
ဆောင်းပါး
=======
သတင်းအသိ သတိရှိကြပါစို့
================
ဒေါက်တာဇင်မာကျော် (သတင်းအတတ်ပညာ)
ယနေ့ကမ္ဘာကြီးတွင် အင်တာနက်နှင့် စမတ်ဖုန်းနည်းပညာ များကြောင့် သတင်းအချက်အလက်ရယူမှု ရေစီးကြောင်း ပြောင်းလာသည့်အတွက် မီဒီယာ ရယူမှုပုံစံလည်း ပြောင်းလဲလာကာ ဆိုရှယ်မီဒီယာအသုံးပြုမှု မြင့်တက် လာခဲ့ခြင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် သတင်းအချက် အလက်များစွာ အရှိန်အဟုန်ဖြင့်စီးဆင်းနေသည့် လူမှု ကွန်ရက်မီဒီယာတွင် မှန်ကန်၊ ခိုင်လုံသည့် သတင်းများ အပြင် သတင်းတုဟုခေါ်ဝေါ်ကြသည့် လုပ်ကြံသတင်း များစွာလည်း ရောထွေးပျံ့နှံ့လျက်ရှိနေသည်။ လက်ရှိ ကာလတွင် ပြည်သူများအကြား စိတ်ဝင်စားမှုနှင့် သိလို စိတ်မြင့်မားနေသော ကိုဗစ်-၁၉ ကပ်ရောဂါဘေးနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ဒီမိုကရေစီဖြစ်ထွန်း ရေး၏ ပင်စည်ပင်မဖြစ်သည့် ရွေးကောက်ပွဲကျင်းပရေးနှင့်ဆက်စပ်သည့် အကြောင်းအရာများကို ဦးတည် ပစ်မှတ်ထားသည့် လုပ်ကြံသတင်းများကို ရည်ရွယ်ချက် ရှိရှိဖြင့် ဖန်တီးဖြန့်ဝေနေကြကြောင်း တွေ့မြင်နေကြ ရသည်။
စကားရပ်များအသုံးပြုရန် အကြံပြုထား
သတင်းတု “Fake News” ဆိုသည့် စကားလုံးကို ၂၀၁၆ ခုနှစ်ဝန်းကျင်ခန့်မှစတင်၍ ကမ္ဘာတစ်ဝန်း တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြသည်။ ကံမကောင်းစွာ နှင့်ပင် ယင်းစကားလုံးသည် နိုင်ငံရေးသဘောဆောင်ရန် အလွန်လွယ်ကူပြီး သတင်းမီဒီယာလောကကို ပြန်လည် ထိုးနှက်ရန် မူလသဘောကိုက လွယ်ကူနေသော စကားလုံး တစ်လုံးဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ကြပြန်သည်။ ထို့ကြောင့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု(Media and Information Literacy -MIL) ပညာရပ်ရှုထောင့်မှ အဆိုပါ Fake News ဆိုသည့် စကား လုံးအစား သတင်းမှား (Misinformation)၊ လုပ်ကြံ သတင်း (Disinformation) နှင့် မသမာသောသတင်း ဖြန့်ဝေမှု (Malinformation) ဟူသော စကားရပ်များအသုံး ပြုရန် အကြံပြုထားကြသည်။
အမျိုးအစားသုံးမျိုး
လူမှုကွန်ရက်ဖေ့စ်ဘွတ်မှတစ်ဆင့် ပြည်သူများ အကြား ပျံ့နှံ့နေသည့် သတင်းအချက်အလက် ဖရိုဖရဲဖြစ်နေ မှုများ (information disorder) ကို ခွဲခြမ်းစိတ်ဖြာသောအခါ သတင်းမှား၊ လုပ်ကြံသတင်းနှင့် မသမာသောသတင်း ဖြန့်ဝေမှုဟူသော အမျိုးအစားသုံးမျိုးကို တွေ့ရှိရသည်။
ပထမအမျိုးအစားမှာ ဖြန့်ဝေနေသူက သဘောရိုး ဖြင့် မှန်သည်ထင်၍ဖြန့်ဝေနေခြင်းမျိုးသည် သတင်းမှား အမျိုးအစားတွင် ပါဝင်သည်။
ဒုတိယအမျိုးအစားမှာ ဖြန့်ဝေနေသူက သတင်း မမှန်မှန်းသိလျက်နှင့် တမင်ဖြန့်ဝေနေသော သတင်းများ သည် လုပ်ကြံသတင်းများဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ လိမ်ညာလှည့်ဖြားပြီး မသမာသော လှုပ်ရှား ဆောင်ရွက်သူများ၏ လှည့်စားအယုံသွင်းမှုများကို ခံနေရ သူများနှင့် သက်ဆိုင်ပါသည်။
တတိယအမျိုးအစားမှာ အမှန်တရားပေါ်တွင် အခြေပြုထားသော သတင်းဖြစ်သော်လည်း လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံတစ်ရပ်ရပ်အပေါ် ဆိုးကျိုးထိခိုက်မှုရှိ စေရန် ရည်ရွယ်ပြီးဖြန့်ဝေသော သတင်းဖြစ်သောကြောင့် မသမာသောသတင်းဖြန့်ဝေမှုဖြစ်သည်။ နမူနာအားဖြင့် အများပြည်သူအကျိုးစီးပွားနှင့် ဆက်စပ်ပတ်သက်မှု မရှိဘဲနှင့် လူပုဂ္ဂိုလ်တစ်ဦး၏ လိင်ပိုင်းတိမ်းညွတ်မှုကို ဖွင့်ချသတင်းပေးခြင်းမျိုးလည်းဖြစ်သည်၊။ ၂၀၁၇ ခုနှစ် ပြင်သစ်သမ္မတ ရွေးကောက်ပွဲကာလ သတင်းဖရိုဖရဲဖြစ်မှု များတွင် အထက်ပါ အမျိုးအစားသုံးမျိုးစလုံးကို လေ့လာ တွေ့ရှိခဲ့ကြသည်။
အဆိုပါအမျိုးအစားသုံးမျိုးတွင် သရော်စာများနှင့် ဟာသစာပြောင်များ၊ ကလစ်မျှားသော ခေါင်းစည်းများ (မြင်သည်နှင့်ကလစ်နှိပ် ဝင်ရောက်ဖတ်ရှုချင်ရုံသက်သက် ရေးထားသော ခေါင်းစည်းများ) သရုပ်ဖော်စာများ၊ ရုပ်ပုံများနှင့်ကိန်းဂဏန်းများကို နားလည်မှုလွဲအောင် တမင်ရေးထားသောစာများ၊ သတင်းအကြောင်းအရာက မှန်သော်လည်း ရှေ့နောက်အဆက်အစပ်မရှိဘဲ ရေးသား ထားသောစာများ၊ အယောင်ဆောင်စာများ(သတင်းထောက် အမည်၊ သတင်းတိုက်အမည်၊ အဖွဲ့အစည်းအမည်နှင့်အမှတ် တံဆိပ်(လိုဂို)များကို မသက်ဆိုင်သူများက ယူသုံးပြီး ဖြန့်ဝေသောစာများ)၊ ပြုပြင်စီမံခြယ်လှယ်ထားသော သတင်းများ၊ မဟုတ်သည်ကို ဟုတ်သယောင် ဖန်တီးထား သောစာများ အစရှိသည့်အမျိုးအစားခွဲများပါဝင်ပါသည်။ ဖော်ပြပါသတင်းအချက်အလက်ဖရိုဖရဲဖြစ်မှု၏ အမျိုး အစားခွဲခုနစ်မျိုးနှင့်ပတ်သက်သည့် ထင်ရှားသောသာဓက အချို့ကို မျှဝေပေးလိုပါသည်။
စာနယ်ဇင်းပညာ၏ ပုံစံတစ်မျိုး
