
ဖနောင်ပင် ဇွန် ၈
လူမှုအသိုက်အဝန်းအတွင်း သဘောထားကွဲလွဲမှုများကို စေ့စပ်ညှိနှိုင်း ပေးပြီး အများပြည်သူဗဟုသုတဖြစ်ဖွယ် သတင်းအချက်အလက် များကို အဟန့်အတား ဖြစ်စေသည့်အတွက် သတင်းတု၊ သတင်းမှား များကို တိုက်ဖျက်ရန် အရှေ့တောင်အာရှမှ မီဒီယာများနှင့် တတ်သိ ပညာရှင်များ၊ ကိုယ်စားလှယ်များက ပူးတွဲတောင်းဆိုချက် ထုတ်ပြန် လိုက်သည်။
ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေး အတွက် AI နှင့် ဆက်စပ်သည့် မမှန်မကန်သတင်းတုနှင့် သတင်းမှား များကို တိုက်ဖျက်ရာတွင် မီဒီယာများ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနောင်ပင်၌ ဇွန် ၅ ရက်မှ ၆ ရက်အထိ ကျင်းပသည့် တတိယအကြိမ်မြောက် မဲခေါင်သတင်းစာပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် အဆိုပါပူးတွဲထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံတကာဆက်ဆံရေးဌာန (အိုင်အာရ်အိုင်စီ)၏ ညွှန်ကြားရေးမှူးချုပ် ကင်ဖီယာက ဇွန် ၈ ရက်တွင်ပြောကြားသည်။
အိုင်အာရ်အိုင်စီနှင့် ကမ္ဘောဒီးယား သတင်းထောက်များအသင်းတို့ ပူးပေါင်း၍ ကျင်းပသည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ကမ္ဘော ဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားကဲ့သို့သော အရှေ့တောင် အာရှနိုင်ငံအချို့မှ မီဒီယာပညာရှင် ၇၀ ကျော် တက်ရောက်ခဲ့ကြောင်း ၎င်းကဆိုသည်။
ဆိုရှယ်မီဒီယာပလက်ဖောင်းများသည် သတင်းတုများ ပြန့်ပွား လာသည်ကို တွေ့မြင်ရသဖြင့် အရှေ့တောင်အာရှမှ မီဒီယာများနှင့် တတ်သိပညာရှင်များက မမှန်မကန်သတင်းတုနှင့် သတင်းမှားများကို တိုက်ဖျက်ရန် ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားရန် တောင်းဆိုခဲ့သည်။
သတင်းသမားများ၊ မီဒီယာပလက်ဖောင်းများ၊ အစိုးရများနှင့် အခြားသက်ဆိုင်သူများထံသို့ ကျင့်ဝတ်စံနှုန်းများကို အမြင့်ဆုံး လိုက်နာရန်၊ အချက်အလက်အားလုံးကို ဦးစားပေးစစ်ဆေးခြင်းနှင့် ထုတ်ဝေခြင်းမပြုမီ အချက်အလက်အားလုံးကို စစ်ဆေးအတည်ပြုရန် တောင်းဆိုခဲ့ကြကြောင်း အဆိုပါပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ ဆင်ဟွာ