သန္တာကျောက်တန်းများတွင် ကင်ဆာရောဂါတိုက်ဖျက်နိုင်သည့် သဘာဝဓာတုဒြပ်ပေါင်းများ ပါဝင်နေကြောင်း လေ့လာတွေ့ရှိ

Type
666

 

 

မြန်လင်းမောင်

 

အမေရိကန်သိပ္ပံပညာရှင်များက   ဆယ်စုနှစ်နှစ်စု ကျော်ကြာလေ့လာမှုများပြုလုပ်ပြီးနောက် ပင်လယ် သန္တာကျောက်တန်းများတွင်   ကင်ဆာရောဂါ ဝေဒနာရှင်များကို ကုသရာတွင် အထောက်အကူ ဖြစ်စေနိုင်သည့် သဘာဝဓာတု ဒြပ်ပေါင်းများ ပါဝင် နေကြောင်း လေ့လာတွေ့ရှိခဲ့သည်။
အူတာကျန်းမာရေးဆိုင်ရာ   တက္ကသိုလ်နှင့် ကယ်လီဖိုးနီးယားတက္ကသိုလ်တို့ ပူးပေါင်းပြုလုပ် သည့်  သုတေသနလေ့လာမှုတစ်ရပ်က   သန္တာ ကျောက်တန်းများတွင် ကင်ဆာရောဂါပျောက်ကင်း စေသည့် ဒြပ်ပေါင်းများပါဝင်နေသည်ကို လေ့လာ တွေ့ရှိခဲ့ကြောင်း  မေလအတွင်းက   ထုတ်ပြန် ကြေညာခဲ့သည်။ 
သုတေသီများသည် ဓာတ်ခွဲခန်းအတွင်း သန္တာ ကျောက်တန်းများ၏  ဒြပ်ပေါင်းများကို   ခွဲခြမ်း စိတ်ဖြာပြီး ယင်း၏   DNA   များကို   ဓာတုဗေဒ နည်းပညာဖြင့် လေ့လာရာမှ ထိုသို့ တွေ့ရှိခဲ့ခြင်းဖြစ် သည်။ “သန္တာကျောက်တန်းတွေကနေ  ဆေးဝါး အဖြစ်  ဖော်ထုတ်နိုင်ခဲ့တာဟာ   ဒါပထမဆုံးပါ၊ အသေးစိတ် လေ့လာမှုတွေအများကြီး ထပ်လုပ်ပြီး ရင်တော့   ကင်ဆာရောဂါကို   တိုက်ဖျက်နိုင်မယ့် ဆေးဝါးတစ်မျိုးအဖြစ် ထုတ်လုပ်နိုင်မှာပါ”ဟု အူတာ ကျန်းမာရေးဆိုင်ရာတက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာ ဓာတုဗေဒဌာနမှ ပါမောက္ခ အဲရစ်ရှမစ်က ဆိုသည်။
ပျော့ပျောင်းသော    သန္တာကျောက်များတွင် ရောင်ရမ်းမှုကို ဆန့်ကျင်သည့်အေးဂျင့်များ၊ ပဋိဇီဝ ဆေးများ၊  ကင်ဆာရောဂါကုထုံးများနှင့်   အခြား ထောင်ပေါင်းများစွာသော ဆေးနှင့်တူသော  ဒြပ် ပေါင်းများ ပါဝင်သည်။
အဆိုပါ ပျော့ပျောင်းသော သန္တာကျောက်များတွင် ဆေးဘက်ဆိုင်ရာ  အထောက်အကူပြုနိုင်မည့် ဓာတု ဒြပ်ပေါင်းများစွာရှိသော်လည်း  ပမာဏအများအပြား စုဆောင်းရန် ခက်ခဲလှသည်။ ပင်လယ်သန္တာကျောက် တန်းများသည် သားရဲကောင်များကို တားဆီးရာတွင် အဆိုပါ ဒြပ်ပေါင်းများကို အသုံးပြုကြသည်ဟု  ဆို သည်။ ထို့ကြောင့် ယင်းနှင့်တူညီသည့် ဒြပ်ပေါင်းများ ကို ဓာတ်ခွဲခန်းအတွင်း Synthesis နည်းပညာဖြင့် တီထွင်ထုတ်လုပ်ပြီး ကင်ဆာရောဂါဝေဒနာရှင်များ ကို   ကူညီနိုင်လိမ့်မည်ဟု   သိပ္ပံပညာရှင်များက မျှော်လင့်ထားကြသည်။ 
“ဒီဒြပ်ပေါင်းတွေရဖို့ကို   သန္တာကျောက်တွေ အသုံးပြုဖို့အတွက်တော့   အခက်အခဲ  ရှိပါတယ်၊ ဒါပေမယ့်  ဓာတ်ခွဲခန်းမှာ   တီထွင်ဖို့အတွက်တော့ သိပ်မခက်ခဲတာကြောင့်  ဆေးဝါးအဖြစ်  သုံးစွဲနိုင် မှာပါ”ဟု ရှမစ်က ဆိုသည်။ 
ဓာတ်ခွဲလေ့လာမှုများအရ အဆိုပါဒြပ်ပေါင်း သည် ကင်ဆာဆဲလ်များ ကြီးထွားမှုကို ထိရောက်စွာ ဟန့်တားပေးနိုင်သည့် အစွမ်းရှိသည်ဟု  ဆိုသည်။ သန္တာကျောက်တန်းများတွင်ပါဝင်သည့်    ရှားပါး ဓာတုဒြပ်ပေါင်းတစ်ခုဖြစ်သည့်    အလူသရိုဘင် (eleutherobin) ကို သိပ္ပံသုတေသီများက ၁၉၉၀ ပြည့် လွန်နှစ်များကတည်းက ဩစတြေးလျကမ်းခြေ အနီး တွေ့ရှိသည့် ရှားပါးသန္တာကျောက်တန်းများ တွင် တွေ့ရှိခဲ့သည်ဟုဆိုသည်။ အလားတူ ဖလော် ရီဒါရှိ သန္တာကျောက်တန်းများတွင်လည်း ကင်ဆာ ရောဂါတိုက်ဖျက်နိုင်သည့်  ဓာတုဒြပ်ပေါင်းများ ပါဝင်နေကြောင်း မကြာသေးမီက  ထပ်မံတွေ့ရှိခဲ့ ခြင်း ဖြစ်သည်။ 
ကိုးကား -
Researchers discover potential ‘anti-cancer’ chemical in sea corals