သရော်စာနှင့်စာပြောင်တို့သည် စာနယ်ဇင်းပညာ၏ ပုံစံတစ်မျိုးဟု ယူဆထားသော်လည်း ယနေ့ခေတ်ကမ္ဘာတွင် လူအများစုသည် ၎င်းတို့၏သတင်းများကို ဆိုရှယ်မီဒီယာ ပေါ်မှ သတင်းအဆက်မပြတ်ပေးနေသည့်စာမျက်နှာများ မှ ရရှိနေခြင်းဖြစ်သောကြောင့် မည်သည့်အချိန်တွင် သရော်စာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်ရန် ခက်ခဲလာသည့် အခြေအနေတွင်ရှိနေပါသည်။
ခေါင်းစည်းများ၊ ရုပ်ပုံများ၊ ဓာတ်ပုံစာသားများနှင့် သတင်းကိုယ်ထည်တို့ မသက်ဆိုင်ခြင်းသည် မှားယွင်း သောဆက်စပ်မှုအမျိုးအစား ဖြစ်သည်။ အများဆုံးတွေ့ရ သည့်နမူနာမှာ (ကလစ်နှိပ်ပြီး ဝင်ဖတ်ချင်လာအောင် ရေးထားသောခေါင်းစဉ်များ) ကလစ်မျှားသော ခေါင်းစည်း များ ဖြစ်သည်။
ပရိသတ်၏အာရုံကိုဖမ်းစားရန် ခေါင်းစဉ် ဖတ်မိသည်နှင့် ကလစ်နှိပ်ဝင်ရောက်ဖတ်ရှုချင်လာအောင် ဆွဲဆောင်သည့် စကားလုံးအသုံးအနှုန်းနှင့် စာသားများ အသုံးပြုရေးထားကြသည်။ ကလစ်နှိပ် ဝင်ရောက်ပြီးသည့် အခါမှသာ အလိမ်အညာချဲ့ကားရေးထားသည်ကို တွေ့ရှိရ ခြင်းမျိုးဖြစ်သည်။
သတိချပ်သင့်
ကိစ္စရပ်များ၊ လူပုဂ္ဂိုလ်များကို လိုရာဆွဲဘောင်ခတ် ပုံဖော်ရန်အတွက် သတင်းအချက်အလက်များ၊ ရုပ်ပုံများ၊ ကိန်းဂဏန်းများ၊ အဆိုအမိန့်များ၊ ပြောစကားများကို လှည့်ဖြားမှုပါသော အကြောင်းအရာတင်ဆက်ချက်အဖြစ် တွေ့ရှိရပါသည်။ လှည့်ဖြားလိမ်ညာသော အချက်အလက် များ ဖြန့်ဝေရာတွင် ရုပ်ပုံများသည် အလွန်အသုံးဝင်ပြီး လူအများစုက ရုပ်ပုံများကိုသံသယဖြစ်မှု ပိုမိုနည်းပါးသော ကြောင့် ယင်းအချက်ကို အသုံးချလေ့ရှိသည်။ ဥပမာ-အခြားနိုင်ငံက ဓာတ်ပုံများကို အသုံးပြုပြီး လုပ်ကြံသတင်း စာသားများဖြည့်စွက်ထားခြင်း၊ ပုံအဟောင်းများကို ပြန်သုံးပြီး အဖြစ်အပျက်ထပ်မံဖြစ်ပွားသည့်အနေဖြင့် ရေးသားထားခြင်းတို့ဖြစ်သည်။ ထို့ကြောင့် ဓာတ်ပုံများဖြင့် ဖော်ပြထားတိုင်း မှန်ကန်သည့်သတင်းဟု ယူဆ၍မရ နိုင်ကြောင်း သတိချပ်သင့်သည်။
သတင်းအစစ်အမှန်တစ်ခုကို မူလပေါ်ပေါက်ခဲ့သည့် အခြေအနေမှခွဲထွက်ပြီး ပြန်လည်ရေးသား၊ တင်ဆက် ဖြန့်ဝေခြင်းမျိုးသည် အခြေအနေအခင်းအကျင်းအမှား အမျိုးအစားဖြစ်သည်။ ဥပမာ- ဗီယက်နမ်တွင် ၂၀၀၇ ခုနှစ် က ရိုက်ကူးခဲ့သည့် ဓာတ်ပုံတစ်ပုံကို ၂၀၁၅ နီပေါငလျင် အပြီးအခြေအနေအဖြစ် အထင်လွဲအောင် ပြန်လည်မျှဝေ ခြင်းမျိုးဖြစ်သည်။
