သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေး လုပ်ငန်းလမ်းညွှန်(မူကြမ်း)ဒုတိယအကြိမ်နှင့်ပတ်သက်၍ သုံးသပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်   ဇွန်   ၂၃


သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော  ကလေးသူငယ်များစိစစ်ရေး    လုပ်ငန်းလမ်းညွှန် (မူကြမ်း) ဒုတိယအကြိမ်နှင့်ပတ်သက်၍ သုံးသပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ချမှတ်ရေးဆွဲခဲ့ခြင်းဖြစ်


အစည်းအဝေးတွင်     ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သင်တန်းကျောင်းများရှိ  ပြစ်ဒဏ်ချမှတ်ခြင်းခံရသော   ကလေးသူငယ်များ စိစစ်ရေးဗဟိုကော်မတီနှင့် သက်ဆိုင်ရာသင်တန်း ကျောင်းများအလိုက် ပြစ်ဒဏ်ချမှတ်ခြင်းခံရသော  ကလေးသူငယ်များ       စိစစ်ရေးကော်မတီများကို ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုး စီးပွားကို ရှေးရှု၍ သင်တန်းကျောင်းများအားလုံး အနေဖြင့် တစ်ပြေးညီဆောင်ရွက်နိုင်စေရန် လုပ်ငန်း လမ်းညွှန်       ချမှတ်ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းလမ်းညွှန်(ပထမမူကြမ်း)အပေါ် ကလေး သူငယ်တစ်ဦးချင်းစီအလိုက် စိစစ်ရေးပုံစံများ ထည့် သွင်းရန် မူဝါဒချမှတ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ သင်တန်းကျောင်းများအနေဖြင့် လုပ်ငန်း များ ဆောင်ရွက်ရာတွင် Standardized ဖြစ်စေရေး အတွက် အတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ကလေးသူငယ်  များအတွက် အခွင့်အရေးကို ဦးတည်ဆောင်ရွက်ရာ တွင် ပြုစုစောင့်ရှောက်သူများ အပါအဝင် ရပ်ရွာ ပတ်ဝန်းကျင်နှင့် ရေရှည်အကျိုးစီးပွားကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ပြောကြားသည်။ 


တင်ပြဆွေးနွေး


ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က   လုပ်ငန်းလမ်းညွှန်  (ဒုတိယမူကြမ်း) ရေးဆွဲထားရှိမှုအခြေအနေနှင့် သင်တန်းကျောင်း များရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ် များစိစစ်ရေး ဗဟိုကော်မတီ၊ သက်ဆိုင်ရာသင်တန်း ကျောင်းများအလိုက်    ကော်မတီများ   ဖွဲ့စည်း ဆောင်ရွက်ထားရှိမှုကို တင်ပြဆွေးနွေးခဲ့ပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)က လုပ်ငန်းလမ်းညွှန် (ဒုတိယမူကြမ်း)နှင့်ပတ်သက်၍ အတည်ပြုနိုင်ရေး ပြင်ဆင်၊ ဖြည့်စွက်ရမည့်အချက်များ တင်ပြဆွေးနွေး သည်။ 


ဆက်လက်၍ တက်ရောက်လာသော သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် သင်တန်း ကျောင်းအသီးသီး၏ တာဝန်ခံများ၊ ကျောင်းအုပ် များက ပြင်ဆင်၊ ဖြည့်စွက်ရမည့်အချက်များအပေါ်  ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။ ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းလမ်းညွှန် (ဒုတိယမူကြမ်း)အပေါ် အတည်ပြုနိုင်ရေး လိုအပ်  သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး သင်တန်းကျောင်း များ၏  လိုအပ်ချက်များအပေါ်  ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။      

       
သတင်းစဉ်