
နေပြည်တော် ဖေဖော်ဝါရီ ၂၆
သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေများ (မူကြမ်း) ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
အတည်ပြုနိုင်ရေး ဆောင်ရွက်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ၏ လုပ်ငန်းဆောင်ရွက် ချက်များ၊ ပြဋ္ဌာန်းပြီးဖြစ်သည့် ဥပဒေ / နည်းဥပဒေ များ၊ ပြဋ္ဌာန်းရန်အတွက် ဆောင်ရွက်လျက်ရှိသည့် ဥပဒေ / နည်းဥပဒေ(မူကြမ်း)များကို မိမိအနေဖြင့် လေ့လာနေဆဲ ကာလဖြစ်ပါကြောင်း၊ ယနေ့ရှင်းလင်း တင်ပြမည့် သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေ (မူကြမ်း)နှင့်ပတ်သက်၍လည်း သက်ဆိုင်ရာဌာန များ၏ သဘောထားမှတ်ချက် ရယူဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များပြီးစီးပါက အတည်ပြုနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် လိုအပ်သည့် စောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အဝရရှိရေး၊ ကိုယ်၊ စိတ်နှလုံးအေးချမ်းစွာ နေထိုင်နိုင်အောင် စောင့်ရှောက်နိုင်ရေး အရေးကြီးပါကြောင်း၊ မိခင် ဝမ်းတွင်းမှ သက်ကြီးရွယ်အိုအထိ ပြည်သူတို့၏ အကျိုးကို ထမ်းရွက်နေသည့် လုပ်ငန်းဆောင်တာများ ကို သင်ယူလေ့လာပြီး အကောင်းဆုံး၊ အကျိုးရှိဆုံး ဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ရန်ပုံငွေ ရရှိရေး
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန် ရှိသူများက သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေ (မူကြမ်း)ရေးဆွဲထားရှိမှုအခြေအနေများ၊ နည်းဥပဒေ (မူကြမ်း) အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များ၊ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဖွဲ့စည်းထားရှိမှု၊ အစည်းအဝေးများကျင်းပ ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည့်အချက်များ၊ မရှင်းလင်းသည့်အချက်များကို မေးမြန်းဆွေးနွေးပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများ ပါဝင်သည့် ကော်မတီအစည်းအဝေးများ ကျင်းပ နိုင်ရေးကိစ္စများ၊ သက်ကြီးရွယ်အိုဆိုင်ရာ ရန်ပုံငွေ ရရှိရေး ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်