SIM Card များ စနစ်တကျ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် မှန်ကန်စွာမှတ်ပုံတင်သုံးစွဲနိုင်ရေး အသိပေးကြေညာချက်

 

၁။    ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန၊  ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စိစစ်ချက်များအရ  SIM Card အသုံးပြုသူအချို့ သည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် စသည့်အချက် အလက်များကို မှန်ကန်စွာဖြည့်စွက်ခြင်းမရှိဘဲ  အသုံးပြုလျက်ရှိနေ ကြသည်ကို တွေ့ရှိနေရပါသည်။ 

 

၂။    ယခုအခါ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊     နိုင်ငံသားပြုခွင့်ရသူနှင့်   အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂) သန်းကျော်အား National Database တည်ဆောက်၍ စာရင်းသွင်းပြီးဖြစ်ပါသည်။  ထို့ကြောင့် SIM   Card  မှတ်ပုံတင်ပြုလုပ်ရာတွင်   ဖြည့်စွက်ထားသည့်   အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database အချက်အလက် များဖြင့် တိုက်ဆိုင်စစ်ဆေးသွားမည် ဖြစ်သည့်အတွက် သုံးစွဲသူအများ ပြည်သူများအနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် မိမိတို့၏ မှတ်ပုံတင်(မူရင်း)ဖြင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့ကို မှန်ကန်စွာဖြည့်စွက်၍ စနစ်တကျမှတ်ပုံတင်နိုင်ပြီးမှသာ အသုံး ပြုကြရန် လိုအပ်ပါသည်။ လက်ရှိအသုံးပြုနေသည့် SIM Card များတွင် အချက်အလက်များအား မှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါက   အဆိုပါ    SIM   Card   များကို  အပြီးပိတ်သိမ်း သွားမည်ဖြစ်ပါကြောင်းနှင့် ပိတ်သိမ်း SIM Card များရှိ လက်ကျန်ငွေ များအား ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အသိပေးဖော်ပြပါသည်။ 

 

၃။    ဆက်သွယ်ရေးအော်ပရေတာများနှင့် SIM Card ရောင်းချသူများ အနေဖြင့်လည်း SIM Card များ ရောင်းချရာတွင်လည်းကောင်း၊ အချက်အလက်များ မှန်ကန်စွာ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ရာတွင် လည်းကောင်း ညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက် သွားရန်နှင့်  ညွှန်ကြားချက်များနှင့်အညီ  လိုက်နာဆောင်ရွက်ခြင်း မရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။  ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့်  မိမိတို့၏ SIM Card အသုံးပြုသူများထံသို့ SMS ပေးပို့၍ သတိပေးဆောင်ရွက် ရမည်ဖြစ်ပါသည်။

 


၄။    သို့ဖြစ်ပါ၍ သုံးစွဲသူ အများပြည်သူများအနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် မိမိတို့၏ အချက်အလက်များကို မှန်ကန်စွာ ဖြည့်စွက်၍ မှတ်ပုံတင်ဝယ်ယူသုံးစွဲကြပါရန်နှင့် လက်ရှိ အသုံးပြုလျက် ရှိသော SIM  Card  များကိုလည်း အချက်အလက်မှန်ကန်စွာ မှတ်ပုံ တင်ထားခြင်း ရှိ/မရှိ     ပြန်လည်စစ်ဆေး၍   မမှန်ကန်ပါက   မိမိတို့ အမှန်တကယ်သုံးစွဲနေသော SIM  Card  များကို  ပိတ်သိမ်းခံရမှုမရှိ စေရေးအတွက်   သက်ဆိုင်ရာ  မိုဘိုင်းအော်ပရေတာများ၏  Online ဝန်ဆောင်မှုဖြင့်လည်းကောင်း၊ အရောင်းဆိုင်များ၊ Mobile Shop များ တွင်လည်းကောင်း    အချက်အလက်မှန်ကန်စွာဖြင့်   ဆက်လက် ထုတ်ပြန်မည့် သတ်မှတ်ရက်မတိုင်မီ ပြန်လည်ပြင်ဆင် မှတ်ပုံတင်၍ သုံးစွဲကြပါရန် အသိပေးကြေညာအပ်ပါသည်။ 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန