
အဆိုပါ နေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင် များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ သက်ကြီးရွယ်အိုများနှင့် မိဘ ဘိုးဘွားများအား ကန်တော့ခြင်း၊ ကုသိုလ်ဒါနသီလ ပွားများခြင်း စသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ် ဆောင်ရွက်ကြလေ့ရှိသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီး၊ ဗုဒ္ဓဂယာ (နေပြည်တော်)၊ မဟာသကျရံသီရပ်တော်မူ ရုပ်ရှင်တော်မြတ်ကြီး၊ ရန်အောင်မြင်ရွှေလက်လှစေတီတော်၊ ဓါတုစယ ဓာတ်ပေါင်းစုစေတီတော်၊ ထာဝရငြိမ်းချမ်းရေးစေတီ၊ လှေခွင်းတောင်တန်ခိုးကြီးဘုရား၊ ကိုးနဝင်းစေတီ တော်၊ ဆုတောင်းပြည့် လော ကမာရဇိန်စေတီတော်၊ သံသရာငြိမ်းအေးစေတီတော်၊ ဘုရားကိုးဆူ၊ ကိုးခန်းကြီးဘုရား၊ လောကရန်နှိမ်စေတီ၊ ဖောင်တော်ချက်မစေတီ၊ လက်လုပ်တောင်စေတီ၊ မြို့ပေါ်ရပ်ကွက်များရှိ စေတီပုထိုးများနှင့် ကျောင်းကန်ဇရပ်များတွင် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ ပတ်ဝန်းကျင်ဒေသ များမှ ဘုရားဖူးလာရောက်ကြသူများသည် တရား ဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ တရားသဘင်များ ကျင်းပခြင်း၊ ဆရာတော် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း စသည့်ကုသိုလ်ပြုမှုများဖြင့် စည်ကားလျက်ရှိသည် ကို တွေ့ရသည်။
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ဘုရားဖူး လာရောက်သည့် မောင်ပြည့်ဖြိုးအောင်က “ ဒီနေ့က ရုံးပိတ်ရက်လည်းဖြစ်တော့ သူငယ်ချင်းတွေနဲ့အတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးကို လာရောက် ဖူးမြော်တာပါ။ ဘုရားရင်ပြင်တော်ကို သန့်ရှင်းရေး လုပ်တယ်၊ တံမြက်စည်းလှည်းတယ်။ ဒီနေ့မနက် ပိုင်းမှာ ရန်အောင်ချမ်းသာဘုရားကြီးကို ဆက်ပြီး တော့ သွားရောက်ဖူးမြော်မှာပါ။ ညနေပိုင်းမှာတော့ ကျွန်တော်တို့ သူငယ်ချင်းတွေစုပြီး ရပ်ကွက်ထဲမှာ ရှိတဲ့ ဘုရားကို ဆီမီး ၁၀၀၀ ပူဇော်မှာ ဖြစ်ပါတယ်။ အချိုရည်နဲ့ အအေး စတဲ့အလှူလည်း လုပ်ဖို့ရှိပါ တယ်။ ညပိုင်းမှာတော့ ရပ်ကွက်ထဲမှာရှိတဲ့ သက်ကြီး ရွယ်အို၊ မိဘဘိုးဘွားတွေနဲ့ ဆရာသမားတွေကို သွားပြီးကန်တော့မှာပါ။ မြန်မာနိုင်ငံအတွင်း နေထိုင် ကြတဲ့ ပြည်သူတွေနဲ့ ပြည်ပမှာ ရောက်ရှိနေကြတဲ့ ပြည်သူတွေအားလုံး ကိုဗစ်-၁၉ ရောဂါဆိုးကြီး ကို ကျော်လွှားပြီး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ပြောသည်။
ထို့ပြင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၌ ဆင်စာကျွေးကြသူများ၊ နိဗ္ဗန်ကုန်ဆိုင်များနှင့် အမှတ်တရပစ္စည်းအရောင်း ဆိုင်များတွင်လည်း ဈေးဝယ်ကြသူများဖြင့် စည်ကား လျက်ရှိသည်။
“သီတင်းကျွတ်လပြည့်နေ့က ဗုဒ္ဓဘာသာဝင် တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ဒီလို နေ့ရက်မှာ ဘုရားကိုလာပြီး ဘုရားရှင်ကို သက်ရှိထင်ရှား မဖူးမြော်လိုက်ရပေမယ့်လည်း သက်ရှိထင်ရှားရှိသလို စိတ်ကရည်မှန်းပြီး ဖူးမြော်လိုက်ရတဲ့အတွက် ထူးခြားတဲ့ခံစားမှုမျိုး ခံစားရပါတယ်။ လာရောက် ဖူးမြော်ကြတဲ့လူတိုင်းလည်း ဒီလိုခံစားရမယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ရှိကြတဲ့ ပြည်သူတွေအားလုံး ကပ်ကြီးသုံးပါးကို ကျော်လွှားပြီး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပါတယ်” ဟု ရန်အောင်ချမ်းသာဘုရားကြီးသို့ ဘုရားဖူးလာရောက် သည့် လယ်ဝေးမြို့နယ် ရေအိုးစဉ်ကျေးရွာမှ ဦးအောင်တိုးဝင်းက ပြောသည်။
အလားတူ နေပြည်တော်ရှိ Ocean Super Center ၊ Juction Center ၊ Naypyitaw Wholesale တို့တွင် ဈေးလာဝယ်ကြသူများနှင့် မင်္ဂလာကန်တော် တွင် အပန်းဖြေလာရောက်ကြသူများဖြင့် စည်ကား လျက်ရှိသည်။
ညပိုင်းတွင်လည်း အဆိုပါဘုရားများ၌ ဆီမီး ပူဇော်ပွဲများ၊ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုရား စေတီများနှင့် နေအိမ်များ၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးနှင့် မီးရောင်စုံ ထွန်းညှိပူဇော်ကြ သူများ၊ မိဘဘိုးဘွားများနှင့် ဆရာသမားများ ကို လိုက်လံကန်တော့ကြသူများဖြင့် စည်ကား လျက်ရှိသည်။
သီတင်းကျွတ်လပြည်နေ့တွင် ဘုရားဖူး လာရောက်ကြသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက နှာခေါင်းစည်းများ ဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျ လက်ဆေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လည်း ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ကုသိုလ်ပြုနိုင်ရန် လုံခြုံရေး ဆောင်ရွက်ပေးနေသည် ကိုလည်း တွေ့ရသည်။
သတင်း - ဟိန်းအောင်၊ ဓာတ်ပုံ - ကိုကိုအေး