ကြေညာချက်အတု
အဖွဲ့အစည်းတစ်ခုခုက ထုတ်ပြန်ထားသည့် ကြေညာ ချက်၊ သတင်းဌာနတစ်ခုခုက မူရင်းတင်ဆက်ထားသည့် ဗီဒီယိုဖိုင်နှင့် ရုပ်ပုံများမဟုတ်ဘဲ ယင်းအဖွဲ့အစည်း၊ သတင်းဌာန၏ အမှတ်တံဆိပ်များကို ဖိုတိုရှော့ဖြင့်ပြုပြင် ကာ ထည့်သွင်းထားခြင်းသည် အယောင်ဆောင် တင်ဆက် ချက်အမျိုးအစား ဖြစ်သည်။ ဥပမာ- အဖွဲ့အစည်းတစ်ခု၏ အမှတ်တံဆိပ်ကို ဖိုတိုရှော့ဖြင့် ထည့်သွင်းထားသည့် ကြေညာချက်အတု သတင်းများဖြစ်သည်။
ပြုပြင်စီမံဖြတ်ညှပ်ကပ်တင်ဆက်ချက်အမျိုးအစားသည် အကြောင်းအရာ၊ ရုပ်ပုံ၊ စာသား အစစ်အမှန်များကို ရယူပြီး ပြုပြင်ပြောင်းလဲကာ လှည့်ဖြားခြင်းဖြစ်သည်။ ဥပမာ-အဖွဲ့အစည်းတစ်ခု၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည့် စကားရပ်များကြားထဲတွင် မပြောကြားခဲ့ သည့်အချက်များကို ကိုးကားပြောဆိုချက်အနေဖြင့် ပြုပြင်စီမံဖြတ်ညှပ်ကပ်လုပ်၍ ထည့်သွင်းဖော်ပြခြင်းမျိုး ဖြစ်သည်။
လုပ်ကြံသတင်းများ ဖြန့်ဝေနေခြင်း
အတုပြုလုပ်သော ဖန်တီးတင်ဆက်ချက် အမျိုးအစား သည် စာသားများရေးသားထားသည့် သတင်းမျိုးဖြစ် နိုင်သလို သတင်းဝက်ဘ်ဆိုက်အယောင်ဆောင်ပြီး အစ အဆုံးဖန်တီးထားသော လူမှုကွန်ရက်စာမျက်နှာမျိုးလည်း ဖြစ်နိုင်သည်။ ဥပမာ- သတင်းအေဂျင်စီအဖြစ် တရားဝင် မှတ်ပုံတင်ထားပြီး ဆောင်ရွက်နေခြင်းမျိုးမဟုတ်ဘဲ သတင်းမီဒီယာအမည်ခံ၍ လုပ်ကြံသတင်းများ ဖြန့်ဝေနေ ခြင်းမျိုးဖြစ်သည်။
မည်သည့်သတင်းအမျိုးအစားအဖြစ်ကွဲပြားချက် များ မည်သို့ပင်ရှိနေစေကာမူ လူ့အဖွဲ့အစည်းအပေါ် ဆိုးကျိုးသက်ရောက်မှုများမှာတူညီနေနိုင်ပါသည်။ သာဓက အနေဖြင့် ဒီမိုကရေစီနည်းလမ်းများ၏ ခိုင်ကျည်တည်တံ့ မှုကိုခြစားလာခြင်း၊ ကျန်းမာရေးဆိုင်ရာ စနစ်တကျကုသ မှုများကို လိုက်နာရန် သွေဖည်လာခြင်းတို့ ဖြစ်သည်။
ပြည်သူလူထုအားလုံးသည် လူမှုကွန်ရက်တွင် လက်ဆင့်ကမ်းဖြန့်ဝေနေကြသော သတင်း၊ ဓာတ်ပုံ၊ အဓိပ္ပာယ်ဖော်ချက်များအားလုံးကို ဆန်းစစ်ရမည်။ လုပ်ကြံဖန်တီးထားသော သတင်းတစ်ခုသည် အဆင့် (၃)ဆင့်ဖြစ်သည့် စတင်ဖန်တီးသူ၊ ထုတ်လုပ်ပေးသူနှင့် ဖြန့်ဝေသူတို့ကို ဖြတ်သန်းခဲ့ကြသည်။ ထိုသုံးဦးသည် များသောအားဖြင့် တစ်ဦးစီလည်းဖြစ်နေနိုင်သည်။ သတင်းအချက် အလက်ဖရိုဖရဲဖြစ်မှု အစိတ်အပိုင်းအားလုံး ကို တစ်ခုချင်း ကွဲပြားစွာသိနားလည်ရန် လိုအပ်ပြီး ဖော်ပြ ပါအဆင့်(၃)ဆင့်နှင့်လည်း ချိတ်ဆက်စဉ်းစားသင့်ပါ သည်။ ထိုလုပ်ကြံသတင်းစကားများ၏ အဓိပ္ပာယ်များကို နားလည်မှသာ သတင်းစကားတစ်ခုစီ၏ ပမာဏနှင့် ပြင်းအားကို မှန်းဆနိုင်ပြီး တုံ့ပြန်ဖြေရှင်းရန် စတင် လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ရုပ်ပုံနှင့်ဗီဒီယိုဆိုင်ရာ တင်ဆက်ချက်များသည် စာသားချည်းသာ ရေးသား ဖြန့်ဝေချက်များထက် ပိုမိုပျံ့နှံ့မှုအားကောင်းကာ ချေဖျက်ရှင်းလင်းရန် ပိုမိုခက်ခဲလေ့ ရှိပါသည်။
ခွဲခြားသိရှိရန်လည်းအရေးကြီး
သတင်းအချက်အလက် အမှားများအကြားတွင် မည်သည်ကအမှန်ဖြစ်သည်ကို ခွဲခြားသိရှိနိုင်ရန် အရေးကြီးပါသည်။ သို့ရာတွင် မှန်သောအချက်အလက်များ (အမှန်အနည်းငယ်ပါသော အချက်အလက်များ)တွင် မည်သည်တို့သည် အများပြည်သူအကျိုးစီးပွားကို ဆောင် ရွက်ရန်ထက် ဖျက်လိုဖျက်ဆီးလုပ်ရန်ရည်ရွယ်ချက်နှင့် ဖန်တီးထားသော သတင်းများဖြစ်ကြောင်း ခွဲခြားသိရှိရန် လည်းအရေးကြီးပါသည်။ အဆိုပါ မသမာသတင်းဖြန့်ဝေ ခြင်းများသည် အများပြည်သူအကျိုးစီးပွားအတွက် လျော်ကန်သင့်မြတ်ခြင်းမရှိဘဲ တစ်ဦးတစ်ယောက်၏ ကိုယ်ရေးလွတ်လပ်လုံခြုံခွင့်ကို ချိုးဖောက်သော သတင်း များဖြစ်ကြသည်။
ဝါဒဖြန့်ရန်အတွက်လည်း လုပ်ကြံသတင်းများကို အသုံးပြုကြပါသည်။ အဆိုပါအမျိုးအစားတွင် သတင်း အချက်အလက်ပေးရန်သက်သက်မဟုတ်ဘဲ စိတ်ခံစား ချက်များကို ပိုမိုဦးတည်ပစ်မှတ်ထားသောကြောင့် တရား လွန်စီမံပြုလုပ်ဖန်တီးထားသော လုပ်ကြံသတင်းများ ဖြစ်နေလေ့ရှိသည်။
သတင်းမှားနှင့်လုပ်ကြံသတင်းအမျိုးအစားများ အကြောင်းကိုသိနားလည်လျှင် ဆိုရှယ်မီဒီယာပေါ်မှ သတင်း အချက်အလက်များ ရယူကြည့်ရှုရာတွင် ပိုမိုအမြော် အမြင်ရှိရှိဖြင့် သတိထားတတ်သူများ ဖြစ်လာစေပါမည်။ သတင်းပညာဗဟုသုတကို အသုံးပြု၍ MIL၏ အနှစ်သာရ Think before You Share အတိုင်း မသေချာသည့်သတင်း များကို ဖြန့်ဝေခြင်းမလုပ်ခင် စဉ်းစားသင့်ကြပါသည်။
သို့ပါသောကြောင့် MIL ကိုယ်ခံအားကောင်းလျှင် သတင်းမှား၊ လုပ်ကြံသတင်းများနှင့် မသမာသောသတင်း ဖြန့်ဝေခြင်းများကို ကြံ့ကြံ့ခံ၊ ခုခံနိုင်ကြမည်ဖြစ်ကြောင်း သတင်းဗဟုသုတများ ဝေမျှလိုက်ရပါသည်။ ။
ကိုးကား- သတင်းအတတ်ပညာ၊ သတင်းတုနှင့် လုပ်ကြံသတင်းများ၊ ယူနက်စကို
- Log in to post comments