သတိပြုဖွယ် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့အန္တရာယ်

 

သီဟစည်သူ
 

 

အာဆီယံဒေသတွင်း  သစ်ဆွေးမြေ   ဧရိယာများစွာ  ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ အပါအဝင် မဲခေါင်ဒေသခွဲ ငါးနိုင်ငံတွင်နှစ်စဉ်ဖေဖော်ဝါရီလမှ ဇွန်လအထိ ခြောက်သွေ့ ရာသီဖြစ်သည့်အလျောက်   မီးလောင်မှုအကြိမ်ရေ   အများဆုံးဖြစ်ပေါ်လေ့ရှိသည့် အချိန်ကာလပင် ဖြစ်သည်။

 

ပွင့်လင်းရာသီဖြစ်သည့် ယခုကာလ အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ များ ဖြစ်ပေါ်မှု ပိုမိုမြင့်မားလာပြီး ယခု ရက်ပိုင်းအတွင်း    မြန်မာနိုင်ငံနယ်စပ် တာချီလိတ်မြို့နယ်၊ ထိုင်းနိုင်ငံမယ်ဆိုင်၊ မယ်ဟောင်ဆောင်နှင့်  ချင်းရိုင်မြို့တို့တွင် နယ်စပ်ဖြတ်ကျော်    မီးခိုးမြူငွေ့များ ကြောင့်  လေထုညစ်ညမ်းမှု    ဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
လေထုညစ်ညမ်းမှုဆိုးရွားစွာ ဖြစ်ပေါ်နေ 
တာချီလိတ်ခရိုင်     ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ မတ် ၂၆ ရက် နှင့် ၂၇ ရက် အကြား ၂၄ နာရီလေထုအရည် အသွေးတိုင်းတာမှုရလဒ်များအရ   ယင်း မြို့နယ်ဝန်းကျင် လေထုအရည်အသွေးမှာ PM 10 အမှုန်အမွှားပါဝင်မှု နီညိုရောင် အဆင့်ရှိသဖြင့် လူတိုင်းအတွက် ကျန်းမာ ရေး ထိခိုက်မှုအန္တရာယ်ရှိပြီး    အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူ များအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက် ရန်နှင့် မဖြစ်မနေအပြင်ထွက်မည်ဆိုပါက နှာခေါင်းစည်းများသေချာ     ဝတ်ဆင်ရန် သတိပေးထားသည်ကို     တွေ့ရှိရသည်။ ထို့အတူ ထိုင်းနိုင်ငံ    ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ  ထိုင်းနိုင်ငံ၏ မြောက်ပိုင်းပြည်နယ်များ တွင် ၂၀၂၃ ခုနှစ် ပထမနှစ်လကျော်ကာလ အတွင်း လေထု ညစ်ညမ်းမှုနှင့် ဆက်နွှယ် သည့်  မမာမကျန်းမှုဝေဒနာ   ခံစားရသူ ပေါင်း ၁ ဒသမ ၃၂ သန်းကျော် ရှိနေပြီဖြစ် ကြောင်း သိရသည်။
အာဆီယံဒေသတွင်းနှင့် မြန်မာနိုင်ငံ အပါအဝင် မဲခေါင်ဒေသတွင်းနိုင်ငံများတွင် ပွင့်လင်းရာသီရောက်တိုင်း နယ်စပ်ဖြတ် ကျော်မီးခိုးမြူငွေ့ပြဿနာကို    နှစ်စဉ် ရင်ဆိုင်ရလေ့ရှိပြီး   နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုသည်   အာဆီယံ နိုင်ငံများသာမက    ကမ္ဘာ့နိုင်ငံများပါ ရင်ဆိုင်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင် ဆိုင်ရာပြဿနာတစ်ရပ်လည်းဖြစ်သည်။ 
မြန်မာနိုင်ငံတွင်   နွေရာသီကာလ ခြောက်သွေ့ရာသီရောက်တိုင်း တောင်ယာ မီး၊ ရှို့မီး၊ ပေါ့ဆမီး၊ သဘာဝအလျောက် လောင်ကျွမ်းသည့်   တောမီးအပါအဝင်  မြန်မာနိုင်ငံအတွင်း   မီးလောင်မှုများစွာ ဖြစ်ပေါ်လေ့ရှိပြီး နှစ်စဉ်  ငွေကျပ်သန်း ပေါင်း  များစွာဆုံးရှုံးမှုနှင့်အတူ မီးခိုးငွေ့ များကြောင့် လေထုညစ်ညမ်းမှုများလည်း ဖြစ်ပေါ်လေ့ရှိသည်။ 
မီးလောင်မှုများကြောင့် ဆုံးရှုံးနစ်နာမှုများ
