သင်္ကြန်အကြတ်နေ့တွင် နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ လာရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကား

 

နေပြည်တော်     ဧပြီ    ၁၅


၂၀၂၃  ခုနှစ်    မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ  ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများ ချစ်ကြည်ရင်နှီးစွာဖြင့်     ပျော်ရွှင်မှုရရှိစေရန်နှင့် သင်္ကြန်ကာလကို    ပိုမိုပျော်ရွှင်စွာ   ဆင်နွှဲနိုင်စေရန် ရည်ရွယ်၍ ယခုနှစ်တွင် နေပြည်တော်လမ်းလျှောက် သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပ ပေးလျက်ရှိသည်။

 


အဆိုပါ   လမ်းလျှောက်သင်္ကြန်ကို   ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ   နေပြည်တော်မြို့တော်ဝန် မဏ္ဍပ်အနီးမှ    စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ ဇုန်လေးဇုန်     သတ်မှတ်ပြီး    ကျင်းပလျက်ရှိရာ လာရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကား လျက်ရှိသည်။

 


“ ဒီနေ့က   အရင်နေ့တွေထက် ဇုန်လေးဇုန်မှာ လူတွေပြည့်နေတာကို တွေ့ရပါတယ်။ လာရောက် လည်ပတ်ကြတဲ့သူတွေက လမ်းလျှောက်သင်္ကြန်မှာ ပါဝင်တဲ့ အစီအစဉ်အားလုံးကို သိရှိပြီး ဒီနေ့တစ်နေ့ လုံး    ပါဝင်ဆင်နွှဲကြတဲ့သူတွေလည်း    ရှိပါတယ်။ သင်္ကြန်အတက်နေ့မှာ ထူးခြားတဲ့အစီအစဉ်အဖြစ် လမ်းလျှောက်သင်္ကြန်အတွင်းမှာရှိတဲ့ ဇုန်လေးဇုန်မှာ နိုင်ငံကျော်   အနုပညာရှင်များနဲ့   တေးသံရှင်များက သီဆိုဖျော်ဖြေပေးမှာဖြစ်ပါတယ်။ သင်္ကြန်အတက် နေ့ကို လမ်းလျှောက်သင်္ကြန်မှာ လာရောက်လည်ပတ် ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု Brilliant Aura Co., Ltd  မှ Business Development Director  ဒေါ်ဆုမြတ် လွင်က ပြောသည်။  

 


လမ်းလျှောက်သင်္ကြန်ရှိ သနပ်ခါးသင်္ကြန်ဇုန်တွင် မြန်မာ့ရိုးရာ သနပ်ခါးကို တိုင်းရင်းသားလူမျိုးပေါင်းစုံ နှစ်ခြိုက်စွာလိမ်းခြယ်၍ တစ်ဦးနှင့်တစ်ဦး ပျော်ရွှင်စွာ နောက်ပြောင်နေကြသည့် ချစ်စရာဓလေ့ တစ်ခုကို လည်း တွေ့ရသည်။
အလားတူ တိုင်းရင်းသား သင်္ကြန်ဇုန်တွင်လည်း ဖျော်ဖြေရေးအစီအစဉ်များ၌ ပြည်သူများ ပါဝင်ဆင်နွှဲ နိုင်သည့်အပြင်     တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် အတူ ရေပက်ကစားကြသူများဖြင့် စည်ကားလျက် ရှိသည်။

 


ထို့အတူ လမ်းလျှောက်သင်္ကြန်အတွင်းရှိ မဏ္ဍပ် များတွင် နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များ က  DJ, Music Band များနှင့်   တွဲဖက်၍   ပရိသတ် အကြိုက် တေးသီချင်းများကို သီဆိုဖျော်ဖြေကြသည့် အပြင်    ဝန်ကြီးဌာနများမှ    သင်္ကြန်ယိမ်းအဖွဲ့များ ကလည်း သင်္ကြန်တေးသီချင်းများဖြင့် ညီညီညာညာ  ယိမ်းနွဲ့   ကပြဖျော်ဖြေပေးကြပြီး    မဏ္ဍပ်များက ပက်ဖျန်းလိုက်သည့် အတာရေအကြားတွင် ပြည်သူ များက သီချင်းသံစဉ် စည်းချက်များနှင့်အညီ လိုက်ပါ ယိမ်းနွဲ့၍ ကခုန်ပျော်ရွှင်စွာ တစ်ခဲနက် ပါဝင်ဆင်နွှဲကြ သည့် မြင်ကွင်းကိုလည်း တွေ့ရသည်။ 

