သီတင်းကျွတ်လပြည့်နေ့ ကမ္ဘောဇသာဒီရွှေနန်းတော်၌ ဆီမီးမြင်းမိုရ်ပွဲ ကျင်းပမည်

 

ပဲခူး အောက်တိုဘာ ၇


မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၉ ရက်) တွင်  ပဲခူးတိုင်းဒေသကြီး   ပဲခူးမြို့ရှိ ဆင်ဖြူများရှင် ဘုရင့်နောင်မင်း တရားကြီး   တည်ထားကာ   ထီးနန်းစိုက်ခဲ့သည့် ကမ္ဘောဇသာဒီရွှေနန်းတော် ကြီး၌  ဆီမီးမြင်းမိုရ်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 


သီတင်းကျွတ်ပွဲတော်ကာလ အများပြည်သူအလုပ်ပိတ်ရက်နှင့် ရုံးပိတ်ရက်များတွင်  ကမ္ဘောဇသာဒီရွှေနန်းတော်သို့  လာရောက်လေ့လာအပန်းဖြေအနားယူကြမည့် ပြည်သူများအား M PLUS တေးဂီတ အဖွဲ့က  အောက်တိုဘာ ၈ ရက် မှ ၉ ရက်တို့တွင်(သီတင်းကျွတ်လဆန်း ၁၄ ရက်မှ  သီတင်းကျွတ်လပြည့်နေ့အထိ) နံနက်  ၁၁ နာရီမှ ညနေ ၃ နာရီခွဲအထိ တေးသီချင်းတို့ဖြင့် သီဆို​ဖျော်ဖြေမည်ဖြစ် ကြောင်းသိရပြီး AnimaDeenath (AMD) Mehandi Team မှ Henna Paninting  and Face Painting များ၊ ကိုရီးယားစတိုင် ခုရိုက်ခုထွက် Photobooth များ      ရိုက်ယူနိုင်ရန်စီစဉ်ပေးထားခြင်းအပြင်     နန်းတော်သို့ လာရောက်ကြသူများ၏ ဆုတောင်းစကားများ အမှတ်တရစကားများ ရေးနိုင်ရန်လည်း ဆောင်ရွက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

 


ထို့ပြင် ရွှေနန်းတော်အတွင်း စီမံထားရှိပြီးဖြစ်သည့် နန်းတော် အတွင်း  စက်ဘီးနင်းလှည့်လည်ကြည့်ရှုခြင်း၊   ရိုးရာဝတ်စုံများ ငှားရမ်း ဝတ်ဆင်၍   အေးချမ်းပျော်ရွှင်စွာ   အမှတ်တရဓာတ်ပုံရိုက်ယူနိုင်ခြင်း များကိုလည်း    လာရောက်လေ့လာအပန်းဖြေကြမည့် ပြည်သူများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။  
 

မောင်ယဉ်ဦး