သေနတ်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး သေနတ်ပစ်အသင်းအား အောင်နိုင်ရေးအလံပေးအပ်

 

ပုသိမ်   ဇွန်   ၁၅ 


ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု သေနတ်ပစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ(၂)၌   ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသ ကြီး သေနတ်ပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး သေနတ်ပစ်အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီ အစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သေနတ်ပစ် အားကစားနည်းသည် နိုင်ငံတစ်နိုင်ငံတွင် အားထားရသည့်  အားကစားနည်းတစ်ခုဖြစ်ကြောင်း၊  သေနတ်ပစ် ပြိုင်ပွဲသို့   ဝင်ရောက်ယှဉ်ပြိုင်မည့်  အားကစားသမားများအနေဖြင့် လေ့ကျင့်သားပြည့်ဝစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ နည်းပြများ အနေဖြင့် မိမိအသင်း၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ် ကာ ပြိုင်ပွဲတွင် အနိုင်ရရှိရေး စွမ်းဆောင်ရန်လိုကြောင်းနှင့် တိုင်းဒေသ ကြီး ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ဖြစ်စေရန် ပြောကြား ပြီး တိုင်းဒေသကြီးကိုယ်စားပြု သေနတ်ပစ်အသင်းမှ တာဝန်ရှိသူများ ထံသို့   အောင်နိုင်ရေးအလံနှင့်  ဂုဏ်ပြုဆုငွေများ   ချီးမြှင့်ထောက်ပံ့ ပေးအပ်သည်။

 


ဆက်လက်၍   ဝန်ကြီးချုပ်သည်   တိုင်းဒေသကြီးပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်၊ မြို့နယ် ပညာ ရေးမှူးများက ကျောင်းအပ်နှံတက်ရောက်မှုများနှင့် ကျောင်းဖွင့်လှစ် သင်ကြားမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)