မြန်မာနိုင်ငံတစ်ဝန်း   နေပြည်တော် အပါအဝင် တိုင်းဒေသကြီး ပြည်နယ်များ၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ အတွင်း မီးလောင်မှု ၁၅၀၇ ကြိမ်ဖြစ်ပေါ် ခဲ့ပြီး ငွေကျပ် ၆၇၆၅ သန်းကျော် ဆုံးရှုံးခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရှိရသည်။
နေပြည်တော်အပါအဝင် တိုင်းဒေသ ကြီး ပြည်နယ်များ၌ ၂၀၂၂ ခုနှစ်အတွင်း မီးလောင်မှုဖြစ်စဉ်များအနက်   မီးဖိုမီးမှ အကြိမ်ရေ ၂၃၀၊ ပေါ့ဆမီးမှ ၄၂၈ ကြိမ်၊ အလိုအလျောက် မီးလောင်မှု ၂၁ ကြိမ်၊ လျှပ်စစ်မီးမှ ၄၆၁ ကြိမ်၊ မသမာသူရှို့မီး ၂၁၉ ကြိမ်၊  တောမီးလောင်ကျွမ်းမှု   ၄၄ ကြိမ်၊ သောင်းကျန်းသူရှို့မီး   ၉၇   ကြိမ်၊ မိုးကြိုးပစ်မှုကြောင့် ခုနစ်ကြိမ် စုစုပေါင်း ၁၅၀၇ ကြိမ် မီးလောင်မှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါ       မီးလောင်မှုများကြောင့် အဆောက်အအုံ ၃၅၈၀၊ စက်ရုံအလုပ်ရုံ ရှစ်ခု၊ ဂိုဒေါင် ၂၉၆ ခု   ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၉၆ ဦး သေဆုံး ၁၃၉ ဦးဒဏ်ရာရရှိခဲ့ သည်။ ထို့ပြင်    မီးလောင်မှုဖြစ်စဉ်များ ကြောင့် မီးဘေးသင့်ပြည်သူ ၈၉၀၉ ဦးနှင့် တိရစ္ဆာန် ၈၂၃၉ ကောင်တို့ မီးဘေးသင့်ခဲ့ ကာ ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၇၆၅ ဒသမ ၂၄ သန်း ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။
နေပြည်တော်၊     တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် မီးလောင်မှုအနေ ဖြင့် ကချင်ပြည်နယ်တွင်   အကြိမ်   ၆၀၊ ကယားပြည်နယ်တွင်    ခြောက်ကြိမ်၊ ကရင်ပြည်နယ်တွင် ၃၇ ကြိမ်၊   ချင်း ပြည်နယ်တွင် ၁၈ ကြိမ်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၃၆ ကြိမ်၊ နေပြည်တော်တွင် ၃၂ ကြိမ်၊ မကွေးတိုင်းဒေသကြီးတွင် ၁၀၆ ကြိမ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၉၄ ကြိမ်၊ မွန်ပြည်နယ်တွင် အကြိမ် ၉၀၊ ရခိုင် ပြည်နယ်တွင် ၇၃ ကြိမ်၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ၂၄၄ ကြိမ်၊ ရှမ်းပြည်နယ် တွင် ၁၆၂ ကြိမ်နှင့် ဧရာဝတီတိုင်းဒေသ ကြီးတွင် ၁၁၉ ကြိမ်၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ၁၆၅ ကြိမ်စီ အပါအဝင် မီးလောင်မှုစုစုပေါင်း ၁၅၀၇ ကြိမ် လောင်ကျွမ်းခဲ့သည်။
မီးလောင်မှုဖြစ်စဉ်အရေအတွက်ကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၀ ပြည့်နှစ်တွင်  ၂၁၃၉ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၆၆၄၀ ဒသမ ၀၇ သန်း ခန့်ရှိခဲ့ပြီး  ၂၀၂၁ ခုနှစ်တွင်   မီးလောင်မှု ၂၁၀၇  ကြိမ်၊    ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၃၃၉၄၁ ဒသမ ၃၀ သန်းနှင့် ၂၀၂၂ ခုနှစ်တွင် မီးလောင်မှု   ၁၅၀၇   ကြိမ်၊ ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၆၇၆၅ ဒသမ ၂၄ သန်းရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၏ သတင်းအချက် အလက်များအရ သိရသည်။
၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ် မတ်လ အထိ  အာဆီယံရာသီဥတု   စောင့်ကြည့် လေ့လာရေးဗဟိုဌာန (ASEAN Specia-lised Meteorological Center– ASMC) ၏ မီးလောင်မှုအရေအတွက်   လေ့လာ စောင့်ကြည့်မှုဆိုင်ရာ    သတင်းအချက် လက်များအရ   ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊    ဗီယက်နမ် မဲခေါင်ဒေသတွင်း   ခြောက်နိုင်ငံအနက် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ သည် မီးလောင်မှုအရေအတွက်  (Fire Hospot)  အများဆုံး   သုံးနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ပထမ သုံးလပတ်အတွင်း မီးလောင်ကွက်အရေ အတွက် ၂၉၆၉၃ ခုရှိကြောင်း လေ့လာသိရှိ ရသည်။ 
ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခု
ထိုသို့ မီးလောင်မှုများသည် အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာများ   ဆုံးရှုံးသည် သာမက ကမ္ဘာ့ကြီး၏ ကျန်းမာရေး၊ လူသား များ၏ ကျန်းမာရေးတို့အတွက် များစွာ ထိခိုက်မှုဖြစ်ပေါ်စေသည့်    ကာဗွန်ဒိုင် အောက်ဆိုက်   ထုတ်လွှတ်မှုပိုမိုများပြားလာခြင်း၊   ယင်းမှတစ်ဆင့်    ကမ္ဘာ့ကြီး ပိုမိုပူနွေးလာစေပြီး      ရာသီဥတုများ ကမောက်ကမဖြစ်ကာ သဘာဝပတ်ဝန်း ကျင်နှင့်    ဇီဝမျိုးစုံ       မျိုးကွဲများကိုပါ သွယ်ဝိုက်ထိခိုက်စေခြင်းတို့ကိုပါ ဖြစ်ပေါ် စေလျက်ရှိသဖြင့် တစ်ကမ္ဘာလုံးအတွက်ပါ အန္တရာယ်ရှိသည့်   ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်။ မီးခိုးမြူငွေ့များ သည် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ ကျန်းမာရေးထိခိုက်မှုအနေဖြင့် မျက်စိစပ် ခြင်း၊ ယားယံခြင်း၊ ချောင်းဆိုးခြင်း၊ ပန်းနာ ရင်ကျပ်ဖြစ်ခြင်း၊   အဆုတ်ရောင်ခြင်း၊ အဆုတ်ကင်ဆာဖြစ်ခြင်းတို့အပြင် အရိုး ပျော့ရောဂါ ဖြစ်ပွားခြင်း၊ အရွယ်မတိုင်မီ သေဆုံးခြင်း၊ မွေးကင်းစကလေး ပေါင်ချိန် မပြည့်ခြင်းနှင့် ကလေးအဖတ်မတင်ခြင်း တို့ ဖြစ်ပေါ်စေနိုင်သည်။ ထို့ပြင်   ကလေး သူငယ်များ၊    သက်ကြီးရွယ်အိုများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ   ရောဂါ  ရှိသူများမှာ   သာမန်လူများထက်    ပို၍ မီးခိုးမြူငွေ့ ညစ်ညမ်းမှု၏ ဆိုးကျိုးများကို ခံစားကြရမည်ဖြစ်သည်။
ထို့ကြောင့် ၂၀၀၂ခုနှစ် ဇွန်လ ၁၀ ရက် နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ၌ လက်မှတ်ရေးထိုးခဲ့ကြသည့် အာဆီယံ နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် မီးခိုး မြူငွေ့ဆိုင်ရာ သဘောတူညီချက် (ASEAN Agreement on Transboundary Haze Pollution)အရ မီးခိုးမြူငွေ့ပြဿနာသည် အရေးတကြီး    ပူးပေါင်းဖြေရှင်းရမည့် ဒေသအတွင်း    ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ကြောင်း    ထိုင်း၊ မြန်မာနယ်စပ်မြို့များရှိ လေထုညစ်ညမ်းမှု ဖြစ်စဉ်များက မီးမောင်းထိုးပြသလျက် ရှိပေသည်။
ကိုးကား -
(၁) http://asmc.asean.org/asmc-haze-hotspot-annual-new#Hotspot
(၂) တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များ။
(၃) Thailand's northern provinces report unsafe levels of air pollution