
ရန်ကုန် ဒီဇင်ဘာ ၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် မြန်မာသမိုင်းအဖွဲ့ဝင်များ တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း သီရိမင်္ဂလာရိပ်သာ လမ်းသွယ်ရှိ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ပညာဆောင်၌ ကျင်းပသည်။
တွေ့ဆုံစဉ် မြန်မာသမိုင်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က အမျိုးသား စာကြည့်တိုက် အမှတ်(၂) နေရာရရှိပြီးဖြစ်ကြောင်း၊ သမိုင်းပညာရှင်ရုံးခန်းနှင့် သမိုင်းသုတေသန စာကြည့်တိုက်နေရာ ပါဝင်မည်ဖြစ်ကြောင်း၊ သမိုင်း သုတေသနလုပ်ငန်းများ၊ သမိုင်းဆိုင်ရာ အထောက် အကူပြုစာပေနှင့် အတ္ထုပ္ပတ္တိစာပေပြုစုခြင်းများ၊ သမိုင်းစာတမ်းဖတ်ပွဲများတွင် ပညာရှင်များက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သမိုင်းသုတေသန လုပ်ငန်းသည် ပြီးပြည့်စုံခြင်း၊ ပြီးဆုံးခြင်း မရှိပါ ကြောင်း၊ အချက်အလက် အထောက်အထားခိုင်မာ ရန်၊ ဆန္ဒစွဲမပါရန် လိုအပ်ပါကြောင်း၊ ပထမနှင့် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် အင်္ဂလိပ် လက်အောက် ကျရောက်သွားသော ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် အောက်မြန်မာပြည်တို့တွင် တိုင်းရင်းသားမျိုးချစ်များ၏ နယ်ချဲ့တော်လှန်ရေးတိုက်ပွဲများကို ပြန်လည်ဖော်ထုတ် မှတ်တမ်းတင်လို ပါကြောင်း၊ ထို့အပြင် လွတ်လပ်ရေးရပြီး(၁၉၄၈) နောက်နှစ်ငါးဆယ် (၁၉၉၈ အထိ) အတွင်း ခေတ်သစ် မြန်မာ့သမိုင်းကိုလည်း (မူကြမ်း)ပြုစုလိုပါကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က ဌာနနှင့်ပတ်သက်သည့် လုပ်ငန်း စဉ်များ၊ ဆောင်ရွက်ချက်များကို တင်ပြပြီး မြန်မာ သမိုင်းအဖွဲ့ပညာရှင်များက လုပ်ငန်းဆောင်ရွက်ချက် များကို အပြန်အလှန် ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက် လမ်းသစ် လမ်းဒေါင့်တွင် တည်ဆောက်လျက်ရှိသော ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာများ ဖျော်ဖြေတင်ဆက် နိုင်မည့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများက တည်ဆောက်ရေး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရ သည်။
သတင်းစဉ်