
စိုးမိုးဝင်း(စိုက်ပျိုးရေး)
တိုးတက်နေသောလူဦးရေနှင့် ဝင်ငွေတိုးပွားရေး ရည်မှန်းချက်တို့သည် ကမ္ဘာတစ်ဝန်းရှိ မြေယာနှင့် အခြားအရင်းအမြစ်များအပေါ်တွင် ဖိအားပေးလျက် ရှိပြီး စိုက်ပျိုးထုတ်လုပ်မှုသည် အစားအစာ ထောက်ပံ့ပေးနိုင်မှုနှင့်ဖူလုံမှုတို့ကို မြှင့်တင်နိုင်ရေး မှာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ စိုက်ပျိုးရေးကို လုပ်ကိုင်နေကြသော တောင်သူ လယ်သမားတစ်ဦးချင်းစီ၏ လယ်ယာတစ်ဧက အတွင်းမှ ထုတ်လုပ်မှုမြင့်မားရေးသည် အဓိက လိုအပ်ချက်တစ်ခု ဖြစ်လာသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁-၂၀၂၂ ခုနှစ်စာရင်းအရ လယ်ယာကဏ္ဍသည် အမျိုးသားပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုးတွင် ၂၅ ဒသမ ၈ ရာခိုင်နှုန်းပါဝင်သောကြောင့် အရေးပါသော အခန်း ကဏ္ဍတစ်ခုဖြစ်သည်။ စိုက်ပျိုးရေးဦးစီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၏ လယ်ယာကဏ္ဍမူဝါဒများ၊ မျှော်မှန်းချက်များ ပြည့်မီရန်ရည်ရွယ်၍ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဌာန၏ မျှော်မှန်းချက်အနေဖြင့် “ဘေးအန္တရာယ် ကင်းရှင်းပြီး အာဟာရပြည့်ဝ၍ အရည်အသွေး ကောင်းမွန်သော ပြည်တွင်းပြည်ပစျေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိမည့်သီးနှံများ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ခြင်းအားဖြင့် စားနပ်ရိက္ခာဖူလုံ၍ တောင်သူများဝင်ငွေတိုးတက်ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန်” ဖြစ်သည်။
စားရေရိက္ခာဖူလုံရေး ဆောင်ရွက်မှုများ
စိုက်ပျိုးရေးလေ့လာမှုများနှင့် အသိပညာရှင် များက မြေယာအရည်အသွေးသည် စိုက်ပျိုးရေး ထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း လက်ခံကြသော်လည်း မြေယာအရည်အသွေး၏ သက်ရောက်မှုကို သွင်းအားစုများထည့်လျှင် အထွက် တိုးသည်ဟူသော အချက်ကဲ့သို့ ရှင်းလင်းဖော်ပြ နိုင်ရန် ခဲယဉ်းသည်။ အချို့နိုင်ငံများတွင် မြေယာ အရည်အသွေးညံ့ဖျင်းခြင်း၏ သက်ရောက်မှုသည် ထုတ်လုပ်မှုသိသိသာသာလျော့နည်းပြီး အစား အစာဖူလုံမှုကိုပင် ခြိမ်းခြောက်နေသည်။ ထို့ကြောင့် မြေယာအရည်အသွေး၊ မြေယာညံ့ခြင်း၊ စိုက်ပျိုး ထုတ်လုပ်မှုနှင့် အစားအစာဖူလုံမှုတို့အကြား ဆက်နွှယ်မှုများကို တောင်သူလယ်သမားများ အပါအဝင် စိုက်ပျိုးရေးတွင် ပါဝင်ပတ်သက်နေသူ အားလုံး သိရှိနားလည်ထားသင့်သည်။
မြေယာပြုပြင်ခြင်း
တောင်သူလယ်သမားများသည် အထွက်တိုး ရေးကို အဓိကထား၍ ဓာတုပစ္စည်းများကို နှစ်ကာလ ကြာရှည်စွာ အတိုင်းအဆမရှိ အသုံးပြုခဲ့ကြပြီး သဘာဝမြေသြဇာများ အသုံးပြု မှုနည်းသောကြောင့် မြေယာများအတွင်း သဘာဝရှိရင်းစွဲ မြေဆီသြဇာ ဓာတ်များ ယုတ်လျော့လာပြီး ကုန်ခန်းလုနီးပါး ဖြစ်ပေါ်နေသည်။ ၎င်းအခြေအနေများကို အချိန်မီ ကုစားနိုင်ရန် ဝန်ကြီးဌာနမှ အလေးထားဆောင်ရွက် လျက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာနသည် တောင်သူ လယ်သမားများ၏ လယ်ယာမြေများတွင် ပန်းတိုင် အထွက်နှုန်းရရှိရေးနှင့်အတူ သဘာဝမြေဆီသြဇာ ဓာတ်များ ပြန်လည်ပြည့်ဝလာစေရန် နည်းလမ်း မျိုးစုံဖြင့် ကူညီပေးသည်။
