
(၂၈-၁၂-၂၀၂၁)ရက်နေ့
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါလုပ်ငန်းစဉ်အရ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသော ဓာတ်ခွဲနမူနာများအား ဆေးသုတေသနဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ တပ်မတော်ဆေးသုတေသနဌာနတို့မှ ဓာတ်ခွဲခန်းများအပြင် ဒေသတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရည်ညွှန်းဓာတ်ခွဲခန်းများသို့ ပို့ဆောင်၍ Omicron Real Time PCR Testing နည်း ဖြင့် လည်းကောင်း၊ Genomic Sequencing Testing ဖြင့်လည်းကောင်း စစ်ဆေးစေခဲ့ပါသည်။
၃။ ထိုသို့စစ်ဆေးရာတွင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ သူများအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသော ဓာတ်ခွဲနမူနာ(၃၀)ခုအား (၁၄-၁၂-၂၀၂၁)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ စတင်စစ်ဆေးခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ (၂၈-၁၂-၂၀၂၁)ရက်နေ့တွင်ရရှိသော စစ်ဆေးမှုအဖြေအရ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ Relief Flight ဖြင့် ပြန်လည်ဝင်ရောက်လာသူ မြန်မာ နိုင်ငံသား (၄)ဦး၏ ဓာတ်ခွဲနမူနာများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိရပြီး ကျန်ဓာတ်ခွဲနမူနာ(၂၆)ခုတွင် SARS-CoV-2 Variant Delta ရောဂါပိုး တွေ့ရှိရပါသည်။
၄။ အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူ (၄)ဦးအနက် (၁)ဦးသာလျှင် သာမန်ရောဂါလက္ခဏာတွေ့ရှိရပြီး ကျန်(၃)ဦးသည် ရောဂါလက္ခဏာ မတွေ့ရှိရပါ။ ယင်းပုဂ္ဂိုလ်(၄)ဦးစလုံးအား ကုသရေးစင်တာများတွင် စောင့်ကြပ်ကြည့်ရှု၍ သတ်မှတ်ရက်ပြည့်မြောက်ပြီး ကျန်းမာရေး ကောင်းမွန်သောကြောင့် ကုသရေးစင်တာမှ ဆင်းခွင့်ပြုခဲ့ပါသည်။ လက်ရှိအချိန်တွင်လည်း အဆိုပါပုဂ္ဂိုလ်(၄)ဦးသည် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိပါသည်။
၅။ သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန