သီတင်းကျွတ်လပြည့်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် တန်ခိုးကြီးဘုရား စေတီများအား ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညို

ရန်ကုန်   အောက်တိုဘာ   ၂၀


ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က   ကြီးမှူး ကျင်းပသည့် ၁၃၈၃ ခုနှစ် သီတင်း ကျွတ်လပြည့်    အဘိဓမ္မာအခါ တော်နေ့ အရုဏ်ဆွမ်းတော်ကြီး  ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံ စေတီတော်  တောင်ဘက်မုခ်ရှိ  ဧည့်ခံတန်ဆောင်း၌ ကျင်းပသည်။
ရှေးဦးစွာ   ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက   အရုဏ်တက် ချိန်တွင်     ရွှေတိဂုံစေတီတော် မြတ်ကြီးအား ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့်    သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။

ရှိခိုးပူဇော်


ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက  “ဝါဆို” ဘုရား ရှိခိုးခြင်း၊        စိန်ရောင်ခြည် ဘုရားပင့်ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ စေတီတော် မြတ်ကြီးအား မြတ်ဘုရားရွှေတိဂုံ  ဂါထာဖြင့်          ရှိခိုးပူဇော်ခြင်း၊ 

 


ပရိသတ်အပေါင်းတို့ နဝင်္ဂသီလ   ခံယူဆောက်တည် ခြင်း၊  ဘုရား၊  တရား၊   သံဃာ့ဂုဏ်တော်များ ရွတ်ပွားပူဇော်ခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊ ဆုတောင်းအမျှဝေ၊ သာဓုခေါ်ဆိုခြင်း စသည့်အစီ အစဉ်အတိုင်း    ဆောင်ရွက်ကြပြီး   အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


ဆီမီး ၁၁၀၀၀


ညပိုင်းတွင်  ဂေါပကအဖွဲ့ဝင်များနှင့်  ဝန်ထမ်း များက အများပြည်သူများလှူဒါန်းထားသည့် ဆီမီး ၁၁၀၀၀ ကို ရွှေတိဂုံစေတီတော် ပတ်လည်ရှိ ဆီမီးခုံ များ၌ ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းကြသည်။


အလားတူ မဟာဝိဇယစေတီတော် ဂေါပက အဖွဲ့က   ကြီးမှူး၍   ယနေ့အရုဏ်တက်ချိန်တွင် စေတီတော်အား ဆွမ်းတော်ကြီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းတို့ဖြင့်        ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များနှင့်  ဝန်ထမ်းများက အဘိဓမ္မာ တရားတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။
ထို့ပြင်      ဗိုလ်တထောင်     ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို    ယနေ့နံနက် ၉ နာရီတွင်      စေတီတော်ရင်ပြင်ရှိ     နန်းဦးဘုရားတန်ဆောင်း၌   ကျင်းပရာ   ဂေါပက အဖွဲ့ဝင်များ၊    ဘာသာရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက     နတ်ဗြဟ္မာများ      ပင့်ဖိတ်ခြင်း၊      အဘိဓမ္မာတရား ဟောကြားတော်မူသော   မြတ်စွာ ဘုရားအား   ရှိခိုးပူဇော်သည့်   ဝန္ဒနာဂါထာကို   ရွတ်ဖတ်ပူဇော်ခြင်း၊  ဩကာသကန်တော့ချိုးဖြင့်    မြတ်စွာဘုရားအား ကန်တော့၍ သရဏဂုံသုံးပါးနှင့် ရှစ်ပါးသီလတော်မြတ်ကို ခံယူဆောက်တည်ခြင်း၊ အဘိဓမ္မာအကြောင်း     သိကောင်းစရာများကို မြွက်ကြားခြင်းနှင့် အဘိဓမ္မာ အမွှမ်းဂါထာ၊ အဘိဓမ္မာ ပါဠိတော်များနှင့် ရောင်ခြည်တော်ဘွဲ့ သံဆန်းကဗျာ များကို    ရွတ်ဖတ်ပူဇော်ကြပြီး   မေတ္တာပို့အမျှဝေ ဆုတောင်းကြသည်။


အရုဏ်တက်ချိန်တွင်လည်း ဂေါပကအဖွဲ့ဝင် များနှင့်       ဝန်ထမ်းများက        ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်း တို့ဖြင့် ကပ်လှူပူဇော်ခဲ့ကြသည်။


ရွတ်ဖတ်ပူဇော်


သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊    ရွှေဘုန်းပွင့် စေတီတော်၊   ရှေးဟောင်းသမိုင်းဝင်   အပရာဇိတ ဆံတော်ရှင်  ကျိုက်ဝိုင်းစေတီတော်၊   ငါးထပ်ကြီး ဘုရား၊  ခြောက်ထပ်ကြီးဘုရားနှင့်  ဝရဒါဌာဓာတု စေတိယစွယ်တော်မြတ်စေတီတော် (ရန်ကုန်)တို့တွင် လည်း   ဂေါပကအဖွဲ့များက   ကြီးမှူး၍   ယနေ့ အရုဏ်တက်ချိန်တွင် စေတီတော်နှင့် ဘုရားရုပ်ပွား တော်များအား ဆွမ်း၊ ဆွမ်းတော်ကြီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊  သစ်သီးဆွမ်းတို့ဖြင့်   ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက အဘိဓမ္မာ တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။


သီတင်းကျွတ်လပြည့်   အဘိဓမ္မာအခါတော်နေ့ တွင်  ရန်ကုန်မြို့ရှိ   ဘုရားစေတီများတွင်   ဘုရားဖူး လာပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော် ကြခြင်း၊ မြို့နယ်ရပ်ကွက်အသီးသီးရှိ   လမ်းများ၌   ကုသိုလ်ကောင်းမှုပြုကြခြင်း၊ သက်ကြီး၊ ဝါကြီး၊ မိဘ၊ အဘိုး၊ အဘွား၊ ဆရာသမားများအား ကန်တော့ခြင်း၊ ဥပုသ်သီလဆောက်တည်ကြခြင်း၊ ရုံးများ၊ လူနေ အိမ်များနှင့် လမ်းများ၌ ရောင်စုံလျှပ်စစ်မီးများ၊ ဆီမီး များ၊ ဖယောင်းတိုင်များ ထွန်းညှိပူဇော်ကြခြင်းများ ပြုလုပ်ကြသည်။  

   သတင်း-ကိုကိုဇော်၊ ကျော်စိုးဝင်း
ဓာတ်ပုံ-ဇော်မင်းလတ်(MNA)