
သထုံ မတ် ၂၈
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက နယ်လှည့်ကွင်းဆင်း ကျန်းမာရေးစစ်ဆေးရေး အဖွဲ့နှင့် သထုံမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ရွေ့လျား ကွန်ပျူတာဓာတ်မှန်စက်ဖြင့် အဆုတ် (တီဘီရောဂါ) နှင့် ရင်ခေါင်းဆိုင်ရာများ အခမဲ့ စမ်းသပ်စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သထုံမြို့နယ် သုဝဏ္ဏဝတီ မြို့ တံတားဦးကျေးလက် ဆေးပေးခန်း၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နယ်လှည့် စစ်ဆေးကုသရာတွင် ပြည်နယ် ဆရာဝန်ကြီး ဒေါက်တာထွန်းဦးနှင့် တာဝန် ရှိသူများက လာရောက်ပြသသည့် ပြည်သူများ အား ရွေ့လျားကွန်ပျူတာ ဓာတ်မှန်စက်ဖြင့် ဓာတ်မှန်ရိုက်စစ်ဆေးပေးပြီး ရောဂါတွေ့ရှိသူ များအား သလိပ်စစ်ဆေး၍ သက်ဆိုင်ရာဆေး များနှင့် လိုအပ်သော ကုသမှုများ ညွှန်ကြား ပေးခဲ့ကြောင်း၊ ရောဂါတွေ့ရှိသူများအတွက် ခြောက်လစာဆေးများကို ပေးအပ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများထံမှ တစ်ဆင့် တစ်လစာဆေးကို ထုတ်ယူနိုင်ကြောင်း နယ်လှည့်ကွင်းဆင်းအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။
အဆိုပါ နယ်လှည့်စမ်းသပ်၊ စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများကို သထုံမြို့နယ်အတွင်း မတ် ၂၀ ရက် မှစတင်ကာ ၃၀ ရက်အထိ သထုံ မြို့နယ်နှင့် သုဝဏ္ဏဝတီမြို့အတွင်း ရပ်ကွက် ကျေးရွာတို့ရှိ စုရပ် ၁၀ နေရာ၌ နေ့စဉ်နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ တစ်ရက်လျှင် စုရပ်တစ်နေရာစီ လိုက်လံဆောင်ရွက်နေပြီး မတ် ၂၈ ရက် အထိ စုရပ် ရှစ်နေရာ၌ စစ်ဆေး ခဲ့ရာ ရောဂါပိုးတွေ့ရှိသူ ၄၅ ဦးရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။
နဒီ(ပြန်/ဆက်)