
နေပြည်တော် ဒီဇင်ဘာ ၂၉
“သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ခရီးသွားလုပ်ငန်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်က ကမ္ဘာပေါ်တွင် နှစ်စဉ်နှစ်တိုင်း သဘာဝ ဘေးအန္တရာယ်များ ကျရောက်မှုကြောင့် ခရီးသွား လုပ်ငန်းများလည်း ထိခိုက်ခဲ့ရကြောင်း၊ အလားတူ လူသားများ၏ ပေါ့လျော့စွာ လုပ်ကိုင်ဆောင်ရွက်မှု များကြောင့်လည်း သဘာဝဘေးအန္တရာယ်ဆိုးကျိုး များ ဖြစ်ပေါ်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများတွင် ခရီးသွားလုပ်ငန်းအရင်းအမြစ်များ ဖြစ်သည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပျက်စီးဆုံးရှုံးမှုကို ပြန်လည်ပြင်ဆင်ရာတွင် မူလပကတိပုံစံ အခြေအနေ မျိုး ပြန်လည်ရရှိရန် မဖြစ်နိုင်သည့်အတွက် ပျက်စီး ဆုံးရှုံးမှု တန်ဖိုးကြီးမားကြောင်း။
နည်းလမ်းများပေါ်ထွက်လာနိုင်
ပညာရှင်များအနေဖြင့် ရာသီဥတုပြောင်းလဲမှု ကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ် များကို လျှော့ချကာကွယ်နိုင်ရန် Sustainable De-velopment Goals ၁၇ ချက်ကို အသိပေးထုတ်ပြန် ထားကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု များကြောင့် ဖြစ်ပေါ်လာသည့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကို ကာကွယ်နိုင်ရန် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် Green City၊ Green Hotel များ သတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကျင်းပသည့် အလုပ် ရုံ ဆွေးနွေးပွဲတွင် ခရီးသွားလုပ်ငန်းကဏ္ဍအပါအဝင် ကဏ္ဍအသီးသီး၌ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု ကြောင့်ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများကို ကာကွယ် နိုင်မည့်နည်းလမ်းများနှင့် ကြိုတင်ပြင်ဆင်ထားရှိမှု များကို သိရှိနားလည်ပြီး အကျိုးရှိမည့် ရလဒ်ကောင်း များနှင့် နည်းလမ်းများပေါ်ထွက်လာနိုင်ရေး ဆွေးနွေး အဖြေရှာကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက သဘာဝဘေးအန္တရာယ်ကြောင့် ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်သည့်လုပ်ငန်းများ ထိခိုက်နစ်နာ မှုများ၊ ဒေသခံပြည်သူများ၏ စီးပွားရေးထိခိုက်မှု များ၊ ခရီးသွားလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးစီမံချက်များ ရေးဆွဲဆောင်ရွက်မှုနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးချက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်ရေးအခြေ အနေများကို ဆွေးနွေးသည်။
ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုအခြေအနေ၊ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပြဋ္ဌာန်းထားရှိမှု၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိမှုနှင့် သဘာဝ ဘေး အန္တရာယ်ကာကွယ်တားဆီးရေး အသိပညာ ပေး သင်တန်းများ ဖွင့်လှစ်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးက သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်မှု၊ ဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံချက်ရေးဆွဲထားရှိမှုအခြေအနေများနှင့် ခရီးသွားကဏ္ဍအတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြ သည်။ ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းနိုင်ငံ အချို့တွင် သဘာဝဘေးအန္တရာယ်ကြောင့် ခရီးသွား လုပ်ငန်းအပေါ် သက်ရောက်မှုများနှင့် ခရီးသွား လုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှု အခြေအနေများကို ဆွေးနွေးတင်ပြသည်။
စားပွဲဝိုင်းဆွေးနွေး
ယင်းနောက် ဆွေးနွေးမှုများအပေါ် အဖွဲ့ (၄) ဖွဲ့ ခွဲ၍ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်၊ မိုးကြိုကာလမုန်တိုင်းသက်ရောက်မှု၊ မီးဘေး အန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ် ခေါင်းစဉ်များဖြင့် စားပွဲဝိုင်းဆွေးနွေးကြပြီး အဖွဲ့ (၄) ဖွဲ့မှ ကိုယ်စား လှယ်များက သက်ဆိုင်ရာခေါင်းစဉ် အလိုက် panel discussion ပြုလုပ်ကြသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ၏ သဘာပတိက အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်များ အပေါ် အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ ဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးကြသူများနှင့် အဖွဲ့လိုက် ကိုယ်စားပြုသူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာန တာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများ တက် ရောက်ကြပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ခရီးသွားလုပ်ငန်းအသင်းအဖွဲ့များ၊ အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်နှင့် မန္တလာ တက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲတာဝန်ခံ များနှင့် တာဝန်ရှိသူများက Online မှ ပါဝင် တက်ရောက်ကြသည်။
သတင်းစဉ်