သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ   ၁၀ 


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံ ဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များအသင်းတို့   ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချ ပေးသည့်  နိုင်ငံခြားငွေ  အမေရိကန်ဒေါ်လာ  ၁၂ သန်းဖြင့် မှာယူ တင်သွင်းခဲ့သည့်  စားအုန်းဆီများကို  နိုဝင်ဘာ  ၉  ရက်မှစတင်ပြီး တိုင်းဒေသကြီး/ပြည်နယ်    ဒေသအသီးသီးရှိ     လက်လီ/လက်ကား ရောင်းချသူများသို့ တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၄၂၄၀ ဖြင့် နေ့စဉ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ယနေ့အထိ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီ တိုင်းဒေသကြီးနှင့်    မွန်ပြည်နယ်တို့အတွက်    စားအုန်းဆီ ပိဿာ ၂၀၈၆၇၀၀၊ တန်ချိန် ၃၄၀၉ ဒသမ ၆၄ တန် ရောင်းချခဲ့ပြီးဖြစ်သည်။ 

 


ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက် အသင်း၏ အစီအစဉ် ဖြင့် ရပ်ကွက်များသို့  ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက် ရှိပြီး   ကျန်တိုင်းဒေသကြီး/ပြည်နယ်များသို့လည်း      ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီများကို လက်ကားဝယ်ယူ ရောင်းချသူများအနေဖြင့် လက်လီအရောင်းဆိုင်များတွင် အသားတင် အကျိုးအမြတ်  ၂  ရာခိုင်နှုန်းထက်မပိုသည့်  ဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချသွားရမည်ဖြစ်ကြောင်းနှင့် စားသုံးသူပြည်သူများသို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးမည့်  လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း၊ အမှတ်(၁၀၄/၁၀၈) ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်  (ဆင်မင်းအိမ်ရာဓမ္မာရုံရှေ့) အလုံမြို့နယ်၊ ဖုန်းအမှတ်၊ ၀၉၄၄၄၄၃၇၂၉၅၊ ၀၉၄၀၁၅၂၇၀၄၉  နှင့် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီး ဌာန ၀၁၂၅၀၂၇၀၊ ၀၉၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်