
မန္တလေး မတ် ၃၁
မန္တလေးတိုင်းဒေသကြီးတွင် ဆင်များနှင့်ဝန်ဆောင်မှုပေးသော ဝါးနက်ဆင်စခန်းသို့ သင်္ကြန်ပိတ်ရက်ရှည်ကာလအတွင်း လာရောက် အပန်းဖြေကြမည့် ပြည်သူများအတွက် ဝန်ဆောင်မှုအပြည့်အဝပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ထားရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဝါးနက်ဆင်စခန်း ထိန်းသိမ်းရေးတာဝန်ခံက ပြောသည်။
မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့နယ်ကြား ရဲရွာ ရေလှောင်တမံသွားကားလမ်းဘေးတွင် ဖွင့်လှစ်ထား သည့် အဆိုပါဝါးနက်ဆင်စခန်းသည် ခရီးသွားပြည်သူ များအတွက် သဘာဝတောတောင်ရှုခင်းအလှများနှင့် ဆင်စီးပြီးအပန်းဖြေနိုင်ရေးအတွက် ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း၊ ဝါးနက်ဆင်စခန်းမိသားစု က သင်္ကြန်ပိတ်ရက်ရှည်ကာလတွင် လာရောက် လည်ပတ်ကြမည့် ပြည်သူ ၁၅၀ နှင့် ၂၀၀ အတွက် ဖျော်ရည်မျိုးစုံ စတုဒီသာကို နေ့စဉ်ဧည့်ခံ ပေးမည့်အပြင် ဆင်များ၏ နှာမောင်းများဖြင့် ရေပက်ဖျန်းကြိုဆိုခြင်းများနှင့် သင်္ကြန်မဏ္ဍပ်ငယ် များ ဆောက်လုပ်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝါးနက်ဆင်စခန်းတွင် ဆင်စီး၍ တောတောင်ရှုခင်းများ ကြည့်ရှုနိုင်ခြင်း၊ ဆင်များ၏ လိမ္မာမှုများပြသခြင်း စသည့်ဝန်ဆောင်မှုများပေး နေပြီး လာရောက်သူများက ဆင်များကို အစာ ကျွေးခြင်း၊ ဆင်နှင့်အတူ ဓာတ်ပုံရိုက်ခြင်းတို့ ပြုလုပ် ကြကြောင်း၊ ဆင်စခန်းဝင်ကြေးအဖြစ် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀ သတ်မှတ်ထားပြီး ဆင်စီးသည့် ဝန်ဆောင်မှုအတွက် ခရီးတိုလျှင် ငွေကျပ် ၃၀၀၀ နှင့် ခရီးရှည်လျှင် ငွေကျပ် ၅၀၀၀ ကျသင့်ကြောင်း သိရသည်။
မင်းထက်အောင် (မန်းကိုယ်ပွား)