/၂၀၂၃)၊ (၂၃၆/၂၀၂၃)၊ (၂၃၇/၂၀၂၃)၊ (၂၃၈/၂၀၂၃) နှင့် (၂၃၉/၂၀၂၃) တို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထုတ်ပြန်လိုက်သည်။
၁။    အမိန့်ကြော်ငြာစာအမှတ် (၂၃၅/၂၀၂၃) -     ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၇ (ဂ) နှင့် (င) တို့အရ ရန်ကုန်တိုင်းဒေသကြီးတရား လွှတ်တော်အား အောက်ပါကိစ္စရပ်များကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်-
    (က)    ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၆ အရ အေဂျင်စီ၏ဆုံးဖြတ်ချက်အပေါ် လျှောက်ထားမှုများ၊
    ( ခ)    ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၇၂ အရ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့မိန့်အပေါ် လျှောက်ထား မှုများ။
၂။      အမိန့်ကြော်ငြာစာအမှတ် (၂၃၆/၂၀၂၃) -    ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၇ (ဂ) အရ အောက်ဖော်ပြပါ တရားရုံးများအား ယင်းဥပဒေအရ အရေးယူဆောင်ရွက်သည့် ရာဇဝတ်မှုများကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ ရာဇဝတ်မူလမှု စီရင်ပိုင်ခွင့်အာဏာ များကို အပ်နှင်းလိုက်သည်-
    (က)    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး
    ( ခ)    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ
    ( ဂ)    ခရိုင်တရားရုံးများ
၃။    အမိန့်ကြော်ငြာစာအမှတ် (၂၃၇/၂၀၂၃) -     ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၇ (ဃ) အရ တိုင်းဒေသကြီးနှင့် ပြည်နယ်တရား လွှတ်တော်များအား မိမိတို့စီရင်ပိုင်ခွင့်ဒေသအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့် ခရိုင် တရားရုံးများက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ ချမှတ်ခဲ့သည့် ရာဇဝတ်ဆိုင်ရာ စီရင်ချက်၊ အမိန့်နှင့် ဆုံးဖြတ်ချက်များအပေါ်အယူခံ၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်။
၄။      အမိန့်ကြော်ငြာစာအမှတ် (၂၃၈/၂၀၂၃) -    ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၇ (ဂ) အရ ကျောက်တံတားခရိုင်တရားရုံးအား အောက်ပါကိစ္စရပ်များကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ တရားမမူလမှုစီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်-
    (က)    ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပါ မူပိုင်ခွင့်အခွင့်အ‌ရေးချိုးဖောက်ခြင်းနှင့်စပ်လျဉ်းသည့် တရားမကြောင်းအရ စွဲဆိုမှုများ၊
    ( ခ)    ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၇၇ (က) အရ ယာယီအရေးယူဆောင်ရွက်ပေးရန် လျှောက်ထားမှုများ။
၅။      အမိန့်ကြော်ငြာစာအမှတ် (၂၃၉/၂၀၂၃)  -    ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ    ပုဒ်မ ၆၇ (ဃ) အရ    ရန်ကုန်တိုင်းဒေသကြီးတရား လွှတ်တော်အား  မူပိုင်ခွင့်တရားရုံးက  တရားမမှုများတွင် ချမှတ်သော စီရင်ချက်၊ အမိန့်နှင့် ဆုံးဖြတ်ချက်များအပေါ် အယူခံ၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်။