
သီတင်းကျွတ်ခါ သည်ချိန်မှာ
i သည်ချိန်သည်ခါ၊ စဉ်အလာ
တို့ရွာတို့ရပ်၊ မေတ္တာဓာတ်
လွှမ်းပတ်သိုင်းခြုံ၊ စဉ်မြဲလုံ
ခိုလှုံနွေးထွေး၊ ရပ်ဝန်းအေး
အေးတယ်လေလေ့ အေးတယ်လေ့။
i ရွာလယ်မှာဆုံ၊ ဓမ္မာရုံ
နတ်ဘုံအလား၊ ဝင့်ဝင့်ကြွား
ရွာသားရွာသူ၊ စိတ်ရင်းဖြူ
ညီတူရှေးရှု၊ ယဉ်ကျေးမှု
စတုဒိသာ၊ ပွဲခင်းသာ
သာတယ်လေလေ့ သာတယ်လေ့။
i မြကန်နံဘေး၊ ကြာစုံမွှေး
ငြိမ်းအေးပုံသွင်၊ စေတီရှင်
ရင်ပြင်ကျယ်မှီး၊ ရှုမငြီး
မြည်ဟည်းညိုးညံ၊ ခေါင်းလောင်းသံ
လွင့်ပျံသကို၊ နားဝင်ချို
ချိုတယ်လေလေ့ ချိုတယ်လေ့။
i ရွာဦးကျောင်းစွန်း၊ ရှေးမူသွန်း
လေးကျွန်းတမြင်းမိုရ်၊ သညာချို
ခေါ်ဆိုပြောမှတ်၊ အနုစပ်
နိပါတ်ပန်းချီ၊ ကနုတ်သီ
ရှေးမီအနု၊ လက်ရာစု
ကုသိုလ်စိတ်စဉ်၊ သဒ္ဓါထင်
ဝင်္ကပါစည်း၊ လှည့်မငြီး
ဆီမီးရာထောင်၊ ပန်းရာထောင်
ဖွဲ့နှောင်ထိန်လင်း၊ မွှေးထုံသင်း
သင်းတယ်လေလေ့ သင်းတယ်လေ့။
i ရှေးမူမပျက်၊ စဉ်အဆက်
ကမ်းလက်မျှဝေ၊ ရိုးရာမွေ
ရွာမြေတစ်ကြော၊ သာပါကော
မနောစိတ်ရင်း၊ ပန်းလိုသင်း
သီတင်းကျွတ်ခါ၊ သည်ချိန်မှာ
ဆရာမိဘ၊ ကန်တော့ကြ
ဒါနလည်းကူ၊ သီလယူ
ယူတယ်လေလေ့ ယူတယ်လေ့။ ။
ဖိုလေးလုံးသောင်းကိုကို