သိုးနှင့်ဆိတ် တစ်နိုင်တစ်ပိုင် မွေးမြူခြင်းဖြင့် တောင်သူများ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု

 

မင်းဘူး   ဒီဇင်ဘာ   ၂၅


မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရွာသာကျေးရွာမှ တောင်သူများသည် ရာသီ ဥတု မကောင်း၍  မိုးသီးနှံများ စိုက်ပျိုးရာတွင် ဖြစ်ထွန်းသင့်သလောက်    မဖြစ်ထွန်းသည့် အတွက်  တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် တောင်သူလုပ်ငန်းအပြင် သိုးနှင့် ဆိတ်ကို   တွဲဖက်မွေးမြူကြကြောင်း ရွာသာ ကျေးရွာ တောင်သူ တစ်ဦးထံမှ သိရသည်။

 


သိုးနှင့်ဆိတ်အတွက်       အစာအဖြစ် ထွေထွေထူးထူး မကျွေးရဘဲ မင်းဘူးမြို့နယ် အတွင်းရှိ      လမ်းဘေးတစ်လျှောက်နှင့် မစိုက်ရသေးသော စိုက်ခင်းများ၊  မြေဇာပင်၊ ခံပင်၊ ဆီးပင်၊ ချုံပင်များ ပေါက်ရောက်သော စားကျက်များတွင် နံနက်တစ်ကြိမ် ညနေဘက် တစ်ကြိမ် လွှတ်ကျောင်းခြင်းဖြင့် သိုးနှင့် ဆိတ် များအတွက်   အစားအစာ   ကုန်ကျစရိတ် သက်သာကြောင်း၊ အခြားမည်သည့် ဖြည့်စွက် စာမျှ   ထွေထွေထူးထူး   မကျွေးရကြောင်း၊ သိုးကျောင်းမည့်သူနှင့် ခြံသန့်ရှင်းရေးလုပ်သူ နှစ်ဦး   ထားပေးရကြောင်း၊   သိုးခြံများတွင် အညစ်အကြေးကင်းစင်နေမှ ရောဂါကင်းဝေး ပြီး  အကောင်ဖြစ်ထွန်းမည် ဖြစ်ကြောင်းလည်း သိရသည်။

 


“ဦးလေးတို့ခြံမှာ သိုးနှင့်ဆိတ်  အကောင် ၃၀၀  မွေးထားပါတယ်။   ဆိတ်ကတော့ အကောင် ၂၀  လောက်ရှိတယ်။   ပူပြင်းတဲ့ အချိန်နဲ့ နွေရာသီတွေမှာ ငါးရက် ခြောက်ရက် တစ်ကြိမ် မြစ်ဆိပ်သွားပြီး ရေချိုးပေးရတယ်။ တစ်နှစ်ကို ၁၅ သိန်းဝန်းကျင် အမြတ်အစွန်း ရပြီး သိုးတစ်ကောင်    အရောင်းအဝယ်လုပ်မယ် ဆိုရင်တော့   ငွေကျပ် ၈၀၀၀၀  ဝန်းကျင်ရှိပါ တယ်။ ကုန်သည်ရဲ့  ဝယ်လိုအားနဲ့  သိုးချောတဲ့ အပေါ် မူတည်ပြီး ဈေးအနိမ့်အမြင့် ရှိပါတယ်။  တောင်သူလုပ်ငန်းအပြင်     သိုးနဲ့ဆိတ်ကို တွဲဖက်မွေးမြူတဲ့အတွက် တစ်ဖက်တစ်လမ်း ကနေ   ဝင်ငွေပါရတော့   အဆင်ပြေပါတယ်” ဟု      ရွာသာကျေးရွာမှ      ဦးပေါက်စက ပြောသည်။   


ဇေယျာထက် (မင်းဘူး)