သတိပြုကာကွယ် ငလျင်ဘေးအန္တရာယ်

Type

 

မေယု-မျိုးအောင် (MANA)

 

မြန်မာနိုင်ငံနှင့်ငလျင်ဘေး


မြန်မာနိုင်ငံတစ်ဝန်း၌ ငလျင်လှုပ်ခတ်မှုအသေးစားများ ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိရာ  ထိုကဲ့သို့ မကြာခဏငလျင်လှုပ်မှု ရှိနေခြင်းသည် အင်အားပြင်းငလျင်ကို သတိမူလာစေရန် အချက်ပြနေခြင်းဖြစ်ကြောင်း ငလျင်ပညာရှင်များက သုံးသပ်ကြသည်။ မှတ်တမ်းများအရ မြန်မာ နိုင်ငံ၌ ၂၀၁၆ ခုနှစ်တွင်  မြေငလျင်လှုပ်ခတ်မှု ၄၂ ကြိမ် ၊  ၂၀၁၇ ခုနှစ် တွင် အကြိမ် ၇ဝ ၊ ၂၀၁၈ ခုနှစ်တွင်  အကြိမ် ၁၅၀ ကျော်နှင့် ၂၀၁၉ ခုနှစ်အတွင်း အကြိမ်ရေ ၁၄ဝ ကျော်ရှိခဲ့ကြောင်း   သိရသည်။  အထူး သဖြင့် လူဦးရေထူထပ်ပြီး မြို့ပြဖြစ်ထွန်းမှု မြန်ဆန်နေသည့် ရန်ကုန်၊ မန္တလေး၊  ပဲခူးနှင့်  နေပြည်တော် စသောမြို့ကြီးများသည်  ငလျင် ကြောပေါ်တွင် တည်ရှိပြီး အင်အားလတ်ဇုန်နှင့် အင်အားပြင်းဇုန်များ အတွင်း ကျရောက်လျက်ရှိသဖြင့် ငလျင်ဘေးအတွက် အသိပညာ ပေးလုပ်ငန်းများ၊ ဇာတ်တိုက်လေ့ကျင့်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်ကြောင်း  ပညာရှင်များက   ထောက်ပြထား သည်။

 


ရန်ကုန်အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့တွင်ရှိနေသော ပြည်သူ များအနေဖြင့် သဘာဝဘေးအန္တရာယ်များတွင် ငလျင်ဘေးအန္တရာယ် ကိုပါ သတိပြု၍ ကြိုတင်ပြင်ဆင်မှုများ၊ အသိပညာပေးမှုများ လိုအပ် လာပြီဟူ၍ သုံးသပ်မှုများ ရှိလာကြသည်။ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း ၂၀၁၈  ခုနှစ် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံပြည်တွင်းနေရာများကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် မြေငလျင်အကြိမ်အရေအတွက် ၁၅၀ ကျော်အထိရှိခဲ့ သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲ မှ သိရသည်။

 


ပြည်တွင်းနေရာများကို  ဗဟိုပြုလှုပ်ခတ်ခဲ့သည့်    မြေငလျင် လှုပ်ခတ်မှု အကြိမ်အရေအတွက် ၁၁၂ ကြိမ်သာရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင်မူ ပြည်တွင်းနေရာများကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် မြေငလျင် အကြိမ်အရေအတွက် ၁၅၀ ကျော်ရှိခဲ့ပြန်သည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ လအတွင်းက ဖြူးမြို့နယ်အနီးတွင် ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အား ရစ်ခ်ျတာ စကေး ၆ ဒသမ ဝ အဆင့်ရှိ ငလျင်မှာ အင်အားအများဆုံး မြေငလျင်တစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် အနီးကပ်ဆုံး အင်အား ပြင်း ငလျင်လှုပ်ခတ်မှုများအနေဖြင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် ပုဂံနှင့်တိုက်ကြီးမြို့များ၌     ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုများရှိခဲ့သည်။

 


သမိုင်းတစ်လျှောက်၌  ၁၇၆၂ ခုနှစ်တွင်  ရခိုင်ကမ်းရိုးတန်းဒေသတွင် အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၅ အဆင့်ရှိ မြေငလျင်၊  ၁၉၃၀ ပြည့်နှစ်တွင် ပဲခူးမြို့နှင့်  ရန်ကုန်မြို့၌  လူ ၅၅၀ ကျော် သေဆုံးခဲ့ သည့် အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ဝ အဆင့်ရှိ  မြေငလျင်များ လှုပ်ခတ်ခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၌  လူ ၈ဝ သေဆုံးခဲ့သည့်  အင်အားရစ်ခ်ျတာစကေး ၆  ဒသမ ၈   အဆင့်ရှိ မြေငလျင်၊ ၂၀၁၂ ခုနှစ်တွင် မန္တလေးမြို့၏ မြောက်ဘက်   ၁၀၀  ကီလို မီတာအကွာ၌ လှုပ်ခတ်ခဲ့သည့်လူ ၂၆ ဦး သေဆုံးခဲ့သော အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင်များ ဖြစ်ပေါ်လှုပ်ခတ် ခဲ့သည်။

 


မြန်မာနိုင်ငံမှပြတ်ရွေ့ကြီးများ


မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကုလားတန်ပြတ်ရွေ့၊  ကဘော်ပြတ်ရွေ့များကဲ့သို့   အင်အားပြင်း ငလျင်လှုပ်ခတ်စေသည့် ပြတ်ရွေ့ကြောကြီးများပေါ်တွင် တည်ရှိနေပြီး အင်အားရစ်ခ်ျတာစကေး ၆ နှင့်အထက် လှုပ်ခတ်နိုင်သည့် ငလျင် ကြောကြီး ငါးခုနှင့် ရစ်ခ်ျတာစကေး ၂ မှ ၅ အထိ လှုပ်ခတ်တတ်သည့် မြေငလျင်ကြော  ၄ဝ ခန့်  ရှိနေခြင်းကြောင့် မြေငလျင်အန္တရာယ် အတွက် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားရန် လိုအပ်သည့် နိုင်ငံ တစ်ခုဟုပင် မှတ်ယူရပေလိမ့်မည်။ ဆင်းရဲသော နိုင်ငံတစ်နိုင်ငံတွင် သဘာဝဘေးဒဏ်၏ နောက်ဆက်တွဲ ဆိုးကျိုးများသည် မခန့်မှန်း နိုင်အောင်ပင်  ကြီးမားသည့်အတွက် သဘာဝဘေးအန္တရာယ်များ အတွက် သတိရှိရှိ အမြင်ကျယ်ကျယ်ဖြင့် ကြိုတင်စီမံထားသင့်ပေသည်။

 


ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် မြေငလျင်အန္တရာယ်အကြီးမားဆုံးနိုင်ငံများစာရင်းတွင်  ပါဝင်နေပြီး  ပမာဏကြီးမားသည့်  အဓိက မြေငလျင်ကြောကြီး ငါးခုရှိသည်။ ထို့ပြင် မကြာခဏလှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာရှိနေကြောင်း သိရသည်။ ငလျင်လှုပ်ခတ်ပါက အင်အားရစ်ခ်ျတာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်း ငယ်လှုပ်ခတ်ခြင်းဖြစ်ကာ ရစ်ခ်ျတာစကေး ၅ မှ ၅ ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်နှင့် ပျက်စီးမှုအနည်းငယ်ရှိ နိုင်ပြီး ရစ်ခ်ျတာစကေး ၆ မှ  ၇ ဒသမ ၅ အထိလှုပ်ခတ်ပါက အင်အား ပြင်းအဆင့်သတ်မှတ်ပြီး    အပျက်အစီးများသည်။   ရစ်ခ်ျတာစကေး  ၇ ဒသမ ၆ နှင့်အထက် လှုပ်ခတ်သောငလျင်ကို အားအလွန်ပြင်းအဖြစ် သတ်မှတ်ကာ ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ပြီး မြန်မာ နိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အားပြင်းငလျင်အထိ လှုပ်ခတ်ခဲ့သည်။

 


မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ်  ပူတာအိုအနီးမှ စတင်ခဲ့ ပြီး  မုတ္တမပင်လယ်ကွေ့အထိ   မြောက်မှတောင်အထိ   ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံး ငလျင်ကြောကြီးတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး   ကလေးဝအနီး   တောင်-မြောက်တန်း လျက်တည်ရှိနေသည့်  ကဘော်ပြတ်ရွေ့၊  ပြင်ဦးလွင်အနီးမှ စတင်ပြီး  တောင်ကြီးမြို့အနီး   တောင်မြောက်တန်းလျက်    တည်ရှိသည့်   ကျောက်ကြမ်းပြတ်ရွေ့၊   ရှမ်းပြည်နယ်မြောက်ပိုင်း  အရှေ့ အနောက် တန်းလျက်တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြော ကြီးများ ဖြစ်သည်။ ငလျင်ပြတ်ရွေ့အသေး ၄ဝ ခန့်ရှိ သောကြောင့် ငလျင်ဒဏ်ကို အချိန်မရွေး ခံစားရနိုင်သည်။ 

 


ငလျင်ဘေးသည်  ကြိုတင်ခန့်မှန်းနိုင်ရန်   ခက်ခဲသည့် သဘာဝ ဘေးအန္တရာယ်ဖြစ်သော်လည်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး နှင့် ပျက်စီးဆုံးရှုံးမှု လျော့ပါးသက်သာစေရေးမှာ အရေးကြီးသည့် အချက်များဖြစ်သည်။   သဘာဝဘေးအန္တရာယ်များသည်   နိုင်ငံ တစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အဓိက အဟန့် အတားဖြစ်စေသဖြင့်  သဘာဝဘေးရင်ဆိုင်တုံ့ပြန်ရေး၊   ကြိုတင် ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် သဘာဝ ဘေး  စီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် နိုင်ပါက ဖြစ်ပေါ်လာနိုင်သည့် မည်သည့်သဘာဝဘေးအန္တရာယ်  အပေါင်းကိုမဆို အန်တုနိုင်မည်ဖြစ်သည်။

 


လိုက်နာဆောင်ရွက်ရမည့်အချက်များ


စစ်ကိုင်းပြတ်ရွေ့နှင့် ငလျင်ပြတ်ရွေ့ကြောငယ်များ တည်ရှိနေ သည့် မြန်မာနိုင်ငံသည် ငလျင်ဘေး အန္တရာယ်ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်၍ သက်ဆိုင်ရာကလည်း ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက် သည့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ထုတ်ပြန်ထားပြီး ဖြစ်သည်။ ထို့ကြောင့် အများပြည်သူတို့အနေဖြင့် ငလျင်ဘေးကို အထူးသတိပြုကြရန် လိုအပ်သကဲ့သို့ တာဝန်ရှိသူများအနေဖြင့်လည်း ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ ငလျင်လှုပ်ခတ်ပါက အများပြည်သူတို့ ကြိုတင်စုဝေးနိုင်သည့်နေရာ များကို ကြိုတင်ပြင်ဆင်ထားခြင်း၊ ငလျင်နှင့်စပ်လျဉ်းသည့် အသိပညာ ပေးမှုများကို  ကျယ်ကျယ်ပြန့်ပြန့်   ပြုလုပ်ခြင်းနှင့်   ဇာတ်တိုက် လေ့ကျင့်ခြင်း၊ အထိတ်တလန့်ဖြစ်စေသည့် သတင်းမှားများ ဖြန့်ချိ မှုများကို  စိစစ်ကာ သတင်းမှန်၊ အချိန်နှင့်တစ်ပြေးညီ   ထုတ်ပြန် ခြင်းတို့ကို အလေးထားလုပ်ဆောင်ရန် လိုအပ်သည်။ ရန်ကုန်မြို့တွင် ၁၉၈၈ မှ  ၁၉၉ဝ ကြား တည်ဆောက်ခဲ့သည့် အဆောက်အအုံများသည် အရည်အသွေးစံချိန်မမီဘဲ ငလျင်အန္တရာယ်အတွက် ကြံ့ခိုင်မှုစိတ်မချ ရကြောင်း အင်ဂျင်နီယာနှင့် ဘူမိဗေဒပညာရှင်များက မကြာခဏ အသိပေးသည်။

 


မြန်မာနိုင်ငံတွင်လည်း မကြာခဏဆိုသလို  ငလျင်ဘေးများ၏ လှုပ်ခတ်မှုကို  နေရာအနှံ့အပြား၌  ခံစားနေရသည်။ အထူးသဖြင့် စစ်ကိုင်းပြတ်ရွေ့သည် အချိန်မရွေး အင်အားပြင်းငလျင် လှုပ်ရှားနိုင် ကြောင်း ဘူမိဗေဒပညာရှင်များက သတိပေးထားပြီးဖြစ်ရာ သက်ဆိုင် ရာဒေသရှိ ပြည်သူများအနေဖြင့် ငလျင်ဘေးကို အလေးထားသတိပြု ကြရန် လိုအပ်သည်။   အထပ်မြင့် အဆောက်အအုံတွင် နေထိုင်သူများမှ သည် လုံးချင်းအိမ်တွင် နေသူများအထိ  သတိပြုနေထိုင်ရန်လိုအပ်သည်။  အနာဂတ်ငလျင်  သတင်းအချက်အလက်များရရှိစေရန်နှင့်  စစ်ကိုင်း ပြတ်ရွေ့အစိတ်အပိုင်းများကို  အတိအကျ သတ်မှတ်နိုင်ရန်အတွက် ကောင်းကင်ဓာတ်ပုံများကို  ဒရုန်းဖြင့်ရိုက်ကူးမည့်   သုတေသန မှတ်တမ်းတင်မှုကို  စတင်မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ   ငလျင် ကော်မတီမှ သိရသည်။

 


ကမ္ဘာ့ငလျင်ကြောကြီး နှစ်ခုအနက်  တစ်ခုမှာ မြစ်ကြီးနားမြို့မှ စတင်ခြင်းဖြစ်ပြီး စစ်ကိုင်း၊ ဂန့်ဂေါ တောင်တန်းများနှင့်  ပဲခူးရိုးမ အရှေ့ဘက်ခြမ်းကိုဖြတ်ကာ  မုတ္တမပင်လယ်ကွေ့အထိ   ၁၀၀၀ ကီလိုမီတာ  ခန့်ရှည်လျား၍ အပိုင်း ၁ မှာ ပူတာအိုမှ အင်းတော်ကြီး၊ အပိုင်း ၂ မှာ တကောင်းမှ စစ်ကိုင်း၊ အပိုင်း ၃ မှာ သာစည်မှ ပျဉ်းမနား၊ အပိုင်း ၄ မှာ တောင်ငူမှ ပဲခူးနှင့် အပိုင်း ၅ မှာ ပဲခူးမှ မုတ္တမပင်လယ်ကွေ့ အထိဖြစ်ပြီး ဘူမိဗေဒပညာရှင်များ လေ့လာချက်အရ တစ်နှစ်လျှင် ပျမ်းမျှ ၁၈ ဒသမ ၅ မီလီမီတာခန့် ရွေ့လျားနေကြောင်း သိရသည်။

 


မြေငလျင်ကို ကြိုတင်ခန့်မှန်းမှုများ မပြုလုပ်နိုင်သော်လည်း ကြိုတင် ကာကွယ်မှုများ   ပြုလုပ်ထားခြင်းဖြင့်   ငလျင်ဘေးအန္တရာယ်ကို ထိုက်သင့်သလောက် လျော့ပါးသက်သာစေနိုင်သည်။ ငလျင်ဘေး အန္တရာယ်ကြိုတင်ကာကွယ်ရာတွင် အရေးအကြီးဆုံးနှင့် အခက်ခဲ ဆုံးမှာ ငလျင်ဒဏ်ခံအဆောက်အအုံများ   ဆောက်လုပ်ခြင်းဖြစ်သည်။ ငလျင်လှုပ်သည့်အခါတွင်   အဆောက်အအုံများပြိုကျပြီး  လူများ သေဆုံးနိုင်သောကြောင့် အဆောက်အအုံများတွင်  ငလျင်ဒဏ်ခံနိုင် အောင် ဆောက်ရန်လိုသည်။ အထပ်မြင့်အဆောက်အအုံများရှိသော မြို့ကြီးများတွင် ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲအဆောက်အအုံ များကို ငလျင်ဒဏ်ခံနိုင်ရည် ရှိ  မရှိ စစ်ဆေးပြီး မွမ်းမံပြင်ဆင်သင့်သည် များ၊ ဖျက်သိမ်းပစ်သင့်သည်များကို စနစ်တကျစစ်ဆေးကာ တိတိ ကျကျ ဆောင်ရွက်ရန်လိုသည်။

