သတင်းထုတ်ပြန်ချက်

 

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ 
တုံ့ပြန်ချက်များအပေါ် မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချ

 

ရခိုင်ပြည်နယ်တွင် ၂၅-၈-၂၀၁၇ ရက်တွင် ပေါ်ပေါက်ခဲ့သည့်ဖြစ်စဉ် နှင့်ပတ်သက်၍ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ၊ အဖွဲ့အစည်းအချို့နှင့်  နိုင်ငံအချို့က နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ကြေညာချက်များထုတ်ပြန်ခဲ့ကြောင်း    နိုင်ငံခြားရေးဝန်ကြီးဌာနမှ တွေ့ရှိရသည်။ ယင်းကြေညာချက်များ၌ပါရှိသည့်  အချက်အလက် များသည် မှန်ကန်မှု မရှိ၊ တိကျမှုမရှိကြောင်း  တွေ့ရပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို  စွက်ဖက်ခြင်း၊ ဘက်လိုက်မှုရှိခြင်း၊ တစ်ဖက်သတ် ဆန်ခြင်း တွေ့ရသည်။

 


ရခိုင်ပြည်နယ်တွင်  ၂၅-၈-၂၀၁၇ ရက်တွင် စတင်ပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်သည် ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်း (Security outposts) ၃၀ နှင့်  တပ်ရင်းဌာနချုပ်တစ်ခုကို   တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။  

 

ယင်းတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင်  အပြစ်မဲ့အရပ်သားများ  သေဆုံး ဒဏ်ရာရခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများ၏ လုံခြုံရေး နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက်  လိုအပ်သည့်   အရေးယူ တုံ့ပြန်မှုများကို တည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။  

 


ယင်းဖြစ်စဉ်ကြောင့်   တစ်ဖက်နိုင်ငံသို့   ထွက်ခွာမှုများဖြစ်ရန်  ARSA     အကြမ်းဖက်သမားများက    ရည်ရွယ်ချက်ရှိရှိဖြင့်    ကြိုတင် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။      ARSA   ၏ အကြမ်းဖက်ခြိမ်းခြောက် မှုကြောင့်   ထွက်ခွာခဲ့သည့်ဦးရေ   ဖော်ပြရာတွင်လည်း   မမှန်မကန် ချဲ့ကားမှုများရှိသည်။   မြန်မာအစိုးရအနေဖြင့်   ထွက်ခွာခဲ့သူများကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ  စနစ်တကျ စိစစ်လက်ခံရေးကို  နှစ်နိုင်ငံ ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။

 


 မြန်မာအစိုးရနှင့်   ပြည်သူများသည်   “ရိုဟင်ဂျာ” ဆိုသည့် အသုံးအနှုန်းကိုမူ အသိအမှတ် မပြု၊   လက်မခံပါ။   ယင်းအမည်သည် သမိုင်းအထောက်အထားများတွင်မရှိဘဲ    ဥပဒေကြောင်းအရလည်း သုံးစွဲမှုမရှိပါ။  ယင်းအမည်သုံးစွဲသူများသည်   နိုင်ငံရေးရည်ရွယ်ချက် ဖြင့် သုံးစွဲနေကြောင်း တွေ့ရသည်။ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့် အညီ    စနစ်တကျစစ်ဆေးပြီး   ကိုက်ညီသူများကို   သင့်လျော်သည့် နိုင်ငံသားအဆင့်အတန်းအား  လူမျိုးရေး၊  ဘာသာရေး ခွဲခြားမှုမရှိဘဲ ပေးအပ်နေသည်။  

  
၂၅-၈-၂၀၁၇     ဖြစ်ရပ်များနှင့်ပတ်သက်၍ အကြမ်းဖက်အဖွဲ့  ARSA ၏ လုပ်ရပ်ကို  ဖုံးကွယ်ခြင်း၊ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများ၏ အရေးကိစ္စကို   လျစ်လျူရှုခြင်း၊    မြန်မာအစိုးရ၏   အပြုသဘော ဆောင်ရွက်ချက်များကို  အလေးမထားခြင်း၊    ဖိအားပေးဆက်ဆံရန် ရည်ရွယ်ချက်ဖြင့်  မှန်ကန်မှုမရှိသည့်    အချက်အလက်များအပေါ်  အခြေခံပြီး     ထုတ်ပြန်ခဲ့သည့်    ကြေညာချက်များသည် ဖြစ်ရပ်မှန်ကို   အခြေခံခြင်းမရှိဘဲ   ပြည်တွင်းရေးကို စွက်ဖက်ရာ ရောက်သည့်အတွက် ပြင်းထန်စွာ ပယ်ချ၍ ရှုတ်ချလိုက်ကြောင်း ကြေညာအပ်သည်။


နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ  ၂၅  ရက်