
ရန်ကုန် ဒီဇင်ဘာ ၁၉
သတင်းနှင့် စာနယ်ဇင်းဝန်ထမ်းဟောင်းများအသင်းကြီး၏ ၂၀၂၂ ခုနှစ် နှစ်ဦးအလှူပွဲကို ၂၀၂၂ ခုနစ် ဇန်နဝါရီ ၁ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်(က/ဂ)ရပ်ကွက် (၁၅၄)လမ်းရှိ မင်္ဂလာဇေယျုံပရိယတ္တိစာသင်တိုက်ကြီးတွင် ကျင်းပမည်ဖြစ်သည်။
ယင်းနှစ်ဦးအလှူပွဲတွင် ၂၀၂၁ ခုနှစ်အတွင်း ကွယ်လွန်သွားခဲ့သော အသင်းကြီး၏ ကန်တော့ခံဆရာသမား သုံးဦး၊ အသင်းအမှုဆောင် နှစ်ဦးနှင့် အသင်းသား ၂၇ ဦးတို့အတွက် ရည်စူးကာ သံဃာတော်များ အား ဆွမ်းဆက်ကပ်ခြင်း၊ လှူဖွယ်ပစ္စည်းအမျိုးမျိုး ဆက်ကပ်လှူဒါန်း ခြင်းများပြုလုပ်၍ ရေစက်သွန်းချ အမျှပေးမည်ဖြစ်ပြီး ပဉ္စမအကြိမ် မြောက် ဆရာကန်တော့ပွဲနှင့် အသက် ၈၀ နှင့် အထက် သက်ကြီး အသင်းသားကြီးများအား ပူဇော်ကန်တော့ပွဲကိုလည်း ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အခမ်းအနားကို ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပ ပြုလုပ်မည်ဖြစ်ကာ ကွယ်လွန်သွားသူများ၏ မိသားစုဝင်များအား တစ်ဦးလျှင် မိသားစုဝင်နှစ်ဦးစီဖြင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှူဒါန်း နိုင်ရန် စီစဉ်ထားကြောင်း၊ ပဉ္စမအကြိမ်မြောက် ဆရာကန်တော့ပွဲနှင့် အသက် ၈၀ နှင့်အထက် သက်ကြီးအသင်းသားများ ပူဇော်ကန်တော့ပွဲ တွင်လည်း ကန်တော့ခံ ဆရာသမားများနှင့် သက်ကြီးအသင်းသားများ ကိုယ်စား ဆရာတော်ကြီးနှင့်တကွ တက်ရောက်လာသော အသင်း နာယကကြီးများ၊ ကန်တော့ခံအမှုဆောင်များအား ဦးထိပ်ထားကာ ရည်မှန်းပူဇော်ကန်တော့မည်ဖြစ်ကြောင်း၊ ကန်တော့ငွေများကို ကန်တော့ခံဆရာသမားများနှင့် အသင်းသားများထံသို့ အရောက် ပေးပို့နိုင်ရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ အဆိုပါ နှစ်ဦးအလှူပွဲနှင့် ကန်တော့ပွဲအတွက် ဆက်သွယ်လှူဒါန်းလိုပါက အတွင်းရေးမှူး ဦးဇော်ဝင်း (ဖုန်း- ၀၉၄၂၀၁၀၁၃၈၉)နှင့် တွဲဖက်အတွင်းရေးမှူး ဦးအေးသန်း (ဖုန်း- ၀၉၇၉၅၂၇၃၅၅၇) သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။
ကိုဇော်