 


ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားလေ့ရှိ


မျက်မှောက်ကာလတွင် ငလျင်နှင့်  ဆူနာမီဘေးသည် ကမ္ဘာပေါ် တွင် အဖျက်စွမ်းအားအကြီးမားဆုံး ဘေးအန္တရာယ်များဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင်   ဖြစ်ပွားလေ့ရှိသော     သဘာဝဘေးအန္တရာယ် အမျိုးမျိုးကြောင့် လူသေဆုံးမှုများအနက် ငလျင်ကြောင့် သေဆုံးမှုက အများဆုံးဖြစ်ပြီး မုန်တိုင်းဘေးနှင့် ရေဘေးတို့ကြောင့် သေဆုံးမှုက ဒုတိယနှင့် တတိယအများဆုံးဖြစ်သည်။  အင်အားပြင်းငလျင်များ ဖြစ်ပွားပါက ပျက်စီးဆုံးရှုံးမှုကြီးမားနိုင်ပြီး နောက်ဆက်တွဲ ငလျင် ငယ်များလှုပ်ခြင်း၊ ရေကာတာကြီးများ ကျိုးပျက်၍ ရေလွှမ်းခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ လျှပ်စစ်ကြိုးများ ပူးကပ်သွားခြင်းကြောင့် လျှပ်စစ်မီးပွားမှတစ်ဆင့် မီးလောင်ခြင်း၊ လောင်စာဆီ၊ ဓာတ်ငွေ့ ပိုက်များ ထိခိုက်ပျက်စီးရာမှတစ်ဆင့် မီးလောင်ကျွမ်းခြင်း စသည့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။

 


ငလျင်လှုပ်ခြင်းသည် မြေအောက်ရှိ ကျောက်များ ကျိုးပြတ်ရွေ့ လျားမှုကြောင့် မြေသားထု ရုတ်တရက်  လျင်မြန်စွာ  တုန်ခါရာမှ ငလျင်လှုပ်ခြင်းဖြစ်ပြီး မြေသားထုစတင်တုန်ခါသည့်နေရာကို ငလျင် ဗဟိုချက်ဟု ငလျင်ပညာရှင်များက သတ်မှတ်ထားသည်။ မြေသား ထုအတွင်းရှိ   ပြတ်ရွေ့များတစ်လျှောက် အထက်နှင့်အောက်(သို့) ဘေးတိုက်    ကျိုးပြတ်ရွေ့လျားမှုကြောင့်        ငလျင်အငယ်စားများ ဖြစ်ပေါ်နိုင်သည်။  သမုဒ္ဒရာအောက်ကြမ်းခင်းပြင်  မြေသားထုရှိ ပြတ်ရွေ့သည် အထက်(သို့)အောက်သို့ ကျိုးပြတ်ပြီး  ငလျင်ကြီးများ လှုပ်ပါက ဆူနာမီလှိုင်းကြီးများဖြစ်ပေါ်ကြောင်း သိရသည်။

 


ကြိုတင်စီမံဆောင်ရွက်သင့်


သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသော ပြည်သူ များအနေဖြင့်   ပုံမှန်ဘဝသို့    လျင်မြန်စွာ   ပြန်လည်ရောက်ရှိနိုင်ရေး လုပ်ဆောင်ရာတွင် များစွာခက်ခဲသည်ဖြစ်ရာ တာဝန်ရှိသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များအပေါ် အမြော်အမြင်ရှိသော စီမံခန့်ခွဲမှုနှင့် တာဝန်ယူ  တာဝန်ခံမှုဖြင့်   ကြိုတင်စီမံဆောင်ရွက်သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။      ။