 


ထို့ပြင်   လူငယ်များနှင့်   ကလေးများအတွက် အဓိကထားသည့် ဇုန်တွင် Colour Party, Foam Party ဂိမ်းအစီအစဉ်များ ၊ လူကြီးများ၊ ကလေးများ ပါဝင်ဆော့ကစားနိုင်သည့်     ရေလွှာလျှောစီးနှင့် ကလေးငယ်များအတွက် ပျော့အိကစားကွင်းများတွင် လည်း ပြည်သူများပျော်ရွှင်အေးချမ်းစွာ ပါဝင်ဆင်နွှဲ ခဲ့ကြသည်။

 


လမ်းလျှောက်သင်္ကြန်အတွင်းသို့    လာရောက် လည်ပတ်ကြသူများ အစားအသောက် အခက်အခဲ မရှိစေရန် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး လျက်ရှိသည့် ဆိုင်ခန်းများအပြင် စတုဒိသာမဏ္ဍပ် များက ကျွေးမွေးသည့် စုံလင်လှသော မြန်မာ့ရိုးရာ အစားအစာများကိုလည်း အားပါးတရနှစ်ခြိုက်စွာ သုံးဆောင်နေကြသည့် မြင်ကွင်းကလည်း မြန်မာတို့ ၏ ချစ်စရာဓလေ့ကို စိတ်ကြည်နူးစွာ မြင်တွေ့ရသည် မှာလည်း စိတ်ချမ်းမြေ့ဖွယ်ရာ ကောင်းလှသည်။

 


နေပြည်တော်    လမ်းလျှောက်သင်္ကြန်အတွင်း ပြည်သူများ ရေကစားနေစဉ် ကျန်းမာရေးကိစ္စ တစ်စုံ တစ်ရာ ဖြစ်ပေါ်လာပါက အရေပေါ်ကုသစောင့်ရှောက် ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီး ဌာနမှ ဆေးခန်းများကိုလည်း ဖွင့်လှစ်ထားသည်ကို လည်း တွေ့ရသည်။

 


လမ်းလျှောက်သင်္ကြန်တွင်   ထူးခြားဆန်းသစ် သည့်     အစီအစဉ်တစ်ခုအဖြစ်    ခေတ်လေးခေတ် သင်္ကြန်ပွဲဆင်နွှဲခဲ့မှုများကို    အလှပြယာဉ်များဖြင့် သရုပ်ဖော်ပြသမှုသည် မြန်မာ့ရိုးရာအတာသင်္ကြန်၏ သမိုင်းကြောင်းကို  လေ့လာမြင်တွေ့ခွင့်ရရှိခဲ့သလို အသိအမြင်ဗဟုသုတများစွာလည်း   တိုးပွားစေသည့် မြင်ကွင်းကိုလည်း တွေ့ရသည်။

 


နေပြည်တော်   လမ်းလျှောက်သင်္ကြန်အတွင်း ပြည်သူများ    အေးချမ်းပျော်ရွှင်    ဘေးအန္တရာယ် ကင်းရှင်းစွာ   ရေကစားနိုင်ကြစေရန်    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က     ပြည်သူများ၏    လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး    ယာဉ်ထိန်း ရဲတပ်ဖွဲ့များကလည်း    ယာဉ်ကြောပိတ်ဆို့မှု   မရှိ စေရေးအတွက် ယာဉ်ကြောရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 


ယနေ့တွင် နေပြည်တော်လမ်းလျှောက်သင်္ကြန် သို့ လာရောက်ပါဝင်ဆင်နွှဲကြသည့် ပြည်သူ ၂၀၀၀၀ ခန့်ရှိကြောင်း သိရသည်။

 
လုလင်ငယ်၊ ဓာတ်ပုံ - ကိုကြီးထိန်း