မြေယာအရည်အသွေး ကောင်းမွန်စေရေး အတွက် ပိုက်ဆံလျှော်ကဲ့သို့ မြေဆီထိန်းပင်များ စိုက်ပျိုးခြင်း၊ သစ်စိမ်းမြေသြဇာများ စိုက်ပျိုး၍ ထည့်သွင်းအသုံးပြုခြင်း၊ မြေဆွေးများ ပြုလုပ်သုံးစွဲ ခြင်း၊ ဓာတ်မြေသြဇာနှင့် ဇီဝမြေသြဇာတို့ကို သဘာဝ မြေသြဇာများနှင့်တွဲဖက်၍ အသုံးပြုခြင်း၊ မြေဆီ လွှာမပျက်စီးနိုင်သော စိုက်ပျိုးနည်းစနစ်အရ သီးထပ်၊ သီးလှည့်၊ သီးရောသီးနှံပုံစံများကို စိုက်ပျိုး ခြင်း စသည်တို့ကို တောင်သူများအား အသိပညာ ပေး၍ လက်တွေ့ဆောင်ရွက်နိုင်စေရန် လေ့ကျင့် သင်တန်းပေးသည်။ ရာသီသီးနှံအပြင် နှစ်ရှည်သီးနှံ များ စိုက်ပျိုးနိုင်ရေးအတွက် တောတောင်များကို ခုတ်ထွင်မီးရှို့၍စိုက်ပျိုးသော ရွှေ့ပြောင်းတောင်ယာ များကို အမြဲတမ်းတောင်ယာများအဖြစ် စိုက်ပျိုး နိုင်စေရန် တောင်စောင်းစိုက်ပျိုးနည်းနှင့် သီးနှံ-သစ်တော ရောနှောစိုက်ပျိုးနည်းတို့ကိုလည်း ပညာ ပေး ဆောင်ရွက်လျက်ရှိသည်။
မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးခြင်း
မျိုးကောင်းမျိုးသန့် အသုံးပြုနိုင်ရေးအတွက် အထွက်နှုန်းနည်းသော ဒေသမျိုးများအစား အထွက် ကောင်း၍ အရည်အသွေးပြည့်ဝသော မျိုးများကို ပြောင်းလဲစိုက်ပျိုးနိုင်အောင် တောင်သူလယ်သမား များအား ကူညီဆောင်ရွက်ပေးသည်။ မျိုးစေ့ဌာနခွဲ တွင် မျိုးသန့်ခြံပေါင်း ၄၀ ရှိပြီး မျိုးစေ့ပွားများ ထုတ်လုပ်ခြင်း၊ မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည်။ စပါးသီးနှံတွင် အထွက်နှုန်း တင်း ၁၀၀ ကျော်ထွက်သော အထွက် ကောင်းမျိုးများဖြစ်သည့် ဆင်းသုခ၊ မနောသုခ၊ ရတနာတိုး၊ အရည်အသွေးကောင်းမျိုးများ ဖြစ်သည့် ပေါ်ဆန်းရင်၊ ဧရာမင်း၊ ရွှေရင်အေး၊ ဆင်းသွယ်လတ်၊ သက်တမ်းတိုမျိုးများဖြစ်သည့် ရက် ၉၀ နှင့် သီးထပ် ရင်မျိုးများကို ထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့ပြီး ယခုကာလ သုံးနှစ် အတွင်းမှာ စပါးစိုက်ဧက ငါးသန်းကျော်တွင် မျိုးပြောင်းလဲစိုက်ပျိုးနိုင်ခဲ့သည်။
ဆီထွက်သီးနှံဖြစ်သည့် နေကြာတွင် သမားရိုးကျ စိုက်ပျိုးခဲ့သည့် မျိုးများအစား ရေဆင်း(၁)စပ်မျိုး နေကြာနှင့် ဆင်းရွှေကြာ(၂) နေကြာမျိုးများကို ထုတ်လုပ်ပြီး ဧက ရှစ်သိန်းကျော်ကို မျိုးပြောင်းလဲ စိုက်ပျိုးနိုင်ခဲ့သည်။ ဝါစိုက်ပျိုးထုတ်လုပ်မှုတွင် စိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်သည့်အပြင် ချည်မျှင် ရှည်ဝါမျိုးများဖြစ်သော ရွှေတောင်(၁၀)၊ ငွေချည် (၆)၊ ရွှေတောင်(၈) စသည့်မျိုးများကို ပြောင်းလဲ စိုက်ပျိုးနိုင်ပြီး အထွက်နှုန်းမှာ တစ်ဧက ၄၁၉ ပိဿာ မှ ၄၃၉ ပိဿာအထိ တိုးတက်ခဲ့သည်။ ထို့ပြင် အထွက်ကောင်း ရော်ဘာမျိုးများ ပြောင်းလဲစိုက်ပျိုး ခြင်းနှင့် အထွက်ကောင်းဆီအုန်းမျိုးများ ပြောင်းလဲ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။
ပန်းတိုင်အထွက်နှုန်းနှင့် သီးနှံစိုက်စွမ်းအား
သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် စိုက်ဧရိယာတိုးချဲ့ခြင်းနှင့် အထွက်နှုန်းတိုးတက်စေခြင်းတို့ကိုဆောင်ရွက်ရာတွင် စိုက်ဧရိယာတိုးချဲ့ ခြင်းသည် အကန့်အသတ်များရှိသည့်အပြင် ရေရှည် ကာလတွင် မြို့ပြများဖွံ့ဖြိုးလာလျှင် စိုက်ပျိုးမြေယာ များ လျော့နည်းလာပေမည်။ ထို့ကြောင့် သီးနှံ တစ်မျိုး၏ ထုတ်လုပ်မှုစွမ်းအားအမြင့်ဆုံးဖြစ်နိုင် ခြေဟု သတ်မှတ်ထားသော ပန်းတိုင်အထွက်နှုန်း ရရှိရေးသည် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး အတွက် အလွန်အရေးကြီးသည်။
တောင်သူလယ်သမားများ ပန်းတိုင်အထွက်နှုန်း ရရှိအောင် ဆောင်ရွက်နိုင်စေရန် မတူညီသော ရေ၊ မြေ၊ ဒေသ၊ ရာသီဥတုအခြေအနေများအလိုက် စိုက်ပျိုးသင့်သောမျိုးများကို ရွေးချယ်စိုက်ပျိုးခြင်း၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များကို လိုက်နာ ကျင့်သုံးစေခြင်း၊ သွင်းအားစုများသုံးစွဲရာတွင် အချိန် နှင့်တစ်ပြေးညီ အချိန်ကိုက်အချိုးကျ သုံးစွဲစေခြင်း၊ သစ်စိမ်းမြေသြဇာထည့်သွင်းအသုံးပြုခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ပန်းတိုင် အထွက်နှုန်းတိုးတက်ရေးနှင့်အတူ သီးနှံစိုက် စွမ်းအားကို မြှင့်တင်နိုင်ရေးအတွက် မိုးစပါး တစ်သီး သာ စိုက်ပျိုးကြသော မြေယာများအပေါ်တွင် ဒေသ၊ ရေ၊ မြေအခြေအနေပေါ်မူတည်ပြီး သီးထပ်သီးနှံ အပြည့်အဝစိုက်ပျိုးနိုင်ရေးနှင့် သီးညှပ်စိုက်ပျိုးနိုင် ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။ သီးနှံစိုက် စွမ်းအားအနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၁၄၈ ဒသမ ၀၉ ရာခိုင်နှုန်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၁၄၉ ဒသမ ၃၃ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၁၅၁ ဒသမ ၈၄ ရာခိုင်နှုန်းဖြစ်မည်ဟု ခန့်မှန်းထား ပါသည်။
အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှုများ
ပြည်သူလူထုအတွက် စိုက်ပျိုးထုတ်လုပ်မှုကိုတိုးမြှင့်၍ စားနပ်ရိက္ခာဖူလုံရေး အရေးကြီးသကဲ့သို့ ဘေးအန္တရာယ်ကင်းရှင်းသော အစားအစာများကို စားသောက်နိုင်စေရန် မြေပြုပြင်စိုက်ပျိုးထုတ်လုပ် သည်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန် စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများ (Good Agricultural Practices-GAP)ကို တောင်သူလယ်သမားများ လိုက်နာကျင့်သုံး နိုင်ရန်လည်း အလွန်အရေးကြီးသည်။
စိုက်ပျိုးရေးထွက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ် ၍ စျေးကွက်သို့ ပိုမိုတင်ပို့ရောင်းချနိုင်ရေးအတွက် မြန်မာ GAP အသိအမှတ်ပြုလက်မှတ်(Myanmar GAP Certificate)များ ထုတ်ပေးနိုင်ရေး တိုင်းဒေသ ကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များတွင် GAP စစ်ဆေးရေးအဖွဲ့ (GAP Inspector Team) များ ဖွဲ့စည်း၍ ကွင်းဆင်းစစ်ဆေးပေးသည်။
၂၀၁၆-၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၃-၂၀၂၄ ခုနှစ်အထိ သီးနှံ ၆၆ မျိုးကို မြန်မာ GAP အသိအမှတ်ပြုလက်မှတ် ပေါင်း ၄၂၅၇ စောင် ထုတ်ပေးနိုင်ခဲ့ပါသည်။ ထို့ပြင် အစားအစာများတွင် ဓာတ်ကြွင်းမကျန်စေရေး အတွက် ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲတတ် ရန် ပညာပေးခြင်း၊ ပိုးသတ်ဆေးကုန်ပစ္စည်းများကို အရည်အသွေးမှန်ကန်မှုရှိစေရေး စစ်ဆေးပေးခြင်း၊ ဓာတ်ကြွင်းအာနိသင်များကို တိုင်းတာစစ်ဆေးပေး ခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များကို စစ်ဆေးပေး ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
သီးနှံကာကွယ်ရေးဌာနခွဲရှိ စိုက်ပျိုးရေး ထွက်ကုန်များ စစ်ဆေးရေးဓာတ်ခွဲခန်း (Agricul-tural Products Analytical Laboratory) သည် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် ISO 17025 လက်မှတ်ကို လေးနှစ်ကြာသက်တမ်းဖြင့် အောင်မြင် စွာရရှိခဲ့သည်။ ISO လက်မှတ်ရဓာတ်ခွဲခန်း အနေ ဖြင့် အဆင့်မြင့်ဓာတ်ခွဲစမ်းသပ်ပစ္စည်းများဖြင့် စမ်းသပ်ခြင်းနှင့် ဓာတ်ခွဲခြင်း၊ ဆန်စပါးသီးနှံ ထွက်ကုန်များတွင် သတ္တုဒြပ်လေးမျိုး၊ ပဲမျိုးစုံ ထွက်ကုန်များတွင် ပိုးသတ်ဆေး ၁၃ မျိုး၊ ပြောင်း သီးနှံထွက်ကုန်များတွင် မှိုဆိပ်လေးမျိုးတို့ကို စစ်ဆေးနိုင်သည်။
စိုက်ပျိုးရေးကုန်စည်များ သွင်းကုန်၊ ပို့ကုန်လုပ်ငန်း တွင် ဓာတ်ခွဲစစ်ဆေးပေးခြင်းဖြင့် ကုန်သွယ်မှုများ အဆင်ပြေချောမွေ့လာစေပြီး နိုင်ငံတော်၏ GDP အား များစွာအထောက်အကူပြုသည့်အပြင် ပြည်တွင်း စားသုံးသူများအတွက် အစားအစာဘေးအန္တရာယ် ကင်းရှင်းမှုကို ဓာတ်ခွဲစစ်ဆေးပေးခြင်းဖြင့် ပြည်သူ များ၏ ကျန်းမာရေးကို အထောက်အကူပြုစေနိုင်ပါ သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မှုများ
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်း၊ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစီမံကိန်းနှင့် ၂၀၂၃-၂၀၂၄ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာစီမံကိန်းတို့ကို ဆောင်ရွက်လျက် ရှိသည်။ ပဲတီစိမ်းနှင့်နွေစပါးစီမံကိန်းတွင် ပဲတီစိမ်း သီးနှံအတွက် တိုင်းဒေသကြီးသုံးခုနှင့် နွေစပါးသီးနှံ အတွက် တိုင်းဒေသကြီးခုနစ်ခုတို့တွင် တောင်သူ လယ်သမားများအား သွင်းအားစုသုံးစွဲနိုင်ရေး ပံ့ပိုး ဆောင်ရွက်နိုင်ခဲ့ပြီး စီမံကိန်းရန်ပုံငွေအားလုံးကို ပြန်လည်ကောက်ခံရရှိပြီးဖြစ်သည်။
ပြန်လည်ကောက်ခံရရှိငွေများဖြင့် ၂၀၂၃-၂၀၂၄ မိုးစပါးစီမံကိန်းကို တိုင်းဒေသကြီး/ပြည်နယ် ၁၀ ခုတွင် ဆောင်ရွက်ခဲ့ရာ စီမံကိန်းရန်ပုံငွေများကို သတ်မှတ်ကာလတွင် အပြည့်အဝပြန်လည်ရရှိရေး ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ဤစီမံကိန်း နှစ်ခုမှ လှည့်ပတ်ရန်ပုံငွေသုံးစွဲနိုင်မှုသည် မတည် ရန်ပုံငွေထက် ကျပ် ၇၈ ဒသမ ၃၉၈ ဘီလီယံ သုံးစွဲ နိုင်သောကြောင့် မတည်ငွေအပေါ်လှည့်ပတ်သုံးစွဲနိုင်သည့် ရာခိုင်နှုန်းမှာ ၁၃၄ ဒသမ ၀၈ ရာခိုင်နှုန်း ဖြစ်ခဲ့သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် သော စီမံကိန်းဝင်တောင်သူများအနေ ဖြင့် ပဲတီစိမ်း၊ နွေစပါး၊ မိုးစပါးအပြင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများတွင် တစ်ဧကအထွက် နှုန်းတိုးတက်ပြီး ဝင်ငွေအကျိုးအမြတ်များလည်း တိုးပွားခဲ့ကြသည်။ ထို့ပြင် စီမံကိန်းတွင် ပါဝင် ကြခြင်းဖြင့် သွင်းအားစုများ စနစ်တကျ ထည့်သွင်း နိုင်ပြီး လုံ့လဝီရိယအကျိုးကြောင့် သီးနှံများ ပိုမို ထွက်ရှိကာ ဝင်ငွေတိုးတက်လာ၍ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သို့ ပေးရန်ရှိသည့် အကြွေးများလည်း ကျေသွားခဲ့ရသည်။
စိုက်ပျိုးထုတ်လုပ်မှု စဉ်ဆက်မပြတ် တိုးတက် ရေးအတွက် အရင်းအမြစ်များကို ထိန်းသိမ်းရန် လိုအပ်လာပြီး တိုးတက်ထုတ်လုပ်နိုင်သော စိုက်ပျိုး ရေးနည်းလမ်းများ၊ မြေယာနှင့် ရေစီမံခန့်ခွဲမှုများ၊ ပိုမိုကောင်းမွန်သော နည်းပညာသစ်များနှင့် အဆင့် မြင့်နည်းပညာများကို ဆန်းသစ်တီထွင်ဖော်ထုတ် ပြီး ထိရောက်စွာ အသုံးချနိုင်ရေးနည်းလမ်းများကို ကျင့်သုံးရပေမည်။ ထို့ပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မတည်ထောက်ပံ့ငွေများသည် တောင်သူ လယ်သမားများအား ငွေထုတ်ချေးခြင်းမဟုတ်သည့် အတွက် အကြွေးသံသရာထဲသို့ မစီးဝင်ဘဲ စိုက်ပျိုး ရေးလုပ်ငန်းအတွင်းသို့သာ ရောက်ရှိသွားသော ကြောင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် များစွာ အထောက်အပံ့ပေးနိုင်ခဲ့သည်။
နိုင်ငံတော်၏ ကူညီပံ့ပိုးပေးမှု၊ စိုက်ပျိုးရေးပညာ ရှင်များ၏ စိုက်ပျိုးနည်းပညာ၊ အသိပညာများ ဖြန့်ဝေ ပေးခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်းများနှင့်အတူ တောင်သူလယ်သမားများ၏ ကြိုးစားအားထုတ်မှု ဖြင့် သီးနှံအထွက်တိုးပြီး ဝင်ငွေတိုးပွား၍ ဓနအင်အား ဖြိုးကြွယ်ဝကာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက် လာပြီး နိုင်ငံ့စီးပွားမြင့်မားလာမည်မှာ ဧကန်မလွဲနိုင် ကြောင်း ယုံကြည်မိပါသည်။ ။
- Log in to post comments