သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ဘုရားဖူးလာရောက်သူ ၅၀၀၀ ကျော်ထိရှိနေ

 

ညောင်ဦး    အောက်တိုဘာ    ၂၀


မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ်  ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်သို့  အောက်တိုဘာ ၂၀ ရက်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် မြန်မာပြည်အရပ်ရပ်မှ   ဘုရားဖူးမိဘပြည်သူများ လာရောက်လည်ပတ်လျက်ရှိရာ သမိုင်းဝင်အထင်ကရဘုရားများနှင့် သမိုင်းဝင်အဆောက်အအုံ၊ သာသနိက   အဆောက်အအုံများတွင်  မြန်မာပြည်အရပ်ရပ်မှ  ဘုရားဖူးလာရောက်သည့် ပြည်သူ ၅၀၀၀ ကျော်ခန့် ရှိကြောင်း ရွှေစည်းခုံဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးသန်းမြင့်အောင်က ပြောသည်။

 


ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့      ဘုရား ဖူးမြော်ခွင့်ကို မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင် ကူးစက်ချိန်မှစတင်ပြီး ပုဂံဒေသရှိ ဘုရားများ ဖူးမြော်ခွင့်၊ လေ့လာခွင့်ပိတ်ထားခဲ့ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ  ၈   ရက်နေ့မှစတင်၍   ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ  ဂေါပကအဖွဲ့ထားရှိသည့် ဘုရား ၁၉ ဆူအပါအဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဘုရား၊ စေတီ၊ ပုထိုး၊   သာသနိကအဆောက်အအုံများ  ကိုဗစ်-၁၉   ရောဂါ      စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖူးမြော် ခွင့်ပြုခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

 


ယခုရက်ပိုင်း ဘုရားဖူးများ အတော်များလာ ကြောင်း၊   ဟဲဟိုး၊    တကောင်း၊ တောင်ကြီး၊ ဟိုပုံး၊ နတ်မောက်၊  မကွေး၊  ပဲခူး၊  ပခုက္ကူ၊  ကျောက်ပန်း တောင်း၊   ရန်ကုန်၊   မန္တလေး၊     နေပြည်တော် စသည့်မြို့များမှ လာရောက်ကြကြောင်း၊ တုရင် တောင် စွယ်တော်မြတ်စေတီ၊  ဓမ္မရံကြီး၊  စူဠာမဏိ၊ ရွှေဆံတော်၊ ထီးလိုမင်းလို၊ ရွှေစည်းခုံ (ယာပုံ)၊ မနုဟာ၊  အာနန္ဒာ၊ ဗူးဘုရား၊ အလိုတော်ပြည့်၊ ကျောက်ဂူဥမင်၊  ပြဿဒ်ကြီးဘုရား၊     သဗ္ဗညုဘုရားနှင့်   ကန်တော့  ပလ္လင်ဘုရားများသို့ လာရောက်ဖူးမြော်သူ ၂၅၀၀ မှ ၅၀၀၀ အထိ လာရောက်ဖူးမြော်ကြောင်း သိရသည်။ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးပြည်သူ များသည်    သမိုင်းဝင်အထင်ကရ  ဘုရားများအပြင် ရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ    သာသနိက   အဆောက်အအုံ၊ စေတီပုထိုး၊   ဘုရားများရှိ    နံရံဆေးရေးပန်းချီ များကိုလည်း  စိတ်ဝင်စားမှု   မြင့်တက်လာကြောင်း၊ ယခုရက်ပိုင်းကဲ့သို့ ဘုရားဖူးများလာရောက်ခဲ့ပါက  ဈေးဆိုင်များ၊ မြင်းလှည်း အငှားလိုက်သမားများ၊ အီးဗိုက်ငှားစားသူများ၊    တုတ်တုတ်   (ခေါ် )  သုံးဘီး အငှားသမားများ၊ ဗူးဘုရား မြစ်ဆိပ်စက်လှေ အငှား လိုက်သူများ    ပြန်လည်အဆင်ပြေလာနိုင်ကြောင်း၊ ပုဂံ-ညောင်ဦး      ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဘုရားဖူးလာရောက်သူ     များပြားလာသည်မှာ  နှစ်နှစ်အတွင်း         သီတင်းကျွတ်လပြည့်နေ့တွင်   ဘုရားဖူးလာရောက်သည့်   ဦးရေအများဆုံးဖြစ် ကြောင်းနှင့် ဂေါပကအဖွဲ့ရှိသည့် ဘုရား ၁၉ ဆူတွင် ကိုဗစ်-၁၉  ရောဂါ  စည်းကမ်းချက်များနှင့်အညီ ဖူးမြော်စေကြောင်